ကျောက်စိမ်းထွက်ရာ ကချင်ပြည်နယ်၊ ဖားကန့်ဒေသကို ထိန်းချုပ်နိုင်ရေး ကချင်အမျိုးသား လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များက ကြိုးပမ်းနေရာ ဆယ်ဇင်း- ဖားကန့်လမ်းပိုင်းရှိ တာမခန် ရဲစခန်းနှင့် ရွာအနီး နန့်ရေတောင်ကုန်း ရှိ ခမရ-၁၁၉ တပ်စခန်းတို့အား ဖေဖော်ဝါရီ ၂၆ ရက်မှစ၍ ထိုးစစ်ဆင် သိမ်းပိုက်လိုက်ကြောင်း သိရသည်။
ဒေသတွင်း မီဒီယာများ ဖော်ပြချက်အရ အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့အချို့ ကို အရှင်ဖမ်းမိကြောင်း သိရသည်။
ထိုတိုက်ပွဲနှင့်ပတ်သက်ပြီး KPDF တာဝန်ရှိသူတဦးအား ယနေ့မွန်းလွဲပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာ “ရဲစခန်းကုန်းကို သိမ်းလိုက်ပြီ။ မနေ့က အလင်းဝင်တဲ့ဟာတွေအကုန်လုံးကို ဖမ်းထားပြီ။ တိုက်နေတုန်းမှာ ထွက်ပြေးသွားတဲ့ ရဲတွေကိုပါ ဖမ်းမိထားပါတယ်။ စစ်တပ်ကုန်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့တော့ ပြောလို့မရသေးပါဘူး။ လုံခြုံရေးနဲ့သက်ဆိုင်လို့ပါ” ဟု အတည်ပြုပြောဆိုသည်။
စခန်းသိမ်းပိုက်ခံရသည့် တာမခန်ရွာအား စစ်ကောင်စီဘက်က ယနေ့မွန်းလွဲပိုင်းအထိ လေကြောင်း တိုက်ခိုက်နေသည့် အပြင် ဖားကန့်မြို့တွင်း အခြေစိုက်ထားသော ဗျူဟာတပ်စခန်းကုန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရမှုနှင့် နေအိမ်ပျက်စီးမှုများရှိကြောင်း သိရသည်။
တာမခန် စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး KPDF ပြောရေးဆိုခွင့်ရှိသူ ကိုမင်းကိုထံ ယနေ့မွန်းလွဲပိုင်း၌ ဆက်သွယ် မေးမြန်း ရာ “လေယာဉ်လာနေလို နောက်မှပြန်ခေါ်လိုက်မယ်” ဟုသာ ပြောဆိုခဲ့သည်။
ဆယ်ဇင်း-ဖားကန့်လမ်းပိုင်းရှိ တာမခန်ကျေးရွာအား KIA ပူးပေါင်းတပ်အနေဖြင့် သိမ်းပိုက်ထိန်းချုပ်နိုင်ပါက ဖားကန့်သို့ မြေပြင်ထောက်ပံ့ရေးလမ်းကြောင်းတခုကို တစိတ်တပိုင်း ဖြတ်တောက်ထားနိုင်မည့် အခြေအနေ ဖြစ်သည်။
ဖားကန့်မြို့သို့ ဆယ်ဇင်းဘက်မှ အဝင်လမ်းအပြင် အခြားသော အဓိကလမ်းကြောင်းနှစ်ခုဖြစ်သည့် အင်းတော်ကြီး-ဝှေခါ-နမ့်မှော်လမ်းကြောင်းနှင့် မိုးကောင်း-ကာမိုင်း-လုံခင်းလမ်းကြောင်းတို့ရှိ အဓိကတပ်စခန်းတချို့ကိုလည်း KIA ပူးပေါင်းတပ်အနေဖြင့် ဇန်နဝါရီလကုန်ပိုင်းကတည်းက သိမ်းပိုက်ထိန်းချုပ်ထားသည်။
KIA ပူးပေါင်းတပ်သည် ဝှေခါကျေးရွာရှိ ရဲစခန်းနှင့် ခြေလျင်တပ်ရင်း ခလရ-၄၀၂ အခြေစိုက်တပ်စခန်းတို့အား ဇန်နဝါရီ ၂၀ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကာမိုင်း-လုံခင်းလမ်းပိုင်းရှိ နန့်တိန်တပ်စခန်းကို ဖေဖော်ဝါရီ ၃ ရက်၌ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများခဲ့ပြီး လက်နက်ခဲယမ်းများလည်း KIA ပူးပေါင်း တပ် ဘက်က သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
KPDF နှင့်နီးစပ်သည့် ဝှေခါဒေသခံတဦးက “ဝှေခါမှာတော့ အေးအေးဆေးဆေးပဲ။ စစ်ကြောင်းထိုးတာဘာညာ ဘာမှ မရှိဘူး။ လောလောဆယ်ကတော့ KIA နဲ့ PDF စိုးမိုးထိန်းချုပ်ထားတဲ့ အနေအထားပါပဲ။ ဖားကန့်မှာတော့ စစ်ကောင်စီက ဗျူဟာကုန်း အခိုင်အမာရှိနေတယ်။ ကျန်တဲ့နေရာတချို့လည်း ရှိနေပေမယ့် KIA ဖြတ်တောက်ထားနိုင်တဲ့ အခြေအနေရှိ တယ်” ဟု ပြောသည်။
လတ်တလော KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားသည့် အခြေအနေအရ ဖားကန့်မြို့အား အရှေ့၊ အနောက်နှင့် တောင်ဘက်တို့တွင် မြေပြင်လမ်းကြောင်းဖြတ်တောက်ထားပြီး မြို့အားဝိုင်းပတ်ပိတ်ဆို့ထားသည့် အခြေအနေရှိကြောင်း စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။
၎င်းက “လောလောဆယ် ဖားကန့်ကို ပိတ်ဆို့ထားလိုက်ပြီ။ ဖြတ်တောက်ထားပါပြီ။ အခု တာမခန်တောင်မကဘူး ဆိုင်းတောင်ပါ တိုက်နေပြီကြားပါတယ်။ ဆိုင်းတောင်ပါတိုက်ရင် ဖားကန့်နဲ့ပိုနီးသွားပြီ။ စစ်တပ်ဘက်ကတော့ ရဟတ်ယာဉ်နဲ့ပဲ ရိက္ခာ၊ လက်နက်ခဲယမ်း ပို့လို့ရတော့မယ်ထင်တယ်။ ကားလမ်းနဲ့ ပို့စရာလမ်းကြောင်း မရှိတော့ဘူး။ အကုန်ပိတ်သွားပြီ” ဟု ဆိုသည်။
အခြားလမ်းကြောင်းတခုဖြစ်သည့် ဖားကန့်မြို့အထက်ဘက် ကံဆီးလမ်းကြောင်းတခု ကျန်ရှိသော်လည်း ထိုဒေသသည် KIA တပ်မဟာ-၉ ဌာနချုပ် တည်ရှိလှုပ်ရှားရာဒေသဖြစ်ပြီး ကံဆီးရွာအနီးရှိ အနန့်ပါကျေးရွာတွင် ၂၀၂၂ အောက်တိုဘာ ၂၃ ရက် ညပိုင်း၌ KIO/KIA ဖွဲ့စည်းတည်ထောင်ခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တေးဂီတဖျော်ဖြေပွဲ ကျင်းပနေစဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့သည့်အတွက် KIA တပ်ဖွဲ့ဝင်အချို့နှင့် အရပ်သားစုစုပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရသည်။
ကမ္ဘာကျော် ကျောက်စိမ်းလုပ်ကွက်များရှိရာ ဖားကန့်ဒေသသည် စစ်ကောင်စီအတွက်သာမက KIA နှင့် KPDF တို့အတွက်လည်း အဓိကဝင်ငွေရသည့် ဒေသတခုဖြစ်ပြီး ကျောက်စိမ်းလုပ်ကွက် လုပ်ကိုင်သူများအနေဖြင့်လည်း လက်နက်ကိုင်တပ်အသီးသီးအား အခွန်ပေးဆောင်ထားရသည်။
ယခုလက်ရှိ ဖားကန့်မြို့အနီး ပတ်ဝန်းကျင်တွင် စခန်းသိမ်းတိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် တိုက်ပွဲများ ပြင်းထန်နေသော်လည်း ကျောက်စိမ်းလုပ်ကွက်များမှာ ဆက်လက်လုပ်ကိုင်နေကြဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
စစ်ရေးလေ့လာသူတဦးက “ကျောက်စိမ်းလုပ်ကွက်တွေက စစ်တပ်ဘက်ရော၊ KIA ဘက်ကိုရော အခွန်ဆောင်ထားကြတာ ကိုး။ ဝင်ငွေရတဲ့လုပ်ငန်းတွေဆိုတော့ စစ်တိုက်လည်း ခွင့်ပြုထားမှာပဲ။ ဖားကန့်ကို KIA က အပြည့်အဝ ထိန်းချုပ်နိုင် ရင်တော့ အခွန်အကောက်က KIA ပဲ ရတော့မှာပေါ့။ အခုက နှစ်ဖွဲ့စလုံးကောက်လို့ရနေတော့ ဒီအတွက်အားပြိုင်ကြမှာပဲ” ဟု ပြောသည်။
KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကိုယ်တိုင်ကလည်း ကျောက်စိမ်းလုပ်ကွက်များရှိရာ ဝှေခါကျေးရွာအနီးရှိ ခလရ-၄၀၂ တပ်စခန်းသည် ကျောက်စိမ်းလုပ်ကွက်များအား ထိန်းချုပ်ထားသောစခန်း ဖြစ်သည့်အတွက် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ပြောထားပြီး နန့်တိန်စခန်းမှာလည်း ဒေသတွင်း ထောက်ပံ့လမ်းကြောင်းတွင် အရေးပါသည့်နေရာ ဖြစ်ကြောင်း ပြောဆိုထားသည်။
လတ်တလော ဖားကန့်မြို့အနီး တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး ဧရာဝတီက ဗိုလ်မှူးကြီး နော်ဘူထံ တယ်လီဖုန်းဖြင့် ယနေ့ ဆက်သွယ်ခဲ့ရာ လက်ခံဖြေဆိုခြင်း မရှိသေးပေ။
လက်ရှိတွင် ဖားကန့်မြို့အဝင် လမ်းကြောင်းများအား KIA နှင့် ပူးပေါင်းတပ်ဖွဲ့က တစိတ်တပိုင်း ဖြတ်တောက် ထိန်းချုပ်ထားနိုင်သည့် အခြေအနေဖြစ်သော်လည်း ဖားကန့်မြို့အတွင်း စစ်ကောင်စီ၏ အခိုင်အမာဗျူဟာစခန်းကုန်း ရှိနေသေးပြီး တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးလျက်ရှိကြောင်း သိရသည်။
You may also like these stories:
ညီနောင် ၃ ဖွဲ့ အပစ်ရပ်သော်လည်း ရှမ်းမြောက်၌ KIA ဆက်လက်စစ်ဆင်
တလနီးပါး တိုက်ခိုက်ပြီးနောက် နမ့်ဖတ်ကာကို KIA သိမ်း
KIA ထိုးစစ်ကြောင့် မံစီမှ စစ်ကောင်စီတပ်သားတချို့ တရုတ်နိုင်ငံဘက် ထွက်ပြေး
ဖားကန့်က ဝှေခါတပ်စခန်းကို KIA သိမ်း
မိုးမိတ်မြို့ကို KIA၊ PDF တို့ ဝင်တိုက် ဒေသခံများပိတ်မိနေ