မကွေးတိုင်း၊ မြိုင်မြို့မှ ပျူစောထီးရွာ ကန်နီသို့ ရိက္ခာပိုရန် လာသည့် အင်အား ၁၇၀ခန့် စစ်ကြောင်း၌ အမျိုးသမီး စစ်သည် များကိုပါ ထည့်သွင်း အသုံးပြုလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။
အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် လက်အောက်ရှိ ရေစကြိုအခြေစိုက် ခလရ ၂၅၈မှ တပ်ဖွဲ့များနှင့် ပျူစောထီးတို့ ပူးပေါင်း ထားသည့် စစ်ကြောင်းသည် မြိုင်မြို့ အရှေ့ မြောက်ဘက် ရှင်မတောင်မှ ကန်နီရွာသို့ ရိက္ခာပို့ရန် ဖေဖော်ဝါရီ ၇ ရက်က ထွက်လာရာ လမ်းတွင် ဒေသကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ရာမှ အမျိုးသမီး စစ်သည်များပါဝင်ကြောင်း သိရခြင်းဖြစ်သည်။
တိုက်ပွဲတွင် ပါခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ပြီးခဲ့တဲ့ ၇ ရက်နေ့ကတည်းက အင်အား ၁၇၀ လောက် ပါတဲ့ စစ်ကြောင်းတခု ဝင်လာလို့ တိုက်ပွဲတွေ ဖြစ်နေတာ နေ့တိုင်း နီးပဲ၊ ထူးခြားတာက အခုစစ်ကြောင်းမှာ မိန်းကလေး တွေပါ ပါလာတာကို တွေ့ရတယ်၊ မိန်းကလေးတွေ ပါတယ်လို့ သိရတာက သူတို့နဲ့ အပြန်အလှန်ပစ်တဲ့အခါမှာ သိရတာ၊ စစ်ယူနီဖောင်းတွေ ဝတ်ထားကြတာ၊ အမျိုးသမီး စစ်သည်တွေပေါ့၊ ၁၀ ယောက် အထက်မှာ ရှိတယ်၊ တိုက်ပွဲထဲမှာလည်း မိန်းမအသံတွေက ပိုများတယ်”ဟု ပြောသည်။
ယခုစစ်ကြောင်းတွင် ပါဝင်သည့် အမျိုးသမီးများမှာ အမြဲတမ်းတပ်ဖွဲ့ဝင် စစ်သည်များ သို့မဟုတ် ရဲမေများ သိုမဟုတ် ဒေသတွင်းရှိ စစ်ကောင်စီကို ထောက်ခံသည့် အမျိုးသမီးများဆိုသည်ကိုမူ ကွဲကွဲပြားပြား သိရှိရခြင်းမရှိပေ။
ယင်းစစ်ကြောင်းကို မြိုင်မြို့နယ် ပကဖအဖွဲ့၊ ခရိုင်တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ် ရေး တပ် (PDF ) အဖွဲ့များ၊ ပခုက္ကူ ခရိုင်တပ်ရင်းများဖြစ်သည့် တပ်ရင်း ၂၊ ၆၊ ၇၊ ၁၇ အဖွဲ့တို့က ပူးပေါင်းကာ ကြားဖြတ် တိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်အထိ တိုက်ပွဲ ၁၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က ၂၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း မြိုင်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (မြိုင် ပကဖ)က ဆိုသည်။
မြိုင်မြို့နယ် PDF တပ်ရင်းမှ တာဝန်ရှိသူတဦးက “အရင်က စစ်ကြောင်းတွေမှာ အမျိုးသမီးစစ်သည်တွေ ပါတာမျိုး မရှိခဲ့ဘူး၊ အခုက ပထမဦးဆုံးပဲ၊ ကျနော်တို့ မျက်မြင်တွေ့ရတာကို အမျိုးသမီး စစ်သည် ၁၀ ယောက် အထက်ပဲ၊ အခုက စစ်တပ်မှာ လူမရှိတော့ဘဲ တပ်အင်အား တော်တော် ချိနဲ့နေတယ်ဆိုတာကို ထုတ်ဖော်ပြသတာမျိုးပဲ၊ အမျိုးသမီးစစ်သည်တွေကိုပါ ရှေ့တန်းမှာ ကြားညှပ်ပြီး ထည့်သုံးလာတာမျိုးပဲ”ဟု ပြောသည်။
မြိုင်နှင့် ကန်နီကျေးရွာသည် ၇ မိုင်ခန့်သာ ကွာဝေးသော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက် မှုကြောင့် ကန်နီရွာသို့ မရောက်နိုင်သေးဘဲ လမ်းခုလတ်တွင်ပင် ရှိသေးကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူများ၏ အလောင်းများကိုလည်း ရရှိထားကြောင်း မြိုင်ပကဖအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
ယခင်ကတည်းက စစ်တပ်တွင် အရာရှိအဆင့်တာဝန်ထမ်းဆောင်ရန် ဘွဲ့ရအမျိုးသမီးကို ခေါ်ယူခဲ့သော်လည်း အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ကြည်း၊ရေ၊လေ လက်ရုံးတပ်နှင့် ဝန်ထမ်းတပ်များတွင် အခြားအဆင့် တာဝန်ထမ်း ဆောင်ရန် အမျိုးသမီးစစ်သည် ခေါ်ယူမှု ပိုမိုများပြားလာကြောင်း သိရသည်။
ထိုအခြားအဆင့် အမျိုးသမီးစစ်သည် လျှောက်ထားသူများသည် ပညာအရည်အချင်း ၈ တန်းအောင်အဆင့်ရှိရမည်ဖြစ်ပြီး အသက် ၂၅ နှစ်ထက် မကြီးသော အိမ်ထောင်မရှိသူ အပျိုဖြစ်ရ မည်ဖြစ်ကြောင်း၊ အရပ် ၅ ပေ ၂ လက်မ၊ ကိုယ်အလေး ချိန် ပေါင် ၁၀၀နှင့်အထက် ရှိရမည်ဖြစ်ကြောင်း၊ သင်တန်း ၄ လ တက်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီပါက လက်ရုံးတပ် (သို့မဟုတ်) ဝန်ထမ်းတပ် တခုခုတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီမီဒီယာမှတဆင့်ခေါ်ယူလေ့ ရှိသည်။
တပ်ရင်း ၁ ရင်းလျှင် အင်အား ၂၀၀ခန့်ဖြင့်ဖွဲ့စည်း၍ တပ်ရင်းပေါင်းများစွာ နေရာအနှံဖြန့်ထားသည့် စစ်တပ်သည် တပ်တွင်း ရှိ ရဲမေများကိုပါ စစ်သင်တန်းပေးပြီး၍ တပ်ရင်းများအား ကာကွယ်သည့်စနစ် ကျင့်သုံးနေရာ ဖေဖေါ်ဝါရီလ ၇ရက်က ပဲခူး တိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးရွာ အခြေစိုက် အမှတ် ၇၃ ခြေလျင်တပ်ရင်းကို ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်များက တိုက်ခိုက်ရာ တပ်တွင်းရဲမေများက ရွပ်ရွပ် ချွံချွံ ခုခံခဲ့ကြောင်း စစ်တပ်လိုလားသူများက ရေးသားဖော်ပြကြသည်။
You may also like these stories:
စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ
အမျိုးသမီးများကို စစ်မြေပြင်လွှတ်ရန် စစ်ကောင်စီ ကြံစည်
ကျွန်ဝယ်ရာအဆစ်ပါရတဲ့ စစ်သားမယားများ
နွေဦးတော်လှန်ရေးထဲက အမျိုးသမီး စစ်သည်တော်များ