စစ်ကိုင်းတိုင်း၊ ကလေးတက္ကသိုလ်ဝင်းအတွင်း အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကြား ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၅ နာရီမှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေ ကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့တွင် ကလေးတက္ကသိုလ်ဝင်းအတွင်းရှိ Non CDM ဆရာ/ဆရာမ၊ ဝန်ထမ်း၊ ကျောင်းသား၊ ကျောင်းသူများ အပါအဝင် လူဦးရေ ၅၀၀ ဝန်းကျင်ရှိသည့်အနက် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ၁၄၀ ကျော်ကို ကယ် ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “Non CDM ဆရာ၊ ဆရာမအပါ ကျောင်းသားတွေကို လူ့အခွင့်အရေးနဲ့ အညီ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးပြီး PDF တွေက ထိန်းသိမ်းထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကလေးမြို့နှင့် တက္ကသိုလ်ဝင်းအတွင်းတိုက်ပွဲ အသေးစိတ်အကြောင်းအရာများကို တာဝန်ရှိသည့်တပ်ဖွဲ့များက မကြာခင် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက “ဒီမနက် ၇ နာရီခွဲလောက်မှာ PDF အမည်ခံ အင် အား ၁၀၀ ကျော်လောက်က ကလေးတက္ကသိုလ်ထဲဝင်ရောက်ပြီး စာသင်ဆောင်တွေမှာရှိတဲ့ ဆရာ၊ ဆရာမတွေ ကျောင်းသား/သူတွေ ရုံးဝန်ထမ်းတွေကို ဖမ်းဆီးထားတယ်ဆိုပြီး တာဝန်သိပြည်သူတွေ အသိပေးလာတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားရောက် ကယ်ဆယ်ခဲ့ရတယ်။ ထိတွေ့တိုက်ခိုက်မှုဖြစ်ပြီး တက္ကသိုလ်ရဲ့ အရှေ့ဘက်ကို ပြန်ဆုတ်သွားတယ်။ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ရုံးဝန်ထမ်း ၂၈၅ ဦးကိုတော့ အချိန်မီကယ်နိုင်တယ်” ဟု ယမန်နေ့က ပြောသည်။
ကျန်ရှိသောသူများကိုလည်း လိုက်လံ စုံစမ်းနေဆဲဖြစ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားပါက လွတ်မြောက်နိုင်ရန် လုပ်ဆောင် မည်ဟု ၎င်းက ဆိုသည်။
ကလေးမြို့နယ်တိုက်ပွဲအတွင်း ပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး၊ ပြည်သူ ၃၀ ဦးမှာ လက်နက်ကြီးစ ထိမှန်မှုကြောင့် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျဆုံးမှုရှိခဲ့သလို စစ်ကောင်စီဘက်မှလည်း သေဆုံးသူများရှိ ကြောင်း ၎င်းက ပြောသည်။
ကလေးမြို့ ဒေသခံတဦးက “ကျမတို့က မြို့ထဲဆိုတော့ အသံတွေတော့ ကြားနေရတယ်။ တိမ်းရှောင်ဖို့ကျတော့လည်း အခုအခြေအနေက မလွယ်ဘူး ဖြစ်နေတယ်။ ပတ်ပတ်လည်က စစ်မြေပြင် ဖြစ်နေပြီ။ မြို့လယ်ခေါင်ပဲ ကျန်တော့တာ။ ကလေးမြို့နဲ့ ၉ မိုင်ပဲဝေးတဲ့ တက္ကသိုလ်ဆိုလည်း မနေ့တုန်းက တိုက်ပွဲဖြစ်နေတာလေ။ အခြေအနေကတော့ တော် တော့်ကို ဆိုးတယ်။ မြို့ထဲသွားတာ လာတာ လှမ်းပစ်တာ ရှိတယ်။ ဒီမနက်တင် ထိတာလည်း ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တော်လှန်ရေး ပူးပေါင်းတပ်များသည် ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ-ကလေး) လက် အောက်ခံ တပ်ဖွဲ့ဝင်များရှိသော စက္ကန့်ရွာ၊ ကံကြီးရွာနှင့် ကံသာရွာတပ်စခန်းများကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက် အတွင်း တိုက်ခိုက်သိမ်းယူခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၅ ဦး သေဆုံးပြီး လက်နက်ငယ် ၁၀ လက်၊ RPG- 7 ၁ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်နှင့် ဗုံးများ၊ ကျည်ဆန်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
You may also like these stories:
အင်တာနေရှင်နယ်ကျောင်းများ နိုင်ငံတော်သီချင်းဆို၊ အလံအလေးပြုရမည်
စာသင်ကျောင်းများ ဖရိုဖရဲဖြစ်နေသောကြောင့် ပညာရေးတွင် စစ်ကောင်စီ ကျရှုံး