စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်သိမ်းပြီးနောက် စစ်တပ်က တန့်ဆည်အနောက်ခြမ်းရွာများကို စစ်ကြောင်းထိုးနေရာ ဖေဖော်ဝါရီ ၂၁ ရက်မှ မတ် ၃ ရက်အတွင်း ဒေသခံ ၁၁ ဦး အသတ်ခံရသည်။
ဖေဖေါ်ဝါရီ ၁၉ရက်တွင် ကံထူးမနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက စတင်တိုက်ပြီး ၂၁ရက်နေ့တွင် တနေ ကုန်နီးပါး တိုက်ပွဲဖြစ်ကာ သိမ်းနိုင်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်လာသဖြင့် ပြန်လည်ဆုတ်ခွာ ခဲ့ကြောင်း၊ ထိုနောက် စစ်တပ်နှင့် ပျူစောထီးတို့က ရွာများသို့ လှည့်လည် စစ်ကြောင်းထိုးကာ ဒေသခံ အမျိုးသား ၁၁ ဦးအား PDF ခေါင်းစဉ်တပ်ကာ အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခဲ့ခြင်းဟု သိရသည်။
တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတဦးက “ခနောရွာသစ်က ပကဖ တာဝန်ခံနဲ့ ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တာဝန်ခံ ၂ ဦးကလွဲရင် ကျန်တာ အပြစ်မဲ့ အရပ်သား ပြည်သူတွေချည်းပါပဲ”ဟု ပြော သည်။
မတ်လ ၃ ရက်နေ့တွင် စစ်ကြောင်းပြန်လည် ထွက်ခွာသွားသောကြောင့် ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ချိန်၌ သတ်ဖြတ်ခံရသူများ၏ အလောင်းများကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ရေဦးမြို့နယ်အခြေပြု People”s Defense Comrade မှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား) က “မနေ့က စစ်ကြောင်း တန့်ဆည်မြို့ထဲ ဝင်သွားတဲ့အချိန်မှာ သတ်ဖြတ်ခံရတဲ့ အလောင်းတွေကို တနေရာစီ တွေ့ခဲ့ရတယ်။ ၈ဦး၊ ၉ ဦးလောက်ထိ အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ထားတယ်၊ တစစီလိုက်ကောက်ရတဲ့အလောင်းက ပိုများတယ်၊ ခေါင်းဖြတ်တယ်၊ ခြေဖြတ်၊ လက်ဖြတ်၊ ဗိုက်ခွဲ၊ အူထုတ်၊ အသဲထုတ်နဲ့ လူမဆန်စွာ သတ်ဖြတ်သွားကြတာ၊ မနေ့ကလည်း အချိန်ရသလောက် မီးသဂြိုဟ်ပေးခဲ့ကြတယ်၊ ဒီနေ့လည်း မီးသဂြိုဟ်ကြဖို့ လုပ်နေကြတယ်”ဟု ပြောသည်။
ဖေဖော်ဝါရီလ ၁၉ ရက်က ဆူးပါကုန်းရွာမှ ၃၀ နှစ်အရွယ် အမျိုးသားကို လည်လှီး သတ်သလို ဖေဖော်ဝါရီ ၂၄ ရက်၌ ဝရငယ်ရွာမှ အသက် ၇၀ အရွယ် အဘိုးအိုတဦး ၊ဖေဖော်ဝါရီ ၂၆ ရက်တွင် ခနောရွာသစ်မှ အသက် ၅၀ အရွယ် ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံနှင့် ရပ်ကျေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ၊ ဖေဖော်ဝါရီ ၂၇ ရက်တွင် အင်ပင်အိုက်ကျေးရွာမှ အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦး၊ ဇီးပေါက်ကျေးရွာမှ အသက် ၅၀ ခန့်အရွယ် အမျိုးသား ၂ ဦး၊ ပန်းထိမ်ကုန်းကျေးရွာမှ အသက် ၃၅ နှစ်အရွယ် အမျိုးသား တဦးတို့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် မတ်လ ၁ ရက်နေ့တွင် ကံထူးမရဲစခန်း၌ ချုပ်နှောင်ခံထားရသော အသက် ၃၀ နှင့် ၄၀ အရွယ် အမျိုးသား ၂ ဦး တို့ကိုလည်း အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခဲ့သလို ရွာသစ်ကျေးရွာမှ အသက်၄၅နှစ်အရွယ် အမျိုးသားတဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဘီလူးစစ်ကြောင်း ခေါ်သည့် ခမရ ၇၀၈ နှင့် ခလရ ၁၁ ပူးပေါင်းတပ်ဖွဲ့သည် ရေဦးမြို့၌ တပ်စွဲပြီး ဇန်နဝါရီလဆန်းပိုင်းမှ စ၍ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းမြို့နယ်များသို့ လှည့်လည်စစ်ကြောင်းထိုးနေရာမှ ကံထူးမတိုက်ပွဲကြောင့် တန့်ဆည်မြို့နယ်သို့ ပထမ ဦးဆုံးအကြိမ် ဝင်ရောက်လာခြင်းဟု သိရသည်။
ကိုထူးခန့်ဇော် က “ဘီလူးကွန်မန်ဒိုစစ်ကြောင်းဆိုတော့ အဟုတ်မှတ်တာပေါ့ တကယ်တမ်းက ဒီစစ်ကြောင်းက အခုလို ပြည်သူတွေကို အငိုက်ဝင်ဖမ်း၊ PDF ခေါင်းစဉ်တပ်ပြီး အပိုင်းပိုင်းခုတ်ထစ်သတ်ပြ၊ မိန်းကလေးတွေကို မုဒိမ်းကျင့် မီးရှို့ သတ်ဖြတ်ပြနေလို့ ဘီလူးစစ်ကြောင်းဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတာပါ၊ ကျနော်တို့ ကာကွယ်ရေးရဲဘော်တွေနဲ့ မြေပြင်မှာ တိုက်ရဲခိုက်ရဲလို့ နာမည်ကြီးတာ မဟုတ်ဘူး”ဟု ဆိုသည်။
အဆိုပါ စစ်ကြောင်းသည် ရွာများသို့ ညအချိန်မတော် ဝင်ကာ ဖမ်းဆီးသတ်ဖြတ်နေကြောင်း၊ ဖေဖော်ဝါရီ ၁၉ မှ မတ်လ ၃ ရက်အတွင်း ယင်းစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက် ခြင်းအပြင် ထိတွေ့တိုက်ပွဲများလည်းဖြစ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး သေဆုံးသလို ဘီလူးစစ်ကြောင်းမှလည်း သေဆုံးမှုများကြောင်း သိရသည်။
တန့်ဆည်မြို့နယ် ပအဖက ထိုသို့ ခေါင်းဖြတ်၊ လည်လှီး၊ ဦးခေါင်းပုဆိန်နှင့်ထု၊ ကိုယ်လက် အင်္ဂါ ဖြတ်တောက်၍ ရက်စက်စွာ သတ်ဖြတ်သူများကို ပြင်းထန်စွာ ရှုတ်ချပြီး အမိန့်ပေးစေခိုင်းသူ၊ လက်ရောက် ကျူးလွန် သူ၊ အားပေးအားမြှောက်ပြုသူနှင့် တာဝန်ရှိသူ အဆင့်ဆင့်ကို မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ပြည်တွင်း/ပြည်ပ တရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအရေးယူ ပြစ်ဒဏ်ချနိုင်ရေး အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ အားထုတ်ဆောင်ရွက်သွားမည်ဟု မတ်လ ၄ ရက်က ထုတ်ပြန်သည်။
စစ်ကြောင်းဝင်ရောက်စဉ် တန့်ဆည်နယ် အနောက်ခြမ်း တန့်ဆည်-ကံထူးမ-ကလေးဝ (မဟာမြိုင်လမ်း) လမ်းမပေါ်ရှိ ကျေးရွာပေါင်း ၄၀ ခန့်မှ ဒေသခံ ၃ သောင်းနီးပါး ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေပြီး စစ်ကြောင်း ထွက်သွားပြီဖြစ်သော်လည်း ဒေသခံများ ဖမ်းဆီး သတ်ဖြတ်ခံထားရမှုကြောင့် ကျေးရွာများအားလုံး ပြန်လည်ဝင်ရောက်နေထိုင်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါစစ်ကြောင်းသည် ယနေ့ (မတ်လ ၄ရက်)တွင် တနယ်ကျေးရွာသို့ ဝင်ရောက်နေပြီး တန့်ဆည် တောင်ခြမ်းသို့ စစ်ကြောင်းထိုးနေလာသဖြင့် ကျေးရွာ ၁၀ ခန့်မှ ဒေသခံ ၃ ထောင်ကျော်ထိ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
You may also like these stories:
စစ်ရာဇဝတ်မှုများနှင့် မှတပါး အခြားမရှိ
တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီစခန်း ၄ ခု PDF ဝင်တိုက်
စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်
ကန့်ဘလူ အချုပ်စခန်းက အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု