မြန်မာစစ်တပ်အတွက် လက်နက်ပွဲစား ဦးတေဇ၏သမီးဖြစ်ပြီး အီတလီတွင် နေထိုင်နေသည့် ရေချယ်တေဇ ခေါ် ထူးထွေးတေဇကို ပစ်မှတ်ထားအရေးယူရန် Justice for Myanmar (JFM) က အီတလီကို တောင်းဆိုလိုက်သည်။
သူသည် ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့ထားသည့် ထူးကုမ္ပဏီများအုပ်စု၏ ဒါရိုက်တာ တဦးဖြစ်ကြောင်း မတ်လ ၄ ရက်နေ့တွင် ပြင်သစ်ရှေ့နေများဖြစ်သော ဝီလျှံဘော်ဒွန်နှင် လီလီရာဗွန်တို့က JFM ကိုယ်စား အီတလီအာဏာပိုင်များကို တိုင်ကြားသည်။ သူ၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းပြီး သူ့ကိုနိုင်ငံမှ နှင်ထုတ်ရန် JFM က တောင်းဆိုသည်။
ဘော်ဒွန်နှင့် ရာဗွန်က အထောက်အထားများကို BNP Paribas ပိုင်ဆိုင်ပြီး ရေချယ်တေဇ အသုံးပြုနေသည့် ဘဏ်ဖြစ်သော Banca Nazionale del Lavoro သို့ တင်သွင်းပြီး ဥရောပသမဂ္ဂ အရေးယူပိတ်ဆို့မှုအရ အရေးယူရန် တောင်းဆိုသည်။
မြန်မာစစ်ကောင်စီကို ငွေကြေးအကူအညီနှင့် လက်နက်ထောက်ပံ့သောကြောင့် ထူးအုပ်စုကို တည်ထောင်သူ ဦးတေဇနှင့် သူ၏စီးပွားရေးလုပ်ငန်းများကို ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့် ကနေဒါတို့က အရေးယူပိတ်ဆို့ထားသည်။ သူသည် စင်ကာပူတွင် နေထိုင်ပြီး မြန်မာမှ စစ်အုပ်စုအဆက်ဆက်နှင့် ထဲထဲဝင်ဝင် အဆက်အသွယ်ရှိသူ ဖြစ်သည်။
ထူးအုပ်စုတွင် သူ၏ပါဝင်ပတ်သက်မှုကြောင့် ရေချယ်တေဇကို အမေရိကန် ပြည်ထောင်စုက လွန်ခဲ့သောနှစ် ဇန်နဝါရီလတွင် ပိတ်ဆို့အရေးယူထားသည်။
ထူးအုပ်စုသည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို ရက်စက်ကြမ်းကြုတ်သည့် စစ်ဆင်ရေးများအတွင်း မြန်မာစစ်တပ်ကို ငွေလှူသည်ဟု JFM က ဥရောပသမဂ္ဂ၏ ထိုလုပ်ငန်းစုအပေါ် အရေးယူပိတ်ဆို့မှုများကို ကိုးကားဖော်ပြသည်။
ရေချယ်တေဇသည် စီးပွားရေးလုပ်ရင်း မီလန်မြို့မှ ဖက်ရှင်ကျောင်းတခုတွင် ပညာသင်ကြားမှု မကြာသေးမီက ပြီးဆုံးကြောင်း JFM က ဖော်ပြသည်။
သူသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း တည်ထောင်သော လုပ်ငန်းများ၊ မြန်မာစစ်တပ်နှင့် တိုက်ရိုက်ဆက်သွယ်သည့် စီးပွားရေးများ အပါအဝင် ထူးကုမ္ပဏီ အနည်းဆုံး ခုနစ်ခုတွင် ဒါရိုက်တာဖြစ်သည်ဟု JFM ဖော်ပြသည်။
Ayeyarwady Resorts and Lodges Company Limited သည် ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့ထားသည့် မြန်မာစစ်တပ် စစ်ထောက်ချုပ်ရုံးနှင့် တည်ဆောက်-လည်ပတ်-လွှဲပြောင်း ကန်ထရိုက်တခု ရယူထားသည်။ ထိုလုပ်ငန်းသည် ရန်ကုန်တွင်လည် စီးပွားရေး စီမံကိန်းတခုရှိပြီး နှစ် ၅၀ ကန်ထရိုက်အရ စစ်တပ်ကို နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ ဒသမ ၆၅ သန်းခန့် ပေးနေသည်ဟု JFM က Distributed Denial of Secrets က ထုတ်ပြန်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ကိုးကားဖော်ပြသည်။
ရေချယ်တေဇသည် ရုရှားလေယာဉ်နှင့် အပိုပစ္စည်းများကို ပွဲစားလုပ်ပြီး ယခုအခါ ဖျက်သိမ်းထားသည့် Myanmar Avia Export Company Limited မှ ဒါရိုက်တာတဦးဖြစ်ကြောင်း JFM က ဖော်ပြသည်။
အီတလီနိုင်ငံသည် ရေချယ်တေဇကို တရားမဝင် စီးပွားရေးလုပ်ခွင့်ပေးပြီး စစ်ကောင်စီကို ငွေကြေးထောက်ပံ့ရန် ခွင့်ပြုသည်ဟု JFM ပြောခွင့်ရသူ မရတနာမောင်က ပြောသည်။ ထူးအုပ်စုနှင့် စစ်ကောင်စီ၏ အခြား ခရိုနီများ၊ လက်နက်ပွဲစားများကို အရေးယူ ပိတ်ဆို့ရန် ဥရောပသမဂ္ဂကို တောင်းဆိုခဲ့သည်။
“ရေချယ်တေဇနဲ့ ၎င်းရဲ့မိသားစုတွေဟာ မြန်မာစစ်တပ်ရဲ့ အဆုံးအစမဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ထူကုမ္ပဏီအုပ်စုကတဆင့် အားပေးကူညီခဲ့ပြီး မြန်မာပြည်သူလူထု အသက်သွေးချွေးတွေပေါ်ကနေ အကျိုးအမြတ်တွေ ရရှိခဲ့ကြပါတယ်” ဟု ၎င်းက ပြောသည်။
“ရေချယ်တေဇကို ဥရောပသမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့မှဒတွေနဲ့အညီ တရားဥပဒေရှေ့မှောက်မှာ တာဝန်ခံစေသင့်ပါတယ်။ အီတလီနိုင်ငံအနေနဲ့ ၎င်းအပါအဝင် အခြား မည်သည့်မြန်မာခရိုနီကိုမှ ၎င်းတို့ရဲ့ သွေးစွန်းစီးပွားရေး လုပ်ငန်းတွေကို အီတလီမြေပေါ်ကနေ မလုပ်ဆောင်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟု မရတနာမောင်က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Rights Group Calls on Italy to Sanction Junta Crony ကို ဘာသာပြန်သည်။)
You may also like these stories:
မိုင်းဖုန်းဆရာတော် ခရီးစဉ်နှင့်အတူ ခရိုနီဦးတေဇ ပြန်ပေါ်လာ
ခရိုနီ ဦးတေဇကို စစ်ကောင်စီက စားအုန်းဆီ တင်သွင်းခွင့်ပေး
စစ်ကောင်စီ၏ ရုရှားခရီးစဉ်တွင် လက်နက်ပွဲစား ဦးတေဇ လိုက်ပါသွား
ဦးနေဝင်း မိသားစုနှင့် ဦးတေဇ မိသားစုတို့၏ ပတ်သက်ရာ ပတ်သက်ကြောင်းများ