ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် လူငယ်များ ပြည်ပထွက်ခွာရန် ပြင်ဆင်လာကြရာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ပြုလုပ်သူ ယခင်ထက် များလာသဖြင့် မှောင်ခိုဈေးကွက်တွင် ဈေးနှုန်းများ ကြီးမြင့်လာကြောင်း သိရသည်။
Online Appointment (QR) စနစ်ဖြင့် ပုံမှန်အတိုင်း ပတ်စ်ပို့ လုပ်မည်ဆိုပါက ကျပ် ၅ သောင်းခန့်သာ ကုန်ကျမည်ဖြစ် သော်လည်း လတ်တလော နိုင်ငံကူးလက်မှတ် အမြန်ပြုလုပ်လိုသူ များလာသည်နှင့်အမျှ ၁၄ ရက်အတွင်း ရလိုပါက ပွဲစား များအား ဝန်ဆောင်ခအဖြစ် ပတ်စ်ပို့တအုပ်လျှင် ကျပ် ၁၆ သိန်းမှ သိန်း ၂၀ ခန့်ထိ ပေးရကြောင်း သိရသည်။
ထိုဈေးနှုန်းမှာ ပုံမှန်လုပ်ငန်းစဉ်အတိုင်း QR ကုဒ် တင်စရာမလိုဘဲ စာအုပ် အမြန်ရစေရန် သက်ဆိုင်ရာဝန်ထမ်းနှင့် ပွဲစား များပေါင်း၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ လက်ရှိ ရန်ကုန်၌ အမြန်ကြေးပေး၍ လုပ်ရန်ပင် မလွယ်ကူတော့သော် လည်း နယ်မြို့များတွင်မူ လုပ်ဆောင်၍ ရသေးကြောင်း ပတ်စ်ပို့ဝန်ဆောင်မှု ပေးနေသူများထံမှ သိရသည်။
ရန်ကုန်မြို့ရှိ ပတ်စ်ပို့ ဝန်ဆောင်မှုလုပ်ပေးနေသူ တဦးက “ရန်ကုန်မှာက လောလောဆယ် အမြန်တောင် သိပ်မလွယ်တော့ ဘူး။ ဒါပေမယ့် သူ့လမ်းကြောင်းနဲ့ သူတော့ ရတာပေါ့လေ။ နယ်တွေမှာက ရတယ်။ အခုဆို သိန်း ၂၀ နားထိ ကပ်နေလို့ မလုပ်နိုင်ကြတော့ဘူး”ဟု ပြောသည်။
ရန်ကုန်တွင် အမြန်ကြေးပေး၍ လုပ်ရန် မလွယ်သော်လည်း နယ်မြို့များတွင်မူ အမြန်ကြေးပေးသူ နည်းသဖြင့် လွယ်ကူနေ သေးကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာပြီးနောက် မြန်မာလူငယ်များသည် အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ ရရာနည်းလမ်းဖြင့် ထွက်ခွာရန် ပြင်ဆင်နေကြသည်။
နိုင်ငံကူးလက်မှတ်ပြုလုပ်ရာ၌ အွန်လိုင်းစနစ် (Online Appointment System) ဖြင့် QR ကုဒ် ရထားသူများသည် ၇ရက် အတွင်း ရုံးသို့ သွားကာ လိုအပ်သော အချက်အလက်များ ဖြည့်သွင်း၍ ပြည့်စုံပါက ၁၀ ရက် အကြာ၌ ပတ်စ်ပို့ စာအုပ် ရရှိမည်ဖြစ်သည်။
ထိုသို့ လူကိုယ်တိုင် သွားရောက်လုပ်ကိုင်ပါက ငွေကျပ် ၅ သောင်းခန့်သာ ကျသင့် ကြောင်း ကိုယ်တိုင်သွားရောက် လုပ် ဆောင်သူခဲ့တဦးက ပြောသည်။
“အိမ်ကနေ မနက် ၅နာရီခွဲလောက် စထွက်ပြီး ၆နာရီခွဲလောက်ကစပြီး တန်းစီတယ်။ ၉ နာရီလောက်ကစပြီး လူသွင်း ပါ တယ်။ တခါကို အယောက် ၃၀ ဆိုပေမယ့် ကိုယ့်အလှည့်မှာ ၂၀ ပဲခေါ်တဲ့အချိန် ကံကောင်းလို့ပါသွားတယ်။ အထဲမှာ စာရွက်စာတမ်းဖြည့်တာ အဆင်ပြေလို့ နောက်လ ၁၂ ရက်နေ့ဆို PV စာအုပ်ထုတ်လို့ရပါပြီ။ စုစုပေါင်းမှ ၄သောင်း ၉ထောင်ပဲကုန်ကျပါတယ် “ ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ကိုယ်တိုင် လုပ်ကိုင်သူများအနေဖြင့် Online Appointment (QR) လျှောက်ရာတွင် အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် ရုံးသို့ ပေးဆောင်ရသည့် ပမာဏမှာ ကျပ် ၃သောင်းခွဲ ၊ ဓာတ်ပုံနှင့် Slip စာရွက်အတွက် ၁သောင်း ကျော်ခန့်နှင့် ပတ်စ်ပို့ စာအုပ်ဖိုး ၃ ထောင်ကျပ်ဖြင့် စုစုပေါင်း ၅ သောင်းဝန်းကျင် ကုန်ကျကြောင်း သိရသည်။
ရန်ကုန်မြို့တွင် နိုင်ငံကူးလက်မှတ် လျှောက်မည်ဆိုပါက လုပ်ငန်းစဉ်မှာ ပထမဆုံး အွန်လိုင်းမှ QR ကုဒ် ရက်ချိန်း စတင်ရ ယူပြီးနောက် ရုံးတွင် သွားရောက်တန်းစီ၍ စာအုပ်ပြုလုပ်ရမည်ဖြစ်သည်။
လက်ရှိ အွန်လိုင်းမှ ကြိုတင်ရက်ချိန်းယူရာတွင် ၂၀၂၄ ခုနှစ် သြဂုတ်လအထိ ရက်ချိန်းပြည့်နေပြီး ယင်းနောက်ပိုင်းမှသာ QR ကုဒ် ရနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ QR ကုဒ်ရယူသည့် နေရာတွင်လည်း ပွဲစားများရှိပြီး QR ကုဒ်တခုအတွက် ကျပ် ၁ သောင်းခန့်ပေးရကြောင်း သိရသည်။
QR ဝန်ဆောင်မှုပေးသူတဦးက “QR appointment တင်ပေးပါတယ်။ QR appointment ရတဲ့နေ့ လူကိုယ်တိုင်ရုံးဝင်ပြီး စာရွက်စာတမ်းဖြည့်ရမှာပါ။ ပုံမှန် Online booking ယူပေးတာပါ။ အမြန်လုပ်ပေးတာကျ အမြန်ပွဲစားတွေနဲ့ ချိတ်ရမှာပါ။ ကျမတို့က အာမ မခံရဲလို့ ပွဲစားတွေနဲ့ မချိတ်ပေးပါဘူး” ဟု ပြောသည်။
၂၀၂၂ ခုနှစ်အတွင်းက နိုင်ငံကူးလက်မှတ်ပြုလုပ်ခဲ့သူများအနေဖြင့် ကိုယ်တိုင်ပြုလုပ်ပါက အပြီးအစီး ၃သောင်းကျော်ခန့် သာ ပေးရကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးတွင် အွန်လိုင်းမှ ကြိုတင် QR ရယူသည့် စနစ်ဖြင့် တနေ့လျှင် ၂,၇ဝဝ ဦး လက်ခံ ဆောင်ရွက်နေပြီး၊ နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူး စသည့်မြို့ များရှိ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး ရုံးတွင် နေ့စဉ်ဆောင်ရွက်ပေးနေကြောင်း ဖေဖေါ်ဝါရီ ၂၂ ရက်က စစ်ကောင်စီက သတင်းထုတ် သည်။
ယင်း ထုတ်ပြန်ချက်၌ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့် ပတ်သက်၍ ကောလာဟလသတင်းများ ထွက်ပေါ်နေရာ နိုင်ငံ ကူးလက်မှတ်ရရှိရေး စိုးရိမ်ပူပန်မှုများ ဖြစ်နေကြောင်း၊ ၎င်းတို့အနေဖြင့် အမှန်တကယ်သွားရောက်လိုသူများကို ယခင် သတ်မှတ်ထားသော လုပ်ငန်းစဉ်၊ ခွင့်ပြုအရေအတွက်များအတိုင်း ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ငွေကြေး အဆမတန်တောင်းခံသူများ၊ ကြားခံပွဲစားများအား ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်းအသိပေးထားသည်။
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြားမှာ ပြည်ပနိုင်ငံများ အထူးသဖြင့် အိမ်နီးချင်း ထိုင်း နိုင်ငံသို့ ထွက်ခွာရန် အလုအယက် ကြိုးစားနေကြချိန်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက လတ်တလော ဗီဇာလျှောက်ထားသူများပြားသောကြောင့် တရက်လျှင် လူဦးရေ ၄၀၀ ခန့်သာ ဗီဇာထုတ်ပေးနိုင်မည်ဖြစ်ပြီး အွန်လိုင်းမှ ကြိုတင်ရက်ချိန်းရယူနိုင်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကြေညာသည်။
ထို့နောက် အွန်လိုင်းတုံကင်ကို နှစ်ဆ တိုးမြှင့်ပေးလိုက်ပြီး တရက်လျှင် စုစုပေါင်း ၈၀၀ ထုတ်ပေးမည်ဖြစ်ကြောင်း၊ သံရုံး ဘက်မှ ၄၀၀ နှင့် ဗီဇာကိုယ်စားလျှောက်ထားခွင့်ပြု ဝန်ဆောင်မှုကုမ္ပဏီဖြစ်သော VFS Global မှ ၄၀၀ ထုတ်ပေးမည်ဖြစ် ကြောင်း သိရသည်။
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် နှစ်ပတ်အတွင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ဗီဇာလျှောက် ထားသူ မြန်မာနိုင်ငံသား ၇,၀၀၀ အထိ ရှိခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖော်ပြသည်။
You may also like these stories:
မြန်မာများ တရားမဝင် ဝင်ရောက်မှု ကြပ်မတ်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြော
အပြင်းအထန် ဆန့်ကျင်ခံနေရသည့် အတင်းအကျပ် စစ်သားစုဆောင်းမှု
စစ်ယူနီဖောင်းများ ဧပြီလ အပြီးချုပ်ရန် ညွှန်ကြား
အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေ၏ အဓိကအချက် ၆ ချက်