ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KIA)က မြစ်ကြီးနား-ဗန်းမော်ကားလမ်း တလျှောက်ရှိ စစ်တပ်စခန်းများကို ယနေ့နံနက်က စတင်တိုက်ခိုက်ရာ ကာကင်းစခန်းကုန်း ၁၀ခုခန့် သိမ်းပိုက်ထားကြောင်း သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။
၎င်းက “ ဒီနေ့တိုက်တာတော့ ကာကင်းတွေကိုပေါ့၊ အဓိကတပ်စခန်းတွေကိုတော့ မဟုတ်ဘူး၊ ကာကင်းကတော့ ၁၀ ခုလောက် သိမ်းလို့ရပြီ၊ တချို့ဟာတွေလည်း လောလောဆယ်သိမ်းထားတယ်၊ ဒါပေမယ့် ဘယ်လောက် သေချာသလဲ ဆိုတာ နည်းနည်းစောင့်ကြည့်ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
KIA နှင့်ပူးပေါင်းတပ်သည် မြစ်ကြီးနား-ဗန်းမော်လမ်းကြောင်းပေါ်ရှိ ရွှေညောင်ပင်မှ ခြေလျင်တပ်ရင်း ခလရ-၃၂၁ ဝန်းကျင် စခန်းများ၊ မလိယန်၊ ဒေါ့ဖုန်းယန်ဒေသရှိ စခန်းများ၊ လိုင်ဇာမြို့အား လက်နက်ကြီးဖြင့် ခြိမ်းခြောက်နေသည့် ခါရာတောင် နှင့် ဘွမ်ရဲဘွမ်တောင်ဝန်းကျင်ရှိ စခန်းကုန်းများအပါအဝင် စခန်း ၁၀ ခုကျော်အား တပြိုင်နက်တိုက်ခိုက်နေခြင်းဖြစ်သည်။
ခါရာနှင့် ဘွမ်ရဲဘွမ်တောင် တပ်ဌာနချုပ်စခန်းကြီးများမှာ လိုင်ဇာမြို့အနောက်ဘက် လိုင်ဇာမြို့နှင့် မြစ်ကြီးနား-ဗန်းမော် ကားလမ်းကြားတွင် တည်ရှိသည်။
KIA ၏ ထိုးစစ်ကို တုံ့ပြန်သည့်အနေဖြင့် စစ်တပ်ကလည်း KIA ဌာနချုပ် လိုင်ဇာကို လက်နက်ကြီး၊ လေယာဉ်များဖြင့် တိုက်ခိုက်နေရာ လိုင်ဇာမြို့ ရပ်ကွက် ၁ အတွင်းရှိ နေအိမ်တလုံးပေါ် ဗုံးကျရောက်ပေါက်ကွဲပြီး သားအမိနှစ်ဦးနှင့် လမ်းပေါ်တွင် ဆိုင်ကယ်စီးသွားနေသည့် အမျိုးသားတဦးတို့ ထိမှန်သေဆုံးခဲ့သည်။
စစ်ကောင်စီက လိုင်ဇာမြို့အား ပစ်မှတ်ထား တိုက်ခိုက်သဖြင့် မြို့ပေါ်ရှိ အရပ်သားများ ဘေးလွတ်ရာသို့ ယနေ့နံနက် ကတည်းက တိမ်းရှောင်လျက်ရှိပြီး လတ်တလော မြို့အပြင်ဘက်၌ လက်နက်ကြီးနှင့် ဗုံးများ ကျရောက်ပေါက်ကွဲ မှုရှိနေသည်။
ဗိုလ်မှူးကြီးနော်ဘူက “ဒီမနက် ၈ နာရီကျော်လောက်မှာ လိုင်ဇာရပ်ကွက် ၁ မှာ လက်နက်ကြီးတွေကျလို့ အရပ်သား ၃ ဦးသေဆုံး တာမှန်ပါတယ်၊ လိုင်ဇာက သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ ကလေးအမေတွေကတော့ ရှောင်ပါတယ်၊ ကျန်တဲ့သူတွေတော့ အကုန်လုံးရှိပါတယ်၊ အကုန်လုံး ထွက်ပြေးကုန်တာတော့ မဟုတ်ပါဘူး” ဟု ပြောသည်။
လက်ရှိသိမ်းပိုက်လိုက်သည့် ကာကင်းစခန်းများတွင် ခရာတောင် နှင့် ဘွမ်ရဲဘွမ်တောင် တပ်ဌာနချုပ် ကာကင်းစခန်းအချို့ အပါအဝင် လိုင်ဇာနှင့် အနီးကပ်ဆုံရှိနေသည့် စစ်စခန်းတခုလည်းပါဝင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စခန်းသိမ်းပိုက်မှုများတွင် စစ်ကောင်စီဘက်က သေဆုံးနေသူများနှင့် လက်နက်ခဲယမ်းသိမ်းဆည်ရရှိသည့် အခြေအနေ ဗီဒီယိုဖိုင်များလည်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြသည်။
KIA နှင့် ပူးပေါင်းတပ်အနေဖြင့် မြစ်ကြီးနား-ဗန်းမော်လမ်းတလျှောက်ရှိ စစ်တပ်စခန်းများမှာ ပြည်သူများ သွားလာရေး အပေါ် ပိတ်ဆို့ကန့်သတ်မှုနှင့် KIA တပ်စခန်းများအား နှောက်ယှက်ပစ်ခတ်နေသည့်အတွက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်ရန်ရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူကပြောသည်။
ထို့ပြင် စစ်ကောင်စီ လက်အောက်ခံ လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းသည် ယနေ့ နံနက်ပိုင်း ဝိုင်းမော်တိုက်ပွဲ အတွင်း သေဆုံးခဲ့ကြောင်း ဒေသမီဒီယာများနှင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြသည်။
အွန်လိုင်းပေါ် ပျံ့နှံ့နေသော ဓာတ်ပုံတခု၌ ဦးရွှေမင်းဟု ယူဆရသူ၏ ရုပ်အလောင်းတွင် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သွေးထွက်နေသည်ကို တွေ့ရသည်။
KIA အနေဖြင့် လတ်တလောတွင် ဖားကန့်မြို့နယ်၊ တာမခံဒေသနှင့် မံစီမြို့နယ်တို့တွင်လည်း စခန်းသိမ်း ထိုးစစ်ဆင်လျက်ရှိရာ ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့ကလည်း ရှမ်းမြောက်ဒေသနှင့် ကချင်ပြည်နယ်အစပ်ဖြစ်သည့် အရေးပါသော မဂျီဂေါင်ဒေသစစ်တပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
You may also like these stories:
မြစ်ကြီးနား-ဗန်းမော်လမ်းတလျှောက် KIA ထိုးစစ်ဆင်
တလနီးပါး တိုက်ခိုက်ပြီးနောက် နမ့်ဖတ်ကာကို KIA သိမ်း
ဖားကန့်က ဝှေခါတပ်စခန်းကို KIA သိမ်း
ဖားကန့်ကို ပိတ်ဆို့ထိန်းချုပ်ရန် KIA ပူးပေါင်းတပ် ကြိုးပမ်း
ရှမ်းမြောက် အပစ်ရပ်မှု ခိုင်မာရေး စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဆွေးနွေး