စစ်ကိုင်းတိုင်း တန့်ဆည်မြို့မှ ဆုတ်ခွာလာသည့် ဘီလူးစစ်ကြောင်းသည် ရေဦးမြို့နယ်အနောက်ခြမ်းသို့ ဝင်လာသဖြင့် ဒေသခံ ၃ထောင်ကျော် ထွက်ပြေးနေရသည်။
အဆိုပါ ဘီလူးစစ်ကြောင်းသည် မတ်လ ၄ရက်က တန့်ဆည်မြို့နယ်ထဲမှ ဆုတ်ခွာလာခြင်းဖြစ်ပြီး ရေဦးမြို့နယ် နှောကုန်းရွာတွင် ညအိပ် တပ်စွဲသဖြင့် မင်းပေါက်၊ ဝက်ဖိုး၊ မဲအိုး၊ တောင်ကုန်း၊ ဇဝ၊ နှောကုန်း အပါအဝင် ရွာ ၁၀ ရွာကျော်မှ ဒေသခံ ၃,၀၀၀ ကျော် တိမ်းရှောင်နေကြပြီး၊ စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် ရေဦးမြို့ထဲသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။
ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ကိုထူးခန့်ဇော် (အမေ့သား)က “ဘီလူးစစ်ကြောင်းက မနေ့က တန့်ဆည်နယ်ကနေပြီး ရေဦးနယ်အနောက်ခြမ်းကို လာလမ်းအတိုင်း ပြန်ဝင်လာတယ်။ ကံထူးမရွာကို သွားတုန်းကလည်း ဒီရွာတွေကိုပဲ ဖြတ်ပြီးသွားတယ်။ အခုလည်း ဒီရွာတွေကိုပဲဖြတ်ပြီးတော့ ဝင်လာတယ်” ဟု ပြောသည်။
ခမရ ၇၀၈ နှင့် ခလရ ၁၁တို့ ပူးပေါင်းစစ်ကြောင်းသည် ဇန်နဝါရီလဆန်း မှစ၍ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း မြို့နယ်များသို့ လှည့်လည်နေရာမှ ကံထူးမတိုက်ပွဲကြောင့် တန့်ဆည်မြို့နယ်သို့ ပထမဦးဆုံး ဝင်လာခြင်းဖြစ်ပြီး အရပ်သား ၁၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ကာ ရွာ ၉ မှ အိမ် ၅၆ လုံး မီးရှို့ဖျက်ဆီး ခဲ့ကြောင်း တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။
ရေဦးအနောက်ခြမ်း ဒေသခံတဦးက “ဘီလူးစစ်ကြောင်းက ရေဦးရော တန့်ဆည်၊ ခင်ဦး ၊ ဒီပဲယင်းနယ်ကို ပတ်ပြီးတော့ မွှေနေတာဆိုတော့ အိမ်မှာနေကြရတဲ့ ရက်ကို မရှိပါဘူး။ တလမှာ ၁၀ ရက်လောက်ပဲနေကြရတာဆိုတော့ အလုပ်ပျက်၊ အကိုင်ပျက်နဲ့ လှည့်ပတ်ပြီး ပြေးနေကြရတာ။ ဒုက္ခတော့ ရောက်တာပေါ့။ တချို့ နွေစပါးလုပ်မယ့် တောင်သူတွေဆို ရင် လည်း ဒုက္ခရောက်တယ်။ စစ်ကြောင်းရန်ကြောင့် နွေစပါးလည်းမလုပ်နိုင်သေးဘူး။ တော်တော်လေးတော့ အခက်အခဲဖြစ် ကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကြောင်းဝင်စဉ် တန့်ဆည် အနောက်ခြမ်း တန့်ဆည်-ကံထူးမ-ကလေးဝ (မဟာမြိုင်လမ်း) လမ်းမပေါ်ရှိ ကျေးရွာပေါင်း ၄၀ ခန့်မှ လူ ၃ သောင်းနီးပါး အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေပြီး စစ်ကြောင်းထွက်သွားပြီ ဖြစ်သော်လည်း ဒေသခံများ အသတ်ခံထားရမှုကြောင့် ရွာအားလုံး ပြန်လည်နေနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
ကိုထူးခန့်ဇော် (အမေ့သား) က “ဘီလူးစစ်ကြောင်းက ရေဦးအထိုင်တပ်လည်းဖြစ်တော့ တနယ်မဟုတ် တနယ်တော့ လှုပ်ရှားလာမယ် ပြန်ထွက်လာမယ်လို့ ခန့်မှန်းထားတယ်။ခင်ဦးနယ်ရယ် ရေဦးနယ် ၂မြို့နယ်က ပြည်သူတွေလည်း ဂရုစိုက်ကြဖို့ စစ်ကြောင်းက နေ့ခင်းဘက်ထက် ညပိုင်းမှာ ထိုးတာများတဲ့အတွက် ရေဦးနဲ့ အနီးတဝိုက်က ပြည်သူတွေ သတိပေး ရှောင်ခိုင်းထားတယ်။ ရေဦးမြို့နဲ့ ၁မိုင် ၂ မိုင် ပတ်ချာလည်က ရွာတွေ အငိုက်ဝင်စီးရင် အမြဲခံနေရတာမို့လို့” ဟု ပြောသည်။
မတ်လ ၅ရက် နံနက်ပိုင်းက တန့်ဆည်မြို့ဘက်မှ ဆုတ်ခွာလာသည့် ပျူစောထီးဘုန်းကြီးဝါသဝ၏ ပျူစစ်ကြောင်းကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) နှင့် အမှတ် (၁) စစ်ဒေသတွင် ပါဝင်သော မဟာမိတ်တပ်ပေါင်းစုက တန့်ဆည်မြို့နယ် တောင်ပိုင်းတနေရာ၌ ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်ခဲ့သည်။
ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)က တာဝန်ရှိသူတဦးက “မိနစ် ၂၀ခန့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်ခင်ဗျ။ ရန်သူ့ထိခိုက်မှု အတိအကျ မသိရပေမယ့် ဒေသခံတွေ ရဲ့ပြောကြားမှုအရတော့ ၂ဦးကနေ ၄ဦးထိ ထိခိုက်သေဆုံးတာမျိုးရှိနိုင်တာ သိရပါတယ်ခင်ဗျ” ဟု ပြောသည်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ရဲတပ်ရင်း ၁၆၊ ခမရ ၃၆၁ နှင့် ပျူစောထီးများ တပ်စွဲထားသည့် ကံထူးမရွာ ရဲစခန်းအား မတ်လ ၄ ရက်နေ့က အလုံးစုံ သိမ်းပိုက်လိုက်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
You may also like these stories:
တန့်ဆည် ကံထူးမရဲစခန်း PDF တို့ သိမ်းပိုက်
တန့်ဆည်အနောက်ခြမ်း ဒေသခံ ၁၁ ဦး စစ်ကြောင်းက သတ်ဖြတ်
ကန့်ဘလူ အချုပ်စခန်းက အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု