ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားသည့် ၃ မြို့နယ်အား စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခြင်းသည် ဒေသတွင်းရှိ ပြည်သူများအား ခြိမ်းခြောက်သည့်လုပ်ရပ်ဖြစ်ပြီး အပစ်ရပ်သဘောတူညီ ချက်အပေါ် ထိခိုက်စေနိုင်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။
စစ်ကောင်စီသည် ညီနောင်မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” အတွင်း လက်လွှတ်ခဲ့ရသော ရှမ်းပြည်နယ်အတွင်းရှိ မန်တုံ၊ နမ္မတူနှင့် နမ့်ဆန်မြို့နယ်တို့အား မတ် ၄ ရက်တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်း ဖြစ်သည်။
စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် ပတ်သက်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က “စစ်ကောင်စီနှင့် မိမိတို့ ၃ ဖွဲ့ကြား သဘောတူ ထားသည့် ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား လက်တွေ့အကောင်အထည်ဖော်ဆောင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လာနိုင်မည်ကို အထူးစိုးရိမ်မိပါသည်” ဟု ဆိုထားသည်။
အဆိုပါ ၃ မြို့နယ်ကို လက်တွေ့မြေပြင်၌ ထိန်းချုပ်နေသည့် TNLA ကလည်း စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး ကြေညာမှုသည် ဒေသခံလူထုအား ထိတ်လန့်စေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သည်။
ထို့ပြင် မန်တုံ၊ နမ္မတူနှင့် နမ့်ဆန်မြို့တို့ အပါအဝင် ၎င်းတို့သိမ်းပိုက်ထားသည့် ရှမ်းမြောက်ဒေသ မြို့ ၇ မြို့တွင် လုံခြုံရေး စီမံချက်နှင့် ဒေသတွင်းစီမံအုပ်ချုပ်ရေးလုပ်ငန်းစဉ်များ အထိုက်အလျောက် လည်ပတ်နေပြီဖြစ်သောကြောင့် စစ်ဆင်ရေး ကာလအတွင်း ၎င်းတို့ ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် အပါအဝင် ကန့်သတ်ချက်များကို ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်းလည်း TNLA က ပြောထားသည်။
စစ်ကောင်စီအနေဖြင့် မန်တုံ၊ နမ္မတူနှင့် နမ့်ဆန်မြို့တို့အား စစ်အုပ်ချုပ်ရေး ကြေညာခြင်းသည် ၎င်းတို့ အချုပ်အခြာ အာဏာအောက် ထိုမြို့များရှိနေဆဲဖြစ်ကြောင်း ပြသလိုခြင်းဖြစ်ပြီး မကြာခင် ပြန်လည်တိုက်ခိုက်မည့် သဘောထားကို ဖော်ပြခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
၎င်းက “အပစ်ရပ်ထားပေမယ့် တည်ငြိမ်မှုမရှိတဲ့ မြို့နယ်တွေကို စစ်ရေးအရ ဦးတည်ပစ်မှတ်ထားပြီးတော့ ပြန်လည် သိမ်းပိုက်ဖို့အတွက် ရည်ရွယ်ထားတယ်ဆိုတဲ့အကြောင်းကို ဖော်ပြချင်လို့ စစ်အုပ်ချုပ်ရေးနယ်မြေအနေနဲ့ သတ်မှတ် လိုက်တာလို့ နားလည်ပါတယ်။ မကြာခင် သိမ်းယူမယ်ဆိုတဲ့သဘောထားနဲ့ စစ်ကြေညာလိုက်တာဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် ဒီဒေသမှာ စစ်ပွဲတွေ ထပ်ပြီးကြုံရဦးမယ်လို့ မှန်းဆပါတယ်” ဟု ဆိုသည်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း နိုင်ငံပိုင်နက် နယ်နိမိတ် အချုပ်အခြာအာဏာ (Sovereignty) သည် ဆက်လက်ခိုင်မြဲနေမည်ဖြစ်ပြီး နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဂိတ်များ စီမံခန့်ခွဲမှု၊ ကုန်သွယ်မှုတို့သည် နှစ်နိုင်ငံအစိုးရများ၏ စီမံခန့်ခွဲမှုအောက်တွင်သာ ရှိမည်ဖြစ်ကြောင်းနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝ တည်ငြိမ်းရေးရှေးရှုကာ အပစ်အခတ်ရပ်စဲရေးနှင့် ပဋိပက္ခလျှော့ချရေးလမ်းစဉ်အား ဆက်လက်ဆောင်ရွက်နေကြောင်း မတ် ၄ ရက်တွင် ပြောထားသည်။

လက်တွေ့မြေပြင်တွင် ရှမ်းမြောက်ဒေသရှိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့များမှာ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ရေး ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီကြား ဆွေးနွေးမှု ရှိသော်လည်း ယနေ့အချိန်ထိ ဖွင့်နိုင်ခြင်းမရှိသေးပေ။
ထို့ကြောင့် လတ်တလောအပစ်ရပ်ထားသည့် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများမရှိသော်လည်း ကုန်သွယ်ရေးခက်ခဲကာ ဈေးနှုန်းကြီးမြင့်မှုများ ကြုံတွေ့နေရကြောင်း နမ္မတူမြို့၌ နေထိုင်သူ အမျိုးသားတဦးက ပြောသည်။
၎င်းက “လားရှိုးကနေ နမ္မတူ တိုက်ရိုက်လာလို့မရဘူး။ အီနိုင်းတံတားကျိုးနေလို့ ဖောင်နဲ့သယ်ပြီး တဆင့်သယ်ယူတာ ရှိတယ်။ တချို့ကတော့ လားရှိုး-သီးပေါကပတ်ပြီး မိုးတေတံတားကနေ နမ္မတူလာကြတာ ရှိတယ်။ ကုန်ဈေးနှုန်းက သယ်ယူခ တော်တော်ကြီးသွားတယ်။ ပြီးရင် ပစ္စည်းလည်းရှားတယ်” ဟု ဆိုသည်။
ထို့ပြင် TNLA က အုပ်ချုပ်ရေးဖော်ဆောင်နေသည့် နမ္မတူမြို့တွင် ဆေးရုံနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် လည်ပတ်နိုင်ခြင်း မရှိသေးသည့်အတွက် ဒေသခံများအနေဖြင့် မြို့နှင့် ၁၄ မိုင်ခန့် ကွာဝေးသော မန်စံ၌ သွားရောက် ဆေးကုသနေရကြောင်း သိရသည်။
စစ်ကောင်စီနှင့် TNLA တို့က အပြန်အလှန် အမိန့်များ ထုတ်ပြန်ကြေညာသည့်အတွက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား မည်ကိုလည်း ဒေသခံများက စိုးရိမ်လျက်ရှိသည်။
နမ္မတူမြို့ခံတဦးက “ဒေသခံတွေအနေနဲ့က ကုန်သွယ်မှုလုပ်တဲ့အချိန် တခြားမြို့တွေကို ပစ္စည်းဝယ်သွားရတာတွေ ရှိတယ်။ နစက ရဲ့ ခြေတံလက်တံနဲ့ မလွတ်သေးဘူးပေါ့နော်။ အဓိက ကြောက်တာကတော့ လေကြောင်းကနေလာပြီး ဗုံးကြဲမှာကိုပဲ။ မြေပြင်မှာတော့ နစကရဲ့ယန္တရားက မရှိဘူး” ဟု ပြောသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် ရှမ်းမြောက်ဒေသတွင် ယမန်နှစ် အောက်တိုဘာ ၂၇ ရက်မှစတင်ကာ “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ပြီး ကိုးကန့်ဒေသတခုလုံး အပါအဝင် ရှမ်းမြောက်ဒေသရှိ တပ်စခန်းများနှင့် မြို့များအား တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့သည်။
ထိုစစ်ဆင်ရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းပေးပြီးနောက် ဇန်နဝါရီ ၁၁ ရက်တွင် ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် စစ်ကောင်စီကြား ရှမ်းမြောက်ဒေသ၌ အပစ်အခတ်ရပ်စဲရေးနှင့် နယ်စပ်ကုန်သွယ်လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ရေး သဘောတူခဲ့ကြသည်။
ထိုသဘောတူညီချက်အရ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ကြား တရုတ်နိုင်ငံတွင် ၄ ကြိမ်မြောက် တွေ့ဆုံမှုအဖြစ် ဖေဖော်ဝါရီ ၂၉ ရက်နှင့် မတ် ၁ ရက်တို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် TNLA ထိန်းချုပ်ထားသည့် မြို့ ၃ မြို့အား စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်ခြင်း ဖြစ်သည်။
You may also like these stories:
နမ္မတူမြို့အား အလုံးစုံသိမ်းပိုက်ပြီးဟု TNLA ကြေညာ
ကွတ်ခိုင်မြို့ကို TNLA အပြီးသတ်သိမ်းပိုက်
TNLA နှင့် တအာင်းပြည်နယ် ပေါ်ထွန်းရေး အလားအလာ
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား