နိုင်ငံတကာနှင့် ပုဂ္ဂလိကကျောင်းများတွင် နေ့စဉ် ကျောင်းတက်တိုင်း နိုင်ငံတော်အလံကို အလေးပြုပြီး နိုင်ငံတော်သီချင်း ဆိုရမည်ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အမိန့်ထုတ်သည်ဟု စစ်ကောင်စီ ပညာရေးဝန်ကြီး ဒေါက်တာ ညွန့်ဖေက ပြောသည်။
ပုဂ္ဂလိက ကျောင်းများအားလုံးတွင် နိုင်ငံတော်အလံကို အလေးပြုပြီး နိုင်ငံတော်သီချင်းဆိုအောင် လုပ်ရမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကျင်းပသည့် ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေး ကော်မတီများ၏ အစည်းအဝေးတွင် ၎င်းကပြောသည်။
စစ်ခေါင်းဆောင်သည် လွန်ခဲ့သော မေလတွင် ပုဂ္ဂလိကကျောင်းများဥပဒေ ပြဋ္ဌာန်းပြီးနောက် နိုင်ငံတော်သီချင်းဆိုရန် အမိန့်ထုတ်ပြန်ခြင်း ဖြစ်သည်။ ထိုဥပဒေအရ နိုင်ငံတကာကျောင်းများ အပါအဝင် ပုဂ္ဂလိကကျောင်းများ အားလုံးတွင် မြန်မာစာ၊ မြန်မာသမိုင်းနှင့် ပထဝီသင်ရန် လိုအပ်သည်။
လွန်ခဲ့သော အပတ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရန်ကုန်မှ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဝင်များနှင့် တွေ့ဆုံသောအခါ လူငယ်များတွင် အမျိုးဘာသာ (ဗမာလူမျိုးနှင့် ဗုဒ္ဓဘာသာ) ကို ကာကွယ်လိုစိတ် ထည့်သွင်းပေးရန် လိုအပ်ကြောင်း ပြောကြားသည်။ စစ်ခေါင်းဆောင်သည် ထိုအမျိုးသားရေးအဖွဲ့၏ ရာသက်ပန် ဂုဏ်ထူးဆောင် နာယက ဖြစ်သည်။
ယနေ့ခေတ်လူငယ်များသည် နိုင်ငံတည်ဆောက်ရေးကို အကျိုးဆောင်ရမည့်အစား အဖျက်လုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု သူ၏ စစ်ကောင်စီကို တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များတွင် လူငယ်များ ပါဝင်နေခြင်းကို ရည်ညွန်းပြီး ပြောသည်။
နိုင်ငံတော်သီချင်းဆိုရန် အမိန့်သည် နိုင်ငံတကာကျောင်းများကို ပစ်မှတ်ထားကြောင်း ရန်ကုန်မှ ပုဂ္ဂလိကကျောင်း တည်ထောင်သူတဦးက ပြောပြီး အခြား ပုဂ္ဂလိကကျောင်းများသည် ပညာရေးဝန်ကြီးဌာက ပြုလုပ်ထားသည့် သင်ရိုးကိုသာ သင်ကြောင်း ရှင်းပြသည်။
“နိုင်ငံတော်သီချင်းဆိုဖို့ ကျနော်တို့က ကျောင်းသားတွေကို မပြောရင်တောင်မှ နိုင်ငံတော်သီချင်းကို စပီကာနဲ့ ဖွင့်ရမယ်လို့ သူတို့က ပြောတယ်။ အခု နိုင်ငံတော်သီချင်းဆိုဖို့ အမိန့်က နိုင်ငံတကာသင်ရိုးနဲ့သင်တဲ့ နိုင်ငံတကာကျောင်းတွေကို ပစ်မှတ်ထားတယ်” ဟု အထက်ပါ ကျောင်းတည်ထောင်သူက ပြောသည်။
လက်ရှိ စစ်အာဏာရှင်စနစ်အောက်မှ မြန်မာနိုင်ငံသည် နိုင်ငံတော်သီချင်းတွင် ဖော်ပြထားသည့် လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှု ခံစားရခြင်း ရှိ၊ မရှိ ရန်ကုန်မှ ပုဂ္ဂလိကကျောင်းဆရာတဦးက မေးခွန်းထုတ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် မိဘအများအပြားသည် စစ်ကောင်စီ ထိန်းချုပ်ထားသည့် အစိုးရကျောင်းများကို သပိတ်မှောက်ပြီး ၎င်းတို့ သားသမီးများကို နိုင်ငံတကာနှင့် အခြား ပုဂ္ဂလိကကျောင်းများသို့ ပို့လိုက်ကြသည်။
စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ လွှတ်တော်သည် ပုဂ္ဂလိက ပညာရေးဥပဒေကို ဆွေးနွေးနေစဉ် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြဋ္ဌာန်းလိုက်သည့် ပုဂ္ဂလိက ပညာရေးဥပဒေတွင် နိုင်ငံ၏ မူဝါဒများနှင့် ဆန့်ကျင်သည့် နိုင်ငံရေးနှင့် ဘာသာရေး သင်ကြားခြင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် အရာများ သင်ကြားခြင်းကို တားမြစ်ပိတ်ပင်ထားသည်။ ပုဂ္ဂလိကကျောင်းများမှ ဆရာ၊ ဆရာမများသည် နိုင်ငံကို သစ္စာစောင့်သိပြီး စစ်တပ်ကရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာရန်လည်း ထိုဥပဒေက ပြဋ္ဌာန်းသည်။
ပုဂ္ဂလိကကျောင်းများသည် ကျောင်းသားများအကြား စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်များ ပျိုးထောင်ပေးပြီး ကျောင်းသားများသည် ဒီမိုကရေစီ စံနှုန်းများကို ပိုမိုလိုလားမည်ကို စိုးရိမ်သောကြောင့် စစ်ကောင်စီသည် ထိုကန့်သတ်ချက်များ ချမှတ်ခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောသည်။ ပုဂ္ဂလိက ပညာရေးကဏ္ဍမှ ဆရာ၊ ဆရာမ အများအပြားသည် စစ်ကောင်စီ ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့သူများ ဖြစ်သည်။
စစ်ကောင်စီသည် အဓိကမြို့ကြီးများမှ ပုဂ္ဂလိက ကျောင်းများကို ထိန်းချုပ်ရန် ကြိုးစားနေချိန်နှင့် တပြိုင်တည်းတွင် ၎င်းတို့ကို လက်နက်ကိုင် ပုန်ကန်နေသည့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တိုင်းရင်းသား ပြည်နယ်များမှ စာသင်ခန်းများကို ဗုံးကြဲတိုက်ခိုက်နေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Flag Saluting, Anthem Singing Now Mandatory at International Schools in Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ ကလေးငယ်မျိုးဆက်တခု ပညာရေး အဆက်ပြတ်နိုင်
စာသင်ကျောင်းများ ဖရိုဖရဲဖြစ်နေသောကြောင့် ပညာရေးတွင် စစ်ကောင်စီ ကျရှုံး
ပညာရေးဆိုတာကတော့ လူတိုင်းရဲ့ အခွင့်အရေးပါ
မြန်မာ့ပညာရေး အကျပ်အတည်းဆိုက်ဟု ကမ္ဘာ့ဘဏ်ပြော
စစ်ကောင်စီ ပညာရေးနှင့် ရင်လေးဖွယ် မြန်မာ့အနာဂတ်