အပါးနပ်ဆုံး သူခိုးများက သင်၏ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ကို သင်၏ ကျောပိုးအိတ်အတွင်းမှ ပိုက်ဆံအိတ်ကဲ့သို့ ခိုးယူနိုင်သည့် နေရာတခုကို စဉ်းစားကြည့်ပါ။
မြန်မာမှ ခြံဝင်းကြီးတခုကို အနီးကပ် လေ့လာကြည့်ပါ။ ထိုနေရာသည် အမှန်တကယ် ဒစ်ဂျစ်တယ် အသုံးပြု ခိုးယူသည့်ဗဟိုချက်တခု ဖြစ်သည်။ သံသယ မဝင်သူများထံမှ ဒေါ်လာ သန်း ၁၀၀ ကျော်ကို အဖွဲ့အစည်း တခုတည်းက ခိုးယူပြီး ခရစ်ပတိုငွေကြေးများကို အသူတရာနက်သည့် ခရစ်ပတိုချောက်အတွင်း ထည့်သွင်းနေသော နေရာဖြစ်သည်။
ဘလော့ချိန်း ခရစ်ပတို ငွေပေးချေရေးစနစ် စုံစမ်းထောက်လှမ်းရေးအဖွဲ့ Chainalysis နှင့် နိုင်ငံတကာ တရားမျှတရေးအဖွဲ့ (IJM) မှ အဖွဲ့ဝင်များနှင့်အတူ ဆိုက်ဘာစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုဝတ္တုသဖွယ်ဖြစ်သော အမှုတခုကို ဖော်ထုတ်ခဲ့သည်။
၎င်းတို့သည် Tether တိုကင် ခရစ်ပတိုငွေကြေးက ချန်ထားခဲ့သည့် ဒစ်ဂျစ်တယ် သဲလွန်စများကို ခြေရာခံခဲ့ရာ အဆင့်မြင့်ရုံသာမက တုန်လှုပ်စရာကောင်းလောက်အောင် စာနာမှုကင်းမဲ့သည့် ငွေကြေးလိမ်လည်မှုများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း Cryptopolitan သတင်းဝက်ဘ်ဆိုက်က ရေးသည်။
အလိမ်အညာ အချစ်ဇာတ်လမ်းများဖြင့် ဖြားယောင်းခံရသည့် လိမ်လည်ခံရသူများ၊ မိသားစုဝင်များထံမှ မျှော်လင့်ချက်ကင်းမဲ့စွာ အကူညီတောင်းခံရသူများသည် မြန်မာနိုင်ငံ အရှေ့ပိုင်းမှ ခြံဝင်းတခုဖြစ်သော KK Park ကို ဗဟိုပြုသည့် ဝဲကတော့အတွင်းသို့ ငွေကြေးပေးနေကြရသည်။
လိမ်လည်သူများသည် ၎င်းတို့၏သားကောင်များကို အချစ်ဇာတ်လမ်း၊ ဂရုစိုက်မှုဖြင့် ဖြားယောင်းပြီးနောက် စီးပွားပျက်အောင် လိမ်လည်ကြသည်ကို ‘ဝက်သားပေါ်သည်’ ဟုခေါ်သည်။ အထင်နှင့်အမြင် ဆန့်ကျင်ဘက်ဖြစ်နေသည့် ကိစ္စမှာ ပွင့်လင်းမြင်သာမှုနှင့် လုံခြုံရေးကို အာမခံသည့် ခရစ်ပတိုငွေကြေးစနစ် ဘလော့ချိန်း နည်းပညာသည် ထိုသို့သော လျှို့ဝှက်လိမ်လည်မှုအတွက် နေရာဖြစ်လာသည်။ Tether ခရစ်ပတိုငွေကြေးသည် အသိမဲ့စွာဖြင့် ထိုဒစ်ဂျစ်တယ် ဓားပြများ၏ စိတ်ကြိုက်ငွေကြေး ဖြစ်လာသည်။
KK Park သည် မြို့ကြီးတမြို့အတွင်းမှ သီးခြားမြို့ကြီးတမြို့ သို့မဟုတ် လူထောင်ပေါင်းများစွာကို ပိတ်လှောင်ထားသည့် ဝင်္ကဘာဖြစ်လာပြီး အွန်လိုင်းလိမ်လည်လည့်ဖြားမှု ကွန်ရက်များကို လုပ်သည်။ ထိုလိမ်လည်မှုလုပ်ငန်းကို လုပ်ကိုင်နေသူများသည် လျှို့ဝှက်နေကြဆဲဖြစ်ပြီး ၎င်းတို့နှင့် ပတ်သက်သည့် အချက်အလက်များသည် သူတို့လုပ်ကိုင်နေသည့် ငွေပေးငွေယူ လုပ်ငန်းများကဲ့သို့ပင် လျှို့ဝှက်သည်။
ထိုငွေကြေးလိမ်လည်မှု လုပ်ငန်းများ၏ ခြေတံလက်တံများသည် နယ်စပ်တလျှောက် ရှည်လျှားပြီး KK Park ကို စီမံထိန်းကွပ်သူများတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) မှသည် မြန်မာစစ်ကောင်စီအထိ ပါဝင်ပြီး ၎င်းတို့သည် နှုတ်ဆိတ်နေကြသည်။ ဖြစ်ပျက်နေသည်များကို မသိသောကြောင့် သို့မဟုတ် ဂရုမစိုက်သောကြောင့်လည်း ဖြစ်နိုင်သည်။
ထိုကိစ္စကို ဖော်ထုတ်လိုက်သည့် ဂယက်ကြောင့် Tether ခရစ်ပတိုငွေကြေးက အရေးယူရသည်အထိ ဖြစ်စေသည်။ ငွေကြေးလည်ပတ်မှု ဒေါ်လာ ၁၀၀ ဘီလီယံ ရှိသောကြောင့် ၎င်း၏ ငွေပေးငွေယူ လုပ်ငန်းများမှ မသမာမှုများ သန့်စင်အောင်လုပ်ရန် ဖိအားမြင့်မားလာနေသည်။
ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာရုံးက Tether ခရစ်ပတိုငွေကြေးကို မြေအောက်လောက၏ စိတ်ကြိုက်အသုံးချခံ ငွေလိမ်သော ကြားခံတခုအဖြစ် အထူးစောင့်ကြည့်နေသည်။
Tether ခရစ်ပတိုငွေကြေးက တရားဥပဒေ စိုးမိုးမှုကို သစ္စာခံရန် ကတိပြုပြီး ပိုင်ဆိုင်မှုများကို သိမ်းဆည်းကာ ထိုငွေကြေးပလက်ဖောင်းကို ထိခိုက်စေရန် ဆန္ဒရှိသော ဝေါလက်ပိုက်ဆံအိတ်များကို အမည်ပျက်စာရင်းသွင်းသည်။
Tether နှင့် ၎င်း၏ ခရစ်ပတိုငွေကြေး ဘလော့ချိန်း မိတ်ဆွေ Tron တို့သည် ထိုရာဇဝတ်သားများကို မည်သည့် အကြောင်းကြောင့် ဆွဲဆောင်နိုင်သနည်း။ Tron ၏ တန်ဖိုးနိမ့်ကျခြင်းနှင့် Tether ၏ အမေရိကန် ဒေါ်လာနှင့် တန်ဖိုးတူခြင်းတို့ကြောင့် ၎င်းတို့သည် ရာဇဝတ်မှုများအတွက် အကောင်းဆုံး မိတ်ဖက် ဖြစ်နေသည်။ ထိုအချက်သည် Tether ပြိုင်ဘက်များ သို့မဟုတ် ၎င်းတို့ကို စည်းကမ်းထိန်းကြောင်းသူများ အတွက်လည်း မှန်ကန်သောအချက် ဖြစ်သည်။
ဘလော့ချိန်းသည် အကျိုးပြုသလို ထိုငွေကြေးလိမ်လည်သူများကို ခွင့်ပြုထားပါက အကျိုးလည်း ယုတ်စေမည်ဖြစ်ပြီး ထိုလူလိမ်များကို တိုက်ဖျက်ရန်နှင့် ဘလော့ချိန်းကို ၎င်းတို့ ချုပ်ကိုင်မှုမှ ပြန်လည်ရယူရန် မိမိတို့သည် တကမ္ဘာလုံး ပူးပေါင်းညှိနှိုင်း ဝိုင်းဝန်းအားထုတ်ရမည်ဟု Cryptopolitan က ရေးသည်။
ကိုးကား ။ ။ Cryptopolitan သတင်း Myanmar-based Company Scams Over $100M in Crypto
You may also like these stories:
နာမည်ဆိုးထွက်နေတဲ့ KK Park က KNU ထိန်းချုပ်နယ်မြေတွင် ဖြစ်
စစ်တပ် ကာကွယ်ထားသော တရုတ်နယ်စပ် ငွေကြေးလိမ်လည်လုပ်ငန်း နှစ်စဉ် ဒေါ်လာ ၁၄ ဘီလီယံ ရ
ရန်ကုန်မြို့ပြထိ ကျယ်ပြန့်လာတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းများ
နယ်စပ်မှ ဆိုက်ဘာရာဇဝတ်ဂိုဏ်းများကို ဖြိုခွဲရန် ထိုင်းက မြန်မာကို အကူအညီတောင်း
အွန်လိုင်းငွေကြေးလိမ်လည်မှု ကမ္ဘာတဝန်း ပြန့်ပွားလာဟု အင်တာပို အစီရင်ခံ
KNU နှင့် ရာဇဝတ်ကွန်ရက် KK Park အပိုင်း -၁ (ရုပ်/သံ)
KNU နှင့် ရာဇဝတ်ကွန်ရက် KK Park အပိုင်း (၂) (ရုပ်/သံ)