ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့ ၌ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသော်လည်း မြို့ခံများ လုံခြုံရေးစိုးရိမ် သဖြင့် ပြန်လည်ဝင်ရောက် နေထိုင်သူ အနည်းငယ်သာရှိကြောင်း ဒေသခံများထံမှသိရသည်။
ယခုနှစ်ဆန်း ဇန်နဝါရီလက တော်လှန်ရေးတပ်များ ခေတ္တသိမ်းပိုက်နိုင်ခဲ့သည့် မိုးမိတ်မြို့ကို စစ်တပ်က ပြန် ထိန်းချုပ် ပြီးနောက် စစ်အုပ်ချုပ်ရေးကြေညာကာ မြို့ခံများ ပြန်နေထိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
မိုးမိတ်မြို့ခံတဦးက “၃ ရက်နေ့က မြို့ကို ပြန်ရောက်တယ်။ နေတဲ့သူ တော်တော်နည်းနေတာမို့ အခြေအနေ စောင့် ကြည့် နေ နေရတာပေါ့။ မြို့ထဲမှာ နေနိုင်ရင်တော့ သူခိုးရန်က လျော့သွားနိုင်ပါတယ်။ လက်ရှိ တော်တော်များများ တော့ မြို့ထဲ ရောက်နေကြပြီဆိုပေမယ့် နေ့ခင်းပိုင်းမှာ ကိုယ့်နေရာလေးနဲ့ လမ်းတွေကို သန့်ရှင်းရေးလုပ် အိမ်စောင့် တယောက် နှစ်ယောက်လောက်ထားပြီး ညပိုင်းဆိုရင် ရွာတွေဘက် သွားအိပ်နေကြရတုန်းပဲ” ဟု ပြောသည်။
ယခုရက်ပိုင်း တိုက်ပွဲအခြေအနေ ငြိမ်နေသဖြင့် မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်သူ ၂၀၀ ကျော်ခန့်ရှိလာပြီး ရပ်ကွက်၊ လမ်းများ၊ နေအိမ်များကို သန့်ရှင်းရေးလုပ်ဆောင်နေကြကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့်လများက တိုက်ပွဲပြင်းထန်ခဲ့သဖြင့် မိုးမိတ်မြို့လုံးကျွတ် စစ်ဘေးရှောင်ကြရကာ တိုက်ပွဲအတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြောက်ပိုင်းရပ်ကွက်ရှိ မြို့မဈေးကြီး မီးလောင်ဆုံးရှုံးခဲ့သလို မြို့ခံများမှာ မိုးကုတ်၊ မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်မဲမြို့များနှင့် မိုးမိတ်မြို့စွန်မြို့ဖျားရှိ ကျေးရွာများ၊ လယ်ကွင်းများ၊ တောတောင်များသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
တခြား မိုးမိတ်မြို့ခံတဦးက “မြို့ထဲပြန်ဝင်ပြီး နေလို့ရပြီလို့ ပြောလို့ နေဖို့ ပြင်ဆင်နေကြတယ်။ အခုကတော့ မြောက်ပိုင်း ရပ်ကွက်ထဲမှာတောင် ၄၊ ၅ အိမ်ခြားလောက်မှာ စစ်သားတယောက်လောက် လက်နက်အပြည့်အစုံနဲ့ စောင့်နေတာရှိ တယ်။ ဒီလို စစ်သားတွေရှိ နေလို့ လုံခြုံရေးအတွက်ကို စိုးရိမ်နေကြတာပါ။ အခုတော့ အဆင်ပြေတဲ့အချိန်လေးမှာ ကိုယ့်အိမ်က အပျက်အစီးတွေ ပြန်ရှင်း၊ မြို့ထဲကနေ ပြန်ထွက်ကြ လုပ်နေကြတုန်းပဲ” ဟု ပြောသည်။
မိုးမိတ်မြို့တွင်းရှိ ရဲစခန်းနှင့် စစ်တပ်စခန်းများအား ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်း တပ်များက ဇန်နဝါရီလ ၂၅ ရက်အထိ ထိန်းချုပ်ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာပေးခဲ့ရာ ဇန်နဝါရီ ၂၇ ရက်တွင် စစ်ကောင်စီက ပြန်လည် ထိန်းချုပ်ခဲ့သည်။
ထိုသို့ ထိန်းချုပ်နိုင်ပြီးနောက် မိုးမိတ်မြို့နှင့်အတူ KIA နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် မဘိမ်းမြို့ နယ်ကိုပါ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ရက်စွဲဖြင့် အာဏာသိမ်းစစ်ကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခဲ့ သည်။
မိုးမိတ်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “စစ်အုပ်ချုပ်ရေးဆိုတော့ စစ်တပ် ခြယ်လှယ်ချင်တိုင်း ခြယ် လှယ်ခွင့်ရသွားတာပေါ့၊ သူတို့ပါးစပ်ကထွက်တာ ဥပဒေပဲ၊ သူတို့ အမြင်မကြည်ရင် မကြည်သလို လုပ်လာနိုင်တယ်၊ ဘာစောဒကမှ တက်ခွင့်ရမှာ မဟုတ်ဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ သတိဝီရိယကြီးကြီးနဲ့ သွားလာနေထိုင်ကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
မိုးမိတ်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၃၄၈ ခြေမြန်တပ်ရင်း၊ ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ၏ ဗျူဟာတခုနှင့် အမှတ် ၂၂၃ ခြေလျင်တပ်ရင်း၊ အမှတ် ၂၇၆ ခြေလျင် တပ် ရင်းတို့ အခြေစိုက်ထားပြီး ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခဲ့သလို နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသခံများက ဆိုသည်။
မိုးမိတ်မြို့အား စစ်တပ်က ပြန်ထိန်းချုပ်ပြီးနောက် အမှတ် ၉၉ ခြေမြန်တပ်မ ဌာနချုပ် (တမခ ၉၉)မှ တပ်များ မိုးမိတ်မြို့ တွင်း တပ်စွဲခဲ့ကာ ဒေသခံများ ဝင်ရောက်နေထိုင်ခွင့် မပြုသေးချိန်၌ နေအိမ်များ၊ ဈေးဆိုင်ခန်းများ ဖောက်ထွင်းခံရမှု များ ရှိနေကြောင်း ဒေသခံများက ဆိုသည်။
“မြို့ထဲကို ပြန်ဝင်ဖို့ ခွင့်ပြုလို့ ဝင်တဲ့အချိန်မှာ ဆိုင်တွေ အိမ်တွေ ဖောက်ခံရတယ်ဆိုတာ သိရတာပါ။ အိမ်ထဲမှာ သော့ ခတ်ပြီး သိမ်းထားတဲ့ ဆိုင်ကယ် ၂ စီး မရှိတော့ဘူး။ အိမ်ထဲမှာလည်း မွှေနှောက်ထားတာ တွေ့ရတယ်။ ဆိုင်တွေလည်း ဖောက်ခံထားရလို့ ဘာမှကို မရှိတော့ဘူး။ တိုက်တန်းတွေလည်း အကုန်ဖောက်ခံထားရတယ်၊ ဖောက်ထွင်းခံရ တာတွေအပြင် ဖျက်ဆီးခံရတာတွေရော မီးလောင်တာတွေရော တော်တော်များတယ်၊ မြို့ကတော့ ပျက်သလောက် နီးပါးပဲ” ဟု မိုးမိတ်မြို့ခံ တဦးက ပြောသည်။
ဖောက်ထွင်းခံရမှုများကို လူမှုကွန်ရက်တွင် မြို့ခံများက ရုပ်သံဖိုင်များဖြင့် ဖြန့်ဝေထားကြပြီး တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် မြို့၏ ၃ ပုံ ၂ ပုံခန့်မှာ ပျက်စီးနေပြီဖြစ်သလို ပိတ်မိခဲ့သည့် အရပ်သားပြည်သူ ၄၀ ကျော်ထိ သေဆုံးခဲ့ကာ လူမှုကူညီရေးအသင်းများက ရုပ်အလောင်းများကို ကောက်ယူ၍ ဘောလုံးကွင်းအတွင်းမှာပင် စုပုံ၍ မီးသင်္ဂြိုဟ်ပေးခဲ့ရသေးကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် ဇန်နဝါရီ ၁ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှု၊ တရားဥပဒေမဲ့သတ်ဖြတ်မှုနှင့် အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုများကြားမှ ဒေသခံ ၆၀၀၀ ကျော် နေရပ် စွန့်ခွာထွက်ပြေးနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ထားသည်။
နေရပ်စွန့်ခွာထွက်ပြေးသော ဒေသခံ ၄၀၀၀ ကျော်သည် မိုးမိတ်မြို့စွန်မြို့ဖျားရှိ ကျေးရွာများ၊ လယ်ကွင်းများ၊ တော တောင်များတွင် ပုန်းရှောင်ခဲ့ရပြီး အခြား ၂၀၀၀ ဦးခန့်သည် မန္တလေး၊ ပြင်ဦးလွင်နှင့် ကျောက်မဲမြို့များသို့ ထွက်ပြေးခို လှုံခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း အရပ်သားပြည်သူ ၂၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရကာ မြို့၏အစိတ်အပိုင်းအများစု မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်ဟုလည်း ထည့်သွင်း ဖော်ပြထားသည်။
မိုးမိတ်မြို့နယ် မြောက်ဘက်အစွန်သည် စစ်ကောင်စီက ၂၀၂၃ ခုနှစ်တွင် စီစဉ်ခဲ့သော ဒေါ်လာ ၁ ဒသမ ၅ မီလီယံ တန်ဖိုး ရှိ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းဖြစ်သော ရွှေလီသုံးရေကာတာစီမံကိန်းရှိသည့် နေရာဖြစ်သလို ယင်းစီမံ ကိန်းသည် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ထွက်ခွာသွားသည့် ပြင်သစ် EDF စီမံကိန်းနောက် အမည် မဖော်ထား သည့် ရင်းနှီးမြှုပ်နှံသူများ ပြုလုပ်နေသည့် စီမံကိန်းဟုလည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထုတ်ဖော်ပြောဆို ထားသည်။
မိုးမိတ်မြို့နယ်သည် ရွှေလီမြစ်ဘေးတွင် တည်ရှိသလို ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိစာရင်းများအရ မြို့တမြို့၊ ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၉၇ အုပ်စု၊ ကျေးရွာ ၉၇ ရွာ၊ လူဦးရေ ၆ သောင်းခွဲကျော်နေထိုင်ပြီး လမ်းပန်းဆက်သွယ် ရေးအနေဖြင့် ကားလမ်းသာရှိကာ မိုးကုတ်မြို့နှင့် ၂၈ မိုင်ခန့်သာ ကွာဝေးသည်။
You may also like these stories:
စစ်တပ် ထိန်းချုပ်ထားသည့် မိုးမိတ်မြို့၌ အိမ်များ ဖောက်ထွင်းခံနေရ
မိုးမိတ်ကို စစ်တပ် ပြန်ထိန်းချုပ်၊ ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေ
မိုးမိတ်တွင် ပိတ်မိနေသူများ အမြန်ဆုံးထွက်ခွာကြရန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ သတိပေး