ထိုင်း-မြန်မာနယ်စပ် အမှတ် (၁) ချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ၇ ရက် နေထိုင်ခွင့် လက်မှတ်ဖြင့် ဝင်လာသူများအနက် လူငယ်နှင့် လူလတ်ပိုင်းအချို့ကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ဖြတ်သန်းသွားလာ နေသူတချို့နှင့် မဲဆောက်မြို့ခံများထံမှ သိရသည်။
ယခင်က မြန်မာဘက်ခြမ်း မြဝတီမြို့မှ မဲဆောက်မြို့သို့ ကုန်ဝယ်၊ ဆေးခန်းပြ၊ အလုပ်နှင့် အလည်အပတ်အတွက်နေ့စဉ် ပုံမှန်လိုလို ကူးသန်းသွားလာနေသော်လည်း တင်းကျပ်ခြင်းမရှိကြောင်း၊ ဖေဖေါ်ဝါရီ ၁၀ရက်က စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်း လိုက်ပြီးနောက် မဲဆောက်မြို့သို ၇ ရက်လက်မှတ်ဖြင့် သွားမည့်သူများအနက် လူငယ်၊ လူလတ်များကို သေချာစွာ စိစစ်နေ ကြောင်းသိရသည်။
မြန်မာဘက်ခြမ်းတွင် စိစစ်ရာ၌ လက်ကိုင်ဖုန်း၊ ကွန်ပျူတာများ၌ နိုင်ငံရေးနှင့် ပတ်သက်မှုရှိမရှိ စစ်ဆေးကာ ငွေကြေး တောင်းခံမှုများ ရှိနေသလို လူဝင်မှုကြီးကြပ်ရေးကလည်း မှတ်ပုံတင်သိမ်းဆည်းထားကြောင်း၊ တဖက်ရှိ မဲဆောက် ဘက်ခြမ်းတွင်မူ နေထိုင်ခွင့် အထောက်အထားရှိသူတဦးက အာမခံမှသာ ဝင်ခွင့်ပြုကြောင်း သိရသည်။
ယခုရက် ချစ်ကြည်ရေးတံတားမှ ဖြတ်သန်းသွားလာခဲ့သူတဦးက “ မြန်မာပြည်ဘက်က လဝကကို မှတ်ပုံတင်ပေးထားခဲ့ ရတယ်။ ထိုင်းထဲမှာ ၁ပတ် နေခွင့်ရတာကို။ ပြန်ရင် မှတ်ပုံတင်ပြန်ယူပြီး ပြန်ပေါ့။ ထိုင်းဘက်က လက်မှတ်ရှိတဲ့သူက အာမခံပေးရတာ။ ကျနော် ကျမ တို့ဆီ လာတာပါ။ ကိုယ်တိုင်ပြန်ပို့ပေးပါမယ်ဆိုပြီး ဂိတ်မှာ လာစောင့်ပြီး ပြောပေးရတယ်” ဟု ပြောသည်။
လက်ရှိတွင် နယ်စပ်တံတားမှတဆင့် ဖြတ်သန်းသူအများစုသည် ၇ ရက် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ကို အဓိကအသုံးပြု၍ ဖြတ်သန်း နေခြင်းဖြစ်ပြီး မြန်မာဘက်ခြမ်း၌ လက်မှတ်ပြုလုပ်ရာတွင် မှတ်ပုံတင်ဖြင့် ငွေကျပ် ၂,၀၀၀ လူဝင်မှုကြီးကြပ်ရေးဌာနသို့ ပေးဆောင်ရပြီး ယခင်က မှတ်ပုံတင် ပြန်ပေးသော်လည်း ယခုအခါ မှတ်ပုံတင်ကို ဂိတ်တွင် ထားခဲ့ရခြင်းဖြစ်သည်။
ထို့နောက် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထိုင်း ဘတ်ငွေ ၆၀ (မြန်မာငွေ ၆,၀၀၀ ခန့်) ပေး၍ ဖြတ်သန်းခွင့်ပြုရာ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးသည့်နောက် လူငယ်အချို့အား ထိုင်းနိုင်ငံအသိအမှတ်ပြု လက်မှတ်ရှိသူတဦးဦးက ဂိတ်တွင် လာရောက်စောင့် ဆိုင်းပြီး ထောက်ခံပေးမှသာလျှင် နိုင်ငံအတွင်းသို့ ဝင်ခွင့်ပေးကြောင်း သိရသည်။
မဲဆောက်တွင်နေထိုင်ပြီး ကိုယ်တိုင်သွားရောက် အာမခံပေးခဲ့ရသူတဦးက “ထိုင်းက လက်မှတ်ရှိတဲ့သူက အာမခံရတာ။ ကျနော့်ဧည့်သည်ပါ။ ဒီဘက်ကိုလာတာ မှန်ပါတယ်ဆိုတဲ့အကြောင်းကို တံတားပေါ်ကနေ ဖြတ်ပြီးတော့ သွား အာမခံပေးရ တာ” ဟု ပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် အမှတ် (၁) ချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သွားရန် ၇ ရက် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Temporary Border pass) ပြုလုပ်သူ တနေ့လျှင် ရာနှင့်ချီရှိခဲ့ကြောင်း မဲဆောက်မြို့ အလုပ်သမားရေးဆောင်ရွက်သူများနှင့် ဖြတ်သန်းသွားလာသူများက ဆိုသည်။
မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (YCOWA) မှ တာဝန်ခံ ဦးမိုးကျော်က “အရင်က ဘာအာမခံမှ မရှိဘူး။ ကြားတောင် မကြားဖူးဘူး။ ဟိုဘက် ဒီဘက် ပေးစရာရှိတာပေးပြီးရင် လာလို့ရပြီ။ အခုက ဘယ်သူ့ကိုမဆို တင်းကျပ်တာပဲ။ ဒါပေမယ့် မနက်သွား ညနေပြန်သွားနေကျလူတွေကတော့ သူတို့ လမ်းကြောင်းသူတို့ ရှိတာပေါ့ ”ဟု ပြောသည်။
ထို့ပြင် ကားဖြင့် ဖြတ်သန်းသူများအတွက် ကားသမားများက တာဝန်ခံပေးရမည် ဖြစ်ကြောင်း၊ ကားဖြင့်ခေါ်လာသူများ က တပတ်အတွင်း ထိုင်းနိုင်ငံဘက်မှ အထွက် မပြနိုင်ပါက ကားသမားကို လိုင်စင်ပိတ်သိမ်းမည်ဟု အာဏာပိုင်များက ပြော ကြောင်း မြဝတီ-မဲဆောက် ကမ်းကူးပေးနေသော ကားသမားတဦးက ပြောသည်။
၎င်းက“အရင်ကဆို ကားသမားတွေက တာဝန်ယူပြီးခေါ်လာပေးတယ်ဆိုရင် အရှုပ်အရှင်းကင်းတယ်။ ဖြတ်သွားတဲ့ဂိတ် တွေမှာ စစ်ဆေးတဲ့အခါ စကားပြောမှားသွားတာပဲဖြစ်ဖြစ် အဖြေမတတ်တာမျိုးပဲဖြစ်ဖြစ်ဆိုရင် ပိုရစ်တယ်။ ကားသမားတွေ အနေနဲ့လည်း ခေါ်လာတဲ့သူတွေကို တပတ်အတွင်း အထွက်မပြနိုင်ဘူးဆိုရင် ကားသမားတွေရဲ့ ကားလိုင်စင်တွေပါ အပိတ် ခံရမယ်ပေါ့။ တာဝန်ယူပြီးတော့ မခေါ်လာရဲဘူး။ ကားသမားတွေမှာလည်း တာဝန်ကြီးလာပြီ” ဟု ပြောသည်။
ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်လာပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဟု ထိုင်းဝန်ကြီးချုပ် ဆရီထာ ထာဝီဆင်က ဖေဖေါ်ဝါရီ ၁၉ ရက်က သတိပေး ပြောကြားထားသည်။
မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ဖေဖော်ဝါရီ ၁၀ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံက စစ်မှုထမ်းဥပဒေရဲ့ အကျိုးဆက်ဖြစ်တယ်။ ပြီးတော့ ထိုင်းကာကွယ်ရေးဝန်ကြီး လည်း လာပြီးတော့ နယ်စပ်ကာကွယ်ရေးအတွက် မြန်မာနိုင်ငံကလူငယ်တွေကူးလာမှာနဲ့ ပတ်သက်ပြီး အခုအချိန်ထိတော့ စိုးရိမ်စရာမရှိဘူး။ ပြင်ဆင်စရာရှိတာ ပြင်ဆင်မယ်လို့ ပြောသွားတယ်။ မြန်မာနိုင်ငံက စစ်အစိုးရနဲ့ ထိုင်းနိုင်ငံက အစိုးရက ဇာတ်တိုက်ပြီးကနေသလား ထင်ရအောင် ဟန်ချက်ညီနေတာကိုတွေ့ရတယ်” ဟု ပြောသည်။
လက်ရှိတွင် နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်သူများ ၊ မှတ်ပုံတင်မရှိသူများ ၊ စစ်ကောင်စီဖမ်းဆီးမည့်စာရင်းထဲတွင် ပါဝင်နေသူအများစုက တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံသို့ ဝင်ရောက်လျက်ရှိသည်။
ယင်းသို့ နီးစပ်ရာ နယ်စပ်ထွက်ပေါက်များမှတဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုကြောင့် ဖေဖော်ဝါရီ ၁၀ ရက် နေ့နောက်ပိုင်းမှစ၍ ယခုရက်ပိုင်းအထိ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၃၀၀ ကျော်ရှိကြောင်း အလုပ်သမားရေး ဆောင်ရွက်သူများထံမှ သိရသည်။
You may also like these stories:
မြန်မာ စစ်မှုထမ်းဥပဒေနှင့် ထိုင်းသို့ ဝင်လာမည့် လူသားလှိုင်းလုံး
မြန်မာများ တရားမဝင် ဝင်ရောက်မှု ကြပ်မတ်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြော
စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရွှေ့ပြောင်းလုပ်သား ပိုများလာနိုင်
လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ
မဲဆောက်တွင် အထောက်အထားမဲ့ မြန်မာအများအပြား ဖမ်းဆီးခံရ