စက်သုံးဆီ တင်သွင်းသော ကုမ္ပဏီများ ဆီဖိုးငွေပေးချေရန် လိုအပ်သည့် အမေရိကန်ဒေါ်လာကို စစ်ကောင်စီက ရောင်းချပေးရာ၌ ဓာတ်ဆီအတွက်မပါသဖြင့် ငွေမချေနိုင်ဖြစ်ကာ ဈေးကွက်အတွင်း ဆီပြတ်လပ်မှုဖြစ်နေသည်။
ဗဟိုဘဏ်သည် စက်သုံးဆီသွင်းသော ကုမ္ပဏီများကို ဆီဖိုးပေးချေရန် လိုအပ်သည့် ဒေါ်လာပမာဏ၏ ၃၀ ရာခိုင်နှုန်း အား သတ်မှတ်ဈေး ၁ ဒေါ်လာလျှင် ကျပ် ၂,၁၀၀ ဖြင့် ရောင်းချပေးနေခြင်းဖြစ်ပြီး ယခုအခါ ဒီဇယ်တမျိုးတည်း အတွက်သာ ထုတ်ရောင်းပေးပြီး ဓာတ်ဆီအတွက် မပါသဖြင့် ဆိုက်ကပ်ထားသော ဆီတင်သင်္ဘောများ အား ငွေမချေနိုင်ဖြစ်နေကြောင်း စက်သုံးဆီတင်သွင်းဖြန့်ရောင်းချသူများက ဆိုသည်။
ထို့ကြောင့် 92, 95 ဓာတ်ဆီများ ဈေးကွက်အတွင်း ပြတ်လပ်နေပြီး ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ၌ စက်သုံးဆီ တန်းဆီစောင့်ဆိုင်းဝယ်ယူရမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူတဦးက “စက်သုံးဆီက ၄ မျိုးရှိတာလေ။ အခု ၄ မျိုးလုံး မထုတ် နိုင်ဘူး။ ဒီဇယ်အတွက်၊ ပရီမီယံအတွက် အရင်ချပေးတယ်။ သူတို့ (စကစ) ဆီမှာ ပိုက်ဆံမလောက်တော့ဘူး ထင် တယ်။ အခုက 92 နဲ့ 95 အတွက် မချပေးသေးတော့ ဆီတွေထုတ်မရဘူး။ မနေ့ကဆို ဆီတွေ တန်းစီဝယ်ယူရတယ်” ဟု ဧရာဝတီကို ပြောသည်။
ယခုတပတ်အတွင်း ပြည်တွင်းဈေးကွက်တွင် ဒေါ်လာဈေး အတက်ကြမ်းခဲ့ပြီး ၁ ဒေါ်လာလျှင် ၃၅၅၀ ကျပ်၊ ၃၅၆၀ ကျပ် ထိ ပေါက်ဈေးရှိသောကြောင့် ဗဟိုဘဏ်က စက်သုံးဆီသမားများထံ ချပေးမည့် ဒေါ်လာငွေကြေးခွဲတမ်းကို မပေးတော့ သဖြင့် ဈေးကွက်အတွင်း အခက်အခဲ ကြုံရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “ဒီနေ့ ဆီဈေးကကျပေမယ့် ဒေါ်လာဈေးနဲ့ကျ မကိုက်တော့ တော်ရုံတန်ရုံ ထုတ်မရောင်းကြဘူး ပေါ့။ ပထမတုန်းက ဆီဖိုးဒေါ်လာကို ဗဟိုဘဏ်ဈေးနဲ့ ၆၀ ရာခိုင်နှုန်း၊ နောက်ပိုင်း ၅၀၊ အဲဒီကနေ အခု ၃၀ ရာခိုင်နှုန်း ပေါ့။ အခုက ဈေးကွက်မှာ ဆီဖိုးငွေ ကျထားတဲ့သူတွေကိုတောင် အကုန်မထုတ်ပေးနိုင် ဖြစ်နေတာပေါ့။ စက်သုံးဆီက ရှိတယ်။ ငွေမချေနိုင်တာပေါ့” ဟု ဆိုသည်။
လက်ရှိတွင် စက်သုံးဆီဈေးကွက်ကို စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန၏ ရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေးဦးစီးဌာန (PPRD) က ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ တည်ငြိမ်ရေးအတွက် စက်သုံးဆီ တင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဖွဲ့စည်းပြီး စက်သုံးဆီဈေးနှုန်းများကို သတ်မှတ်ထိန်းချုပ်လျက် ရှိသည်။
မတ်လ ၁ ရက်နေ့ ဈေးနှုန်းများအရ အောက်တိန်း 92 တလီတာလျှင် ၂,၇၁၅ ကျပ်၊ 95 တလီတာလျှင် ၂,၈၃၅ ကျပ်၊ ဒီဇယ်ဈေးနှုန်းမှာ ၂,၄၈၅ ကျပ်နှင့် ပရီမီယံ ဒီဇယ်ဈေးနှုန်းမှာ ၂,၅၃၅ ကျပ်ဖြစ်ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသည်။
ယခင်က စက်သုံးဆီပြတ်လပ်မှု မရှိစေရန်အတွက် စစ်ကောင်စီသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များအား ဦးစားပေးလုပ်ဆောင်ခဲ့သော်လည်း လက်ရှိတွင် နေပြည်တော်တခုကိုသာ စက်သုံးဆီမပြတ်လပ်စေရေး ဦးစားပေး လုပ်ဆောင်နေကြောင်းလည်း စက်သုံးဆီ လုပ်ငန်းရှင်များက ဆိုသည်။
စစ်ကောင်စီက စက်သုံးဆီဈေးကွက်ကို ထိန်းချုပ်နေသောကြောင့် ၎င်းတို့သတ်မှတ်ဈေး ယနေ့ကျသော်လည်း ပြင်ပဈေးကွက်တွင်မူ တလီတာလျှင် ငွေကျပ် ၄၀၀ ခန့် ပိုမိုမြင့်တက်နေကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းတဦးက “မနေ့က ကျနော်ဆို ၁ နာရီလောက် တန်းစီလိုက်ရတယ်။ မနက်ပိုင်းထဲက တန်းစီနေကြရတာ။ အဲဒါတောင် Denko၊ Max တို့မှာပဲရတယ်။ ဆိုင်တော်တော်များများမှာမရဘူး။ ဆီကပြတ် သလောက်ပုံစံမျိုး ဖြစ်နေတာ။ ဓာတ်ဆီ 92 နဲ့ 95 ပြတ်တာပေါ့။ ဒီဇယ်ကတော့ ဆိုင်တိုင်းရတယ်။ တချို့ဆိုင်တွေကျ 92 ရတယ်၊ 95 မရဘူး။ တချို့ဆိုင်တွေကျ 95 ရတယ်၊ 92 မရဘူး။ နှစ်ခုစလုံးမရတဲ့ဆိုင်လည်း များတယ်” ဟု ပြောသည်။
ရပ်ကွက်ထဲရှိ ဆိုင်များတွင် ရောင်းချသည့်ဈေးနှုန်းမှာ ဓာတ်လီ တလီတာလျှင် ၃,၀၀၀ ကျပ်ကျော်မှ ၄,၀၀၀ ကျပ်ထိ ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။
ပြည်တွင်းဈေးကွက်အတွင်း ဓာတ်ဆီနှင့် ဒီဇယ်ဆီ ဝယ်လိုအားသည် တနေ့လျှင် ပျှမ်းမျှ ဆီဂါလံ ၃ သန်းမှ ၄ သန်းကြား ရှိကြောင်း စက်သုံးဆီလုပ်ငန်းရှင်များထံမှ သိရသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွင်းကလည်း ရန်ကုန်မြို့ အပါအဝင် မြို့ကြီးများတွင် စက်သုံးဆီဆိုင်များ၌ ဆီပြတ်လပ်ခြင်း၊ တန်းစီစောင့်ဆိုင်းရခြင်းများ ကြုံတွေ့ခဲ့ရပြီး လက်ရှိအချိန်တွင်လည်း တိုက်ပွဲများဖြစ်ပွားရာ ဒေသများတွင် စစ်ကောင်စီ၏ ပိတ်ဆို့မှုကြောင့် စက်သုံးဆီ ဝယ်ယူမရသည့်ပြဿနာများ ရှိနေသည်။
You may also like these stories:
ဗဟိုဘဏ် ဒေါ်လာထုတ်မရောင်းပေးနိုင်တော့၍ စက်သုံးဆီဈေးတက်
စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်
စက်သုံးဆီရှိသော်လည်း ရောင်းမပေးသည့် ၁၆ ဆိုင် စစ်ကောင်စီ အရေးယူ
ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်း စက်သုံးဆီကုမ္ပဏီများသို့ ရောင်းပေးရန် စစ်ကောင်စီ ညွှန်ကြား
ကလေးမြို့တွင် စက်သုံးဆီနှင့် ကုန်ပစ္စည်းများ ပြတ်