ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ပြောင်း ပြည်ပတင်ပို့မှုမှ ပို့ကုန်ရငွေ ၇၀ ရာခိုင်းနှုန်းကို ယခင် စက်သုံးဆီ၊ စားသုံးဆီသွင်းသည့် ကုမ္ပဏီများသို့ ပြင်ပပေါက်ဈေးနှင့် တိုက်ရိုက်ရောင်းချခွင့်ပြုသော်လည်း ယခု AD လိုင်စင်ရဘဏ်များသို့ ၁ ဒေါ်လာ လျှင် ၃၀၈၈ ကျပ်မှ ၃၁၅၅ ကျပ် အတွင်း ဈေးဖြင့်ရောင်းရမည်ဟု ဗဟိုဘဏ်က ပြောင်းလဲသတ်မှတ်လိုက်သည်။
ပို့ကုန်ရငွေအပေါ် စစ်ကောင်စီက မူအမျိုးမျိုး ကျင့်သုံးနေပြီး ယခင်က ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ် မှတ်ဈေး ၁ ဒေါ်လာ ၂,၁၀၀ ကျပ်ဖြင့် ဖြတ်ယူနေရာ ကုန်သွယ်မှု အခက်အခဲဖြစ်လာသဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ လက ၃၅ ရာခိုင်နှုန်းသာ ဖြတ်ယူ၍ ကျန် ၆၅ ရာခိုင်နှုန်းကို ပေါက်ဈေးအတိုင်း လဲလှယ်ခွင့်ပြုမည်ဟု ဆိုခဲ့သည်။
ထိုလအတွင်းမှာပင် ထပ်မံ၍ ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီ၊ စားဆီကုမ္ပဏီများ ပြင်ပပေါက်ဈေးဖြင့် ရောင်းချနိုင်သည်ဟု ထုတ်ပြန်ခဲ့ပြီး ၂ လအကြာ AD လိုင်စင်ရဘဏ်များသို့ ရောင်းချရမည်ဆိုကာ ပြောင်းလဲထုတ်ပြန် လာခြင်းဖြစ်သည်။
ပို့ကုန်လုပ်ငန်းရှင်တဦးက “အရင်က ၇၀၊ ၃၀ ရာခိုင်နှုန်းပေါ့နော်။ အဲဒီကနေ ၆၅ ရာခိုင်နှုန်း ၃၅ ရာခိုင်နှုန်းဆိုပြီး ပြန် ပြောင်းသွားတယ်။ ဖေဖော်ဝါရီ ၂၇ ရက်ကလည်း ခေါ်ပြောတယ်။ အဲဒီ အပြောင်းအလဲက ပို့ကုန်သမားတွေကို ထိ တယ်။ မူဝါဒက မငြိမ်ဘူးလေ။ အဲဒီတော့ ဝယ်ရရောင်းရတဲ့နေရာမှာ ဆုံးရှုံးမှုတွေ အရမ်းကြီးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခင် အရပ်သား အစိုးရဖြစ်သည့် ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်က ဈေး ကွက်ကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုထားရာမှ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က အမေရိကန်ဒေါ် လာငွေလဲလှယ်နှုန်းများကို သတ်မှတ် ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။
ထိုသို့ ထိန်းချုပ်မှု တင်းကျပ်ခြင်းမှာ စီးပွားရေးလုပ်ငန်းများ အခက်အခဲပိုမိုဖြစ်ပေါ်သလို နောက်ဆက်တွဲ ကုန်ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် မရှိမဖြစ် အဓိက တင်သွင်းနေရသည့် စက်သုံးဆီ၊ စားသုံးဆီ ဈေးနှုန်းများ တည်ငြိမ်စေရန် အတွက် ပို့ကုန်ဝင်ငွေ တိုးမြှင့်စေရန် ဟုဆိုကာ စစ်ကောင်စီ၏ ဗဟိုဘဏ်က ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ပြီး အပြောင်းအလဲ တချို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယခု ထပ်မံ ပြောင်းလဲလိုက်သည့် ကုန်သွယ်မှု မူဝါဒနှင့် ပတ်သက်၍ စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ် ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၂ ရက်တွင် နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံခဲ့သလို ၂၇ ရက် တွင်လည်း Zoom ဖြင့် လုပ်ငန်းရှင်များကို ထပ်မံ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။
ယင်းမူဝါဒ ပြောင်းလဲသတ်မှတ်ခြင်းနှင့် ပတ်သက်၍ တဖက်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များနှင့် စာချုပ်များ ကြိုတင် ချုပ်ဆိုပြီးဖြစ်သဖြင့် နစ်နာဆုံးရှုံးမှုများ ရှိနိုင်သောကြောင့် ပြောင်းလဲလိုက်သော မူဝါဒကို ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ် ကုန်အထိ ရွှေ့ဆိုင်းပေးပါရန် တင်ပြထားကြောင်း လုပ်ငန်းရှင်များက ပြောသည်။
အထက်ပါ လုပ်ငန်းရှင်က “အခု ဘယ်လိုဖြစ်လဲဆိုတော့ နိုင်ငံခြားငွေဈေးက ဗဟိုဘဏ်မှာတင် ၃ မျိုးလောက် ဖြစ်သွား တယ်။ ပြင်ပဈေးနဲ့ဆို ၄ မျိုးလောက် ဖြစ်တာပေါ့။ ၇၀ ရာခိုင်နှုန်းကို ဆီကုမ္ပဏီတွေကို မရောင်းရတော့ဘူး။ လိုင်စင်ရ ဘဏ်တွေဆီပဲ သတ်မှတ်ဈေးနဲ့ သွားရမယ်။ ၇၀ ရာခိုင်နှုန်းက ပြင်ပပေါက်ဈေးလားဆို မဟုတ်ပြန်ဘူး။ ၁ ဒေါ်လာ ၃၀၈၈ ကျပ်နဲ့ ၃၁၅၅ ကျပ် ကြားထဲမှာ ဖြစ်တဲ့ ဈေးပေါ့။ အဲဒီကမှ ဆီကုမ္ပဏီတွေကို အဓိက ဒီဇယ်ပေါ့နော်။ အဲဒီလူ တွေကို ရောင်းပေးရမယ်။ အဲဒီဆီ ဈေးတန်းက ရောင်းဈေး တခုရှိတယ်။ ၆၅ ရာခိုင်နှုန်း ၃၅ ရာခိုင်နှုန်းမှာက ဗဟိုဘဏ် သတ်မှတ်ထားတဲ့ တဈေးရှိတယ်” ဟု ရှင်းပြသည်။
ထို့ကြောင့် စစ်ကောင်စီ၏ မတည်ငြိမ်သည့် ကုန်သွယ်မှု မူဝါဒအပြောင်းအလဲ၊ သတ်မှတ်ဈေးနှင့် ပြင်ပဈေးမှာ ကွာဟ ခြင်းတို့ကြောင့်လည်း ပို့ကုန်လုပ်ငန်းရှင်များအတွက် အခက်အခဲ ရှိနေကြောင်း ၎င်းက ပြောသည်။
နယ်စပ်လုပ်ငန်းရှင်တဦးက “ပို့ကုန်သမားတွေတော့ ပိုကျပ်သွားမှာပေါ့။ B to B လုပ်ထားတဲ့စာချုပ်တွေ ရှိတယ်။ အဲဒါ တွေက ငွေကြေး မူဝါဒ ပြောင်းလဲတဲ့အခါ ပျက်တော့မှာလေ။ မကိုက်တော့ဘူးလေ။ အဆင်မပြေဘူးဆိုတာထက် ဘယ်လို လုပ်ရမလဲဆိုတဲ့ အားနည်းချက်ရှာ ကိုယ့်အတွက် အသက်ရှုရအောင်ပဲ စဉ်းစားရမှာ ဖြစ်နေတယ်” ဟု လက်ရှိ အခြေအနေကို ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ပြည်ပသို့ တင်ပို့နေသော ဆန်၊ ပဲမျိုးစုံ၊ ပြောင်းလုပ်ငန်းရှင်အများစုသည် စာချုပ်များ ချုပ်ဆိုပြီးမှသာ တင် ပို့ရခြင်းဖြစ်သောကြောင့် လတ်တလောပြောင်းလိုက်သည့် မူဝါဒကြောင့် ပို့ကုန်လုပ်ငန်းရှင်များ အကျိုးအမြတ်နည်းပါး ပြီး တင်ပို့သည့် ကုန်ပစ္စည်းပေါ်တွင် ဈေးလျှော့၍ ဝယ်ယူလာပါက တောင်သူများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ် လာမည်ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များထံက သိရသည်။
You may also like these stories:
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ကျဆင်း
အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်
စစ်ကောင်စီ ဒေါ်လာရောင်းသော်လည်း ဈေးကွက်လိုအပ်ချက် မဖြည့်နိုင်