စစ်ကောင်စီသည် အရန်တပ်ဖွဲ့ဥပဒေကို ကျင့်သုံးလိုက်ပြီး အငြိမ်းစားစစ်သားများကို ရှေ့တန်းပြန်ပို့ရန် ခွင့်ပြုသည်။
စစ်သားဟောင်းများက သူ့ကိုတောင်းဆိုသောကြောင့် ထိုသို့လုပ်ရခြင်း ဖြစ်သည်ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပြောသည်။ ထိုသူများသည် နိုင်ငံကို ကာကွယ်ရန် စစ်တပ်သို့ ပြန်လာလိုခြင်းဖြစ်ကြောင်း နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် အစည်းအဝေးတွင် ၎င်းကပြောသည်။
ထိုညတွင် မြန်မာစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ထိုဥပဒေကို ကျင့်သုံးရန် လက်မှတ်ထိုးသည်။ ထိုဥပဒေကို အာဏာရှင် ဦးသန်းရွှေက ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းသော်လည်း ကျင့်သုံးခြင်း မရှိပေ။
စစ်မှုထမ်းဟောင်းအဖွဲ့တွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအထိ တနိုင်ငံလုံး၌ အဖွဲ့ဝင် ၉၁,၆၇၇ ဦးရှိပြီး အရန်အဖွဲ့ဝင် ၁၆၁,၃၇၂ ဦးရှိကာ တနိုင်ငံလုံး မြို့နယ် ၃၃၀ အနက် ၃၀၈ မြို့နယ်တွင် စစ်မှုထမ်းဟောင်းအဖွဲ့များ ရှိသည်ဟု ၎င်းတို့၏ ဝက်ဘ်ဆိုက်အရ သိရသည်။
စစ်မှုထမ်းဟောင်း အားလုံးကို ပြန်ခေါ်မည် မဟုတ်ကြောင်း မင်းအောင်လှိုင်က ပြောပြီး သင့်တော်သူများကိုသာ ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ရှင်းပြသည်။
လွန်ခဲ့သော ငါးနှစ်တွင် စစ်တပ်မှ နုတ်ထွက်ခွင့်၊ အငြိမ်းစားယူခွင့် ပြုထားသူများသည် အရန်တပ်တွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ သို့သော် ၎င်းတို့ အားလုံးကို ပြန်လည်ခေါ်ယူမည် မဟုတ်ကြောင်း၊ နိုင်ငံအတွက် အမှန်တကယ် လိုအပ်သူများကိုသာ တာဝန်ထမ်းဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ထိုဥပဒေအရ စစ်သားဟောင်းအားလုံးသည် ၎င်းတို့ကို နုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့်ပြုသည့်နေ့မှစ၍ ငါးနှစ် အရန်တပ်တွင် တာဝန်ထမ်းဆောင်ရမည်ဟု သိရသည်။ သို့သော် စစ်တပ်အကြီးအကဲက နိုင်ငံအကျိုးအတွက် ၎င်းတို့ တာဝန်ထမ်းဆောင်ချိန်ကို ငါးနှစ်ထက် ကျော်လွန်တိုးနိုင်သည်။
သို့သော် ၎င်းတို့ တာဝန်ထမ်းဆောင်သည့်ကာလ မည်မျှတိုးနိုင်သည်ကို ထိုဥပဒေတွင် ဖော်ပြမထားပေ။
အရန်တပ်တွင် တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက ထောင် သုံးနှစ်နှင့် ငွေဒဏ် နှစ်ခုစလုံး ချမှတ်ခံရနိုင်သည်။
ထိုသို့ ပြန်လည် ခေါ်ယူခံရသူများသည် ၎င်းတို့၏ အငြိမ်းစား လစာငွေသာမက စစ်ခေါင်းဆောင်ပေးသော အခြား ခံစားခွင့်များ ရပိုင်ခွင့်ရှိသည်ဟု ဆိုသည်။ ၎င်းတို့ အငြိမ်းစားယူ သို့မဟုတ် နုတ်ထွက်စဉ်က ရာထူးကို ပြန်လည် ပေးမည်ဟု ထိုဥပဒေတွင် ဖော်ပြထားသည်။
စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနသည် ထိုဥပဒေကို အကောင်အထည်ဖော်ရန် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ကြေညာချက်များနှင့် အမိန့်များကို ထုတ်ပြန်သွားမည်ဟု သိရသည်။
စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ ဥပဒေကိုလည်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်တပ်တွင် နှစ်နှစ်မှ ငါးနှစ်အထိ တာဝန်ထမ်းဆောင်စေရန် သတ်မှတ်သည်။
စစ်တပ်သည် အာဏာသိမ်းပြီးနောက် သုံးနှစ်အတွင်း ခေတ်အဆက်ဆက် အမြင့်မားဆုံးသော ထိခိုက်သေဆုံးမှုများနှင့် တပ်ပြေးမှုများကို ခံစားနေရပြီး ပြင်းထန်လာသည့် တော်လှန်ရေးကို ရင်ဆိုင်နေရသည်။ စစ်တပ်ကို လူထုထောက်ခံမှု ထိုးကျပြီး ဆန္ဒအရ ဝင်ရောက်လာသည့် လူသစ် ရှာရန် လွန်စွာခက်ခဲနေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Depleted Military is Sending Retired Soldiers Back to The Frontline ကို ဘာသာပြန်သည်။)
You may also like these stories:
ကိုယ့်သင်္ချိုင်းကိုယ်တူးတဲ့ ဗိုလ်ချုပ်များ
စစ်ပြေးများသာမက ထောင်ကျစစ်သားများကိုပါ တပ်က ခေါ်ထုတ်မှုများရှိလာ
“ဦးပိုင်သည် စစ်မှုထမ်းဟောင်းများ၊ တပ်မတော်သားများ၊ ပြည်သူများ အတွက်ဟု ကာချုပ် ပြော”
အမ်းတွင် စစ်မှုထမ်းဟောင်း ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ