စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနီး ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်းပစ်ကူများကြောင့် စာသင်ကျောင်း အပါအဝင် နေအိမ် ၃၀ ခန့် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီက ကောလင်းမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့နှင့်အနီးဝန်းကျင်ကျေးရွာများသို့ စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မတ်လ ၂ ရက်မှ ၄ ရက်ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်း ပစ်ခတ်မှုများပါ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်များက ဆိုသည်။
မတ် ၂ ရက်တွင် ကောလင်းမြို့အရှေ့ခြမ်း၊ ကျောက်တန်းလမ်းဆုံ သစ်ဖုလှဘုရားကုန်းမှ ခံသာကျေးရွာသို့ အင်အား ၁၂၀ ခန့်ရှိ တပ်မ-၁၁ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ခံသာကျေးရွာအဝင်၌ ကောလင်းခရိုင်အမှတ် (၁)နှင့် အမှတ် (၄) တပ်ရင်း၊ ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကောလင်းခရိုင် အမှတ် (၁) တပ်ရင်းမှ တာဝန်ရှိသူတဦးက “အခုရက်ပိုင်း တိုက်ပွဲတွေက မြို့အရှေ့ခြမ်းမှာ ဖြစ်တာများတယ်။ တိုက်ပွဲအတွင်းမှာ ဒေသခံတွေ ပိတ်မိနေတာမျိုး မရှိခဲ့ပါဘူး။ သစ်ဖုလတောင်ကို ဝင်တိုက်တော့ ကိုးတောင်ဘို့ကနေ စစ်ကူ ၂၀၀ လောက်လာတယ်။ အဲဒီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တာများတယ်။ မနေ့ကနဲ့ ဒီနေ့ တိုက်ပွဲတွေမဖြစ်ပေမယ့် စစ်ကြောင်းကတော့ ဆက်ထိုးနေဆဲပါပဲ” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာသဖြင့် မတ် ၄ ရက် ညနေပိုင်းတွင် ခံသာကျေးရွာ မှတဆင့် ကျောက်တန်းကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း ၎င်းက ဆိုသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မတ် ၃ ရက်တွင် ခံသာကျေးရွာမှ ကျန်းမာရေးဆေးပေးခန်း၊ အထက်တန်းကျောင်း စာသင်ဆောင် ၂ ဆောင်နှင့် နေအိမ် ၅ လုံး ပျက်စီးခဲ့သလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ ရဲဘော် ၂ ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ မတ် ၄ ရက်၌လည်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း၊ မတ် ၅ ရက်နေ့ စစ်ကြောင်း ပြန်လည်ဆုတ်ခွာရာ တွင်လည်း ကျောက်တန်းကျေးရွာရှိ နေအိမ် ၃ လုံးအား မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။
ကောလင်းမြို့နယ် ပကဖ တာဝန်ရှိသူတဦးက “လက်ရှိ ရန်သူနဲ့ နီးကပ်တဲ့ အနေအထားဆိုတော့ အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အသက်ပေးပြီး ကာကွယ်ပါမယ် ဆိုတဲ့ စစ်ကောင်စီစစ်သားတွေက ရွာတွေကိုဝင်စီး၊ အိမ်တွေကနေပစ္စည်းယူ၊ နေအိမ်မီးရှို့နေတာကြောင့် ကျနော်တို့ တော်လှန်ရေးပူးပေါင်းအင်အားစုတွေက လိုက်လံတားဆီး ကာကွယ်တိုက်ခိုက်နေရတာမျိုးပါ” ဟု ပြောသည်။
စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းရေးပြုလုပ်ရာ ခံသာကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး၏ ရုပ်အလောင်းကို တွေ့ရှိရှင်းလင်းခဲ့ရပြီး MA3 ၁ လက်၊ ကင်းထောက်ဒရုန်း ၁ စီး၊ ငါးကြင်းမြီးပြောင်း ၁ ခုနှင့် ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ပူးပေါင်းတပ်များက ဆိုသည်။
မတ် ၄ ရက် ညပိုင်းတွင် ကောလင်းခရိုင် တပ်ရင်း (၂) နှင့် ပူးပေါင်းအဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယာယီ အခြေပြုနေရာများဖြစ်သည့် ကောလင်းမြို့ပေါ် မင်းတဲကြီးရပ်ကွက်၊ အောင်ချမ်းသာ၊ မင်းဂျမ်း၊ စိုင်ဒူးနှင့် ဆေးမင်းခုံတို့အား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၃ နာရီခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ မတ် ၅ ရက်တွင် ကျောက်တန်း၌ ညအိပ်ခဲ့သော စစ်ကြောင်းသည် ရွှေလုပ်ကွက်များရှိရာ ကျောက်ပုထိုးသို့ ဦးတည်ပြီး ချပ်ကုန်းကျေးရွာသို့ ယနေ့ စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း သိရသည်။
ဒေသခံတဦးက “လက်ရှိ စစ်ကြောင်းက ကျောက်ပုထိုးရွှေတွင်းဘက်ကို သွားနေတယ်။ အဲဒီမှာ အစောင့်တပ်တွေရှိတယ်။ ကျောက်ပုထိုးမှာက ထာဝရစက်ရုံကြီးရှိတယ်။ လက်ရှိ ကောလင်းမြို့နယ်ကို အဲဒီကနေ မီးပေးနေတာ။ ထာဝရကုမ္ပဏီက လက်ရှိအချိန်ထိ ရွှေခိုးတူးနေတယ်လို့ ခန့်မှန်းရတယ်။ စစ်တပ်က ရှိနေတော့ အနီးနားထိမကပ်နိုင်လို့ အသေးစိတ်တော့မသိရဘူး” ဟု ပြောသည်။
ကောလင်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဖေဖော်ဝါရီ ၂၇ ရက်မှစတင်ကာ ရွှေဘို-မြစ်ကြီးနား ကားလမ်းမပေါ်ရှိ ကျောက်တန်းကျေးရွာအနီး ကားအစီးရေ ၁၅၀၀ ကျော်နှင့် ကားသမား၊ ခရီးသည် ၁ သောင်းခွဲကျော် ပိတ်မိခဲ့ကြောင်း၊ ယနေ့တွင် စစ်ကောင်စီစစ်ကြောင်း ကားလမ်းပေါ် မရှိတော့သည့်အတွက် လမ်းပြန်ဖွင့်ပြီး ပုံမှန်အတိုင်း ဖြတ်ခိုင်းနေပြီဖြစ်ကြောင်း ကောလင်းခရိုင် အမှတ် (၁) တပ်ရင်းမှ တာဝန်ရှိသူတဦးက ပြောသည်။
ကုန်ကားမောင်းသူတဦးက “ဒီနေ့တော့ လမ်းပြန်ဖွင့်လို့ ထွက်လာနိုင်ပါပြီ။ ကျနော်တို့ ပိတ်မိခဲ့တာ တပတ်ကျော်တယ်။ တိုက်ပွဲတွေ ပြင်းထန်နေလို့ လမ်းပိတ်ထားတာလို့ သိရတယ်။ လမ်းပိတ်တာကတော့ စစ်တပ်ရော၊ PDF ရော နှစ်ဖွဲ့လုံးက ပိတ်ထားတာ။ အင်တာနက်လည်းမရ၊ ဖုန်းလိုင်းတွေလည်းမမိဆိုတော့ ဘယ်ကိုမှ ဆက်သွယ်လို့မရဘဲ ဒီအတိုင်းနေခဲ့ကြရတာ။ PDF အဖွဲ့တွေကတော့ ထမင်းထုပ်တွေ လာဝေပေးတာမျိုး ရှိတယ်။ အိပ်တာကတော့ လမ်းပေါ်မှာပဲ ဖြစ်သလို အိပ်ခဲ့ကြရတာပေါ့” ဟု ပြောသည်။
ကောလင်းမြို့အား စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအား ဆက်တိုက် မီးရှို့ဖျက်ဆီးမှုများနှင့် အရပ်သားများကိုပါ ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေလျက်ရှိရာ မတ် ၁ ရက်တွင် ကျောက်တန်း၊ ငါးကြီးအိုင်ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့ပြီး ငါးကြီးအိုင်ကျေးရွာရှိ ချောင်းအနီးတွင် သတ်ဖြတ်ပြီး စွန့်ပစ်ထားသော အရပ်သားအမျိုးသား ၃ ဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကောလင်းမြို့ခံတဦးက “စစ်တပ် ထိန်းချုပ်ပြီးနောက်ပိုင်းမှာ မြို့ပေါ်ရပ်ကွက်တွေကို မီးရှို့ဖျက်ဆီးတယ်။ သူတို့ ဂုဏ်သိက္ခာအရ မြို့ကို ရအောင်ပြန်ယူပြီးတော့ မြို့ပေါ်မှာ ခံစစ်ပြင်တယ်။ အခိုင်အမာရှိတဲ့ အထပ်မြင့်တိုက်တွေကို အမာခံယူပြီး သူတို့ယူထားတဲ့ နေရာတွေကနေ ကြည့်လိုက်ရင် မြင်ကွင်းဖုံးနေတဲ့ နေရာတွေကို အကုန်ဖျက်ဆီးတာ မျိုးပေါ့။ အခုဆိုရင် မြို့ပတ်လည် ရွာတွေကိုပါ လက်နက်ကြီးတွေ ပစ်ရှင်း ဝင်စီးပြီး အိမ်တွေကို ဆက်တိုက်မီးရှို့နေတာ ဒီနေ့အထိပဲ” ဟု ပြောသည်။
ထိုသို့ မီးရှို့မှု၊ အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်မှုများနှင့် ပတ်သက်၍ ကောလာဟလ သတင်းမှားများသာဖြစ်ပြီး မှန်ကန်မှုမရှိကြောင်း၊ ပြည်သူများ အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်ပေါ် လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း စစ်ကောင်စီက မတ် ၄ ရက်တွင် တုံ့ပြန်ထုတ်ထားသည်။
တိုက်ပွဲများကြောင့် ကျောက်တန်း၊ ငါးကြီးအိုင်၊ ရွာမ၊ သခွတ်ခုံ၊ ပေကုန်း၊ ညှင့်ဒူး၊ ခံသာ၊ မင်းကုန်း၊ ကျွန်းလှခုံ၊ ခွင့်တောင်း၊ လက်ပံကွေ့၊ ကျူတော၊ စံတော်ရာကုန်း၊ ဆေးမင်းခုံ၊ ဆိုင်ဒူး၊ ဝါးရုံခုံ၊ ဇီးခုံ စသည်တို့ အပါအဝင် ကျေးရွာပေါင်း ၂၅ ရွာကျော် မီးရှို့ဖျက်ဆီးခံထားရသည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်နေခြင်းတို့ကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ ၃၀ ကျော်မှ ဒေသခံ ၃ သောင်းကျော်ထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။
You may also like these stories:
ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်
ကောလင်းမြို့တွင်းမှ စစ်ကောင်စီတပ်များ ပြန်ဆုတ်သွားဟုဆို
ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ
လက်နက်ကြီးကြောင့် ကောလင်းမြို့၌ သေဆုံးသူ ၁၃ဦးအထိ ရှိလာ