စစ်ကောင်စီသည် အတင်းအကျပ် စစ်သားစုဆောင်းရေး အလျင်အမြန်လုပ်နေပြီး လာမည့် မြန်မာနှစ်သစ်ကူး အပြီး စုဆောင်းခံရမည့် ပထမအသုတ် ၅,၀၀၀ အတွက် သင်တန်းပေးမည့်နေရာများကို ပြင်ဆင်ထားသည်ဟု အတင်းအကျပ် စစ်သားစုဆောင်းသည့် စစ်ကောင်စီကော်မတီက မတ်လ ၄ ရက်နေ့တွင် ပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို အလျင်အမြန် လုပ်နေသောကြောင့် တော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တိုက်ခိုက်မှု မြင့်မားနေစဉ် စစ်တပ်တွင် လူအင်အား မလုံလောက်မှု မည်မျှဆိုးရွားသည်ကို ပြသနေသည်။ အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို လွန်ခဲ့သော တလ မပြည့်မီကပင် ကြေညာခဲ့သည်။
အတင်းအကျပ် စစ်သားစုဆောင်းသည့် နိုင်ငံလုံးဆိုင်ရာ ကော်မတီသည် ပထမအသုတ် လူ ၅,၀၀၀ ကို သင်တန်းပေးရန် အသင့်ဖြစ်နေပြီး ထိုသူများကို ဧပြီလ သင်္ကြန်အားလပ်ရက် အပြီးတွင် ခေါ်ယူမည်ဖြစ်သည်ဟု ထိုကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး တင်အောင်စန်းက ထိုကော်မတီအစည်းအဝေးတွင် ပြောသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အတင်းအကျပ် စစ်သားစုဆောင်းသည့်ဥပဒေ စတင်ကျင့်သုံးမည်ဟု ကြေညာပြီးနောက် စစ်ကောင်စီသည် အတင်းအကျပ် စစ်သားစုဆောင်းသည့် ဒေသဆိုင်ရာအဖွဲ့များ အလျင်အမြန်ဖွဲ့သည်။
စစ်ကောင်စီသည် အတင်းအကျပ် စစ်သားစုဆောင်းရေးအတွက် စံလုပ်ထုံးလုပ်နည်းများ (SOPs) နှင့် နည်းဥပဒေများ ရေးဆွဲရေးအတွက် လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းထားသည်။ စစ်တပ်၏ စစ်ဥပဒေချုပ် ဦးဆောင်သည့် ထိုလုပ်ငန်းကော်မတီသည် စစ်ကောင်စီ ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး အတင်းအကျပ် စစ်သားစုဆောင်ရေး နည်းဥပဒေ တတိယမူကြမ်းကို ရေးဆွဲပြီး စံလုပ်ထုံးလုပ်နည်းများကို ချမှတ်ပြီးဖြစ်သည်ဟု သတင်းများတွင် ဖော်ပြသည်။
မတ်လ ၄ ရက်နေ့ အစည်းအဝေးတွင် နိုင်ငံလုံးဆိုင်ရာ အတင်းအကျပ် စစ်သားစုဆောင်းရေးကော်မတီ ဒုဥက္ကဋ္ဌ မောင်မောင်အေးက လုပ်ငန်းများ အချိန်မီ ပြီးစီးရေး တိုက်တွန်းသည်။ သူသည် ကြည်း၊ ရေ၊ လေ ပူးပေါင်း ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်ပြီး စစ်တပ်တွင် နံပါတ် ၃ အဆင့်ရှိသူ ဖြစ်သည်။
စစ်ကောင်စီသည် ပိုစတာများ၊ လက်ကမ်းစာစောင်များ၊ ဟောပြောပွဲများနှင့် ခြိမ်းခြောက်မှုများ ပါဝင်ပြီး အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို ပြည်သူများ လက်ခံရန် ရည်ရွယ်သည့် ဝါဒဖြန့်ချိရေး လှုပ်ရှားမှုကို မြန်မာနိုင်ငံတဝန်း မြို့နယ်ပေါင်း ၄၀ နီးပါးတွင် ပြုလုပ်ထားသည်။ ထိုလှုပ်ရှားမှု တစိတ်တပိုင်းအဖြစ် နိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်း လေးခုမှလည်း စာတိုပေးပို့ခြင်းများကိုလည်း လုပ်ဆောင်နေသည်။
ထိုလုပ်ရပ်များက အတင်းအကျပ် စစ်သားစုဆောင်းမှု အလျင်အမြန် လုပ်ဆောင်နေကြောင်း ဖော်ပြနေသည်။
အတင်းအကျပ် စစ်သားစုဆောင်းသည့်ဥပဒေ စတင်ကျင့်သုံးပြီးနောက် လူငယ်အများအပြားသည် စစ်သားစုဆောင်းခံရမှုကို ရှောင်ရှားရန် ထိုင်းနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများသို့ ထွက်ခွာရန် ကြိုးစားနေကြသည်။
အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများ အားလုံးသည် အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေအရ စစ်တပ်သို့ ဝင်ရောက်ရမည်ဖြစ်သည်။ ဆရာဝန်နှင့် အင်ဂျင်နီယာကဲ့သို့ အတတ်ပညာ တခုခု တတ်မြောက်သော အမျိုးသားများအတွက် အသက်ကန့်သတ်ချက်မှာ ၁၈ နှစ်မှ ၄၅ နှစ်အတွင်းဖြစ်ပြီး ထိုသို့သော အမျိုးသမီးများအတွက် အသက် ကန့်သတ်ချက်မှာ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ဖြစ်သည်။
အမျိုးသား ခြောက်သန်းနှင့် အမျိုးသမီး ခုနစ်သန်း အပါအဝင် လူစုစုပေါင်း ၁၃ သန်း စစ်တပ်သို့ ဝင်ရောက်ရန် အကျုံးဝင်သည်ဟု စစ်ကောင်စီက ပြောသည်။
စစ်တပ်သို့ ဝင်ရောက်ရမည့် ကာလမှာ နှစ်နှစ်ဖြစ်ပြီး ပညာရှင်များသည် သုံးနှစ်အထိ စစ်တပ်သို့ ဝင်ရောက်ရမည် ဖြစ်သည်။ စစ်တပ်သို့ ဝင်ရောက်ရမည့်ကာလကို ယခုကဲ့သို့သော အရေးပေါ်အခြေအနေတွင် ငါးနှစ်အထိ သက်တမ်းတိုးနိုင်သည်။
အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို ရှောင်တိမ်းပါက ထောင် သုံးနှစ်မှ ငါးနှစ်အထိ ချနိုင်သည်။ စစ်တပ်သို့ မဝင်ရောက်ရေးအတွက် ကျန်းမာရေး မကောင်း သို့မဟုတ် မသန်စွမ်းဟန် ဆောင်ခြင်းကို ထောင် ငါးနှစ် ချနိုင်သည်။
ထိုဥပဒေကို အာဏာရှင် ဗိုလ်ချုပ် နေဝင်းက ၁၉၆၂ ခုနှစ်တွင် ပထမဆုံး စစ်အာဏာသိမ်းမှု မပြုလုပ်မီ အိမ်စောင့်အစိုးရ အကြီးအကဲအဖြစ် ၁၉၅၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ထိုစဉ်က အာဏာရှင် သန်းရွှေက ထိုဥပဒေကို ပြင်ဆင်သည်။ သို့သော် မင်းအောင်လှိုင်က ထိုဥပဒေကို လွန်ခဲ့သောလတွင် စတင် အသက်သွင်းသည်။
စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းသည်ကို ပူးပေါင်းဆောင်ရွက်သည့် မည်သူကိုမဆို ဥပဒေအရ အရေးယူမည်ဟု အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးထားသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Junta is Racing Ahead With Military Conscription ကို ဘာသာပြန်သည်။)
You may also like these stories:
လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ
စစ်မှုထမ်းဟောင်းတွေလည်း စစ်မှုမထမ်းလို (ရုပ်/သံ)
Editorial Talk: မြန်မာရဲ့ စစ်မှုထမ်း ဥပဒေရိုက်ခတ်မှု ထိုင်းဘယ်လိုကိုင်တွယ်မလဲ အပိုင်း (၁)
အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေ၏ အဓိကအချက် ၆ ချက်
စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ