မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့ဟောင်းအနီး စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား မတ်လ ၄ ရက် တိုက်ပွဲကြောင့် စစ်တပ်က ရွာများကို စစ်ကြောင်းထိုးနေရာ ဒေသခံ ၅ ထောင်ကျော် ရှောင်တိမ်းနေရကြောင်းသိရ သည်။
တကောင်းတိုက်နယ်ရှိ ကံသာဦး၊ ဘိုကုန်း၊ ဆင်ညှပ်ကုန်း၊ ကျောက်စရစ်ကုန်း၊ မကျီးကုန်း၊ ပေါ်တော်မူ၊ ဝဲကြီး၊ ရွာဝေသာ၊ မင်းသမီးကန်ကျေးရွာ များမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။
စစ်ဘေးရှောင်များကို ကူညီနေသူတဦးက “တကောင်းမြို့ထဲမှာ စစ်တပ်က ရှိနေတုန်းပဲ၊ တိုက်ပွဲတွေနဲ့အတူ အခုထိ စစ်ရေး တင်းမာနေဆဲဆိုတော့ ရွာ ၉ ရွာက လူ ၅ ထောင်ကျော် ရှောင်နေကြရတယ်၊ ဘေးလွတ်ရာ ရွာတွေနဲ့ တောတောင် တွေထဲမှာ နေနေကြတယ်၊ ရက်ရှည်လာရင်တော့ အကူအညီတွေ လိုအပ်လာမှာပဲ၊ လက်ရှိအချိန်ထိတော့ လုံခြုံရေးပိုင်း ကလွဲရင် ကျန်တဲ့အကူအညီတော့ မပေးရသေးဘူး”ဟု ပြောသည်။
တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီး၊ လေကြောင်းပစ်ကူများသုံးခဲ့ပြီး မြေပြင်စစ်ကြောင်းများ ထိုးနေဆဲဖြစ်၍ ဒေသခံများ နေရပ်မပြန်နိုင်ကြသေးသလို လေကြောင်းဗုံးကြဲမှုများ ရှိနေသေးကြောင်း သိရသည်။
တကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မြို့ပေါ်ထိ တိုက်ပွဲမဖြစ်သေးပေးမယ့် အနီးက ရွာတွေဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ ဘေးလွတ်ရာ တိမ်းနေကြရတာပါ၊ ပြီးခဲ့တဲ့ ၇ ရက်နေ့နဲ့ ၈ ရက်နေ့တွေက တိုက်ပွဲတွေ ပြင်းတော့ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာတွေကြောင့်လည်း ဒီနေ့အထိ ရွာတွေကို ပြန်မကပ်ရဲကြသေးဘူး”ဟု ပြောသည်။
မတ်လ ၁ ရက်က တကောင်းမြို့ ရွှေဇာလီဘုန်းကြီးကျောင်းရှိ စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတို့က ဒရုန်းဖြင့် တိုက်ခိုက် ခဲ့ရာ သေဆုံးမှုရှိခဲ့သဖြင့် စစ်တပ်က အမှတ်(၄) ရပ်ကွက်ရှိ အိမ် အလုံး ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများကဆို သည်။
ထို့နောက် တကောင်းမြို့နှင့် ၃ မိုင်ခန့်အကွာရှိ တကောင်းတိုက်နယ် ဆင်ညှပ်ကုန်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတို့က ဝင်တိုက်ရာ မတ်လ ၈ ရက်ထိ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းခဲ့သလို ထိခိုက်သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။
“တိုက်ပွဲမှာ အထိနာတော့ ၇ ရက်နေ့ တရက်တည်း တိုက်လေယာဉ်နဲ့ ပေါင် ၃၀၀ ဗုံးသီး ၈ လုံးထိ ကြဲချခဲ့တယ်၊ တိုက်ပွဲ ဧရိယာတွေမဟုတ်တဲ့ ရွာတွေဘက်ကိုလည်း ရဟတ်ယာဉ်တွေနဲ့ ပတ်ပြီး ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သား သေဆုံး ထိခိုက်တာတွေ၊ နေအိမ် ပျက်စီးတာတွေလည်း ရှိခဲ့တယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြော သည်။

မတ်လ ၉ ရက်တွင် တကောင်းမြို့တွင်းသို့ စစ်သား ၁၀၀ ကျော် ရောက်ရှိလာပြီး မြို့ အဝင်အထွက် ပိတ်ဆို့ စစ်ဆေးနေ သလို အင်တာနက်လိုင်းများ ဖြတ်ထားကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ကြံစိုက်ခင်းများ၊ အိမ်များထိခိုက် ပျက် စီးခဲ့ရပြီး လက်နက်ကြီးကြောင့် ဆင်ညှပ်ရွာခံ အမျိုးသမီးတဦး၊ မြို့ပေါ်ရှိ စစ်တပ်က ပစ်သဖြင့် ဆိုင်ကယ်စီးလာသော ဒေသခံတဦး ထိခိုက်ဒဏ်ရရခဲ့ကြောင်း ဒေသခံများက ဆိုသည်။
တကောင်း မြို့ခံတဦးက “တိုက်ပွဲဖြစ်တဲ့ရက်တုန်းက တကောင်းမြို့ပေါ်ကနေ လေယာဉ်တွေ ဝဲပြီးတော့ ဗုံးကြဲတာ ကျနော် တို့ မြို့ထဲကအိမ်တွေတောင် တုန်တယ်၊ မနေ့ကနဲ့ ဒီနေ့တော့ နည်းနည်း ငြိမ်သွားတယ်၊ လက်ရှိတော့ စစ်တပ်က မြို့အဝင် အထွက်တွေ ပိတ်ထားတယ်၊ ဖုန်းလိုင်းတွေလည်း မိတချက် မမိတချက်နဲ့ အင်တာနက်လိုင်းတွေကတော့ လုံးဝကို မမိတော့ဘူး”ဟု ပြောသည်။
ယနေ့တွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း တင်းမာနေဆဲဖြစ်၍ မတ်လ ၉ ရက်မှစကာ တွင်းငယ်-ကြာညှပ်-တကောင်း လမ်းပိုင်းအား အကန့်အသတ်မရှိ ယာယီ ပိတ်သိမ်းလိုက်ကြောင်း သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
ယင်းလမ်းပိုင်းအား အသုံးပြုနေကြသော ပြည်သူများအနေဖြင့်လည်း သက်ဆိုင်ရာ နယ်မြေများမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များ၊ စည်းကမ်းများအား လေးစားလိုက်နာပေးကြပါရန် မေတ္တာရပ်ခံထားသလို ပြန်လည် အသုံး ပြုနိုင်မည့်ရက်ကို တရားဝင် ပြန်လည်ထုတ်ပြန်ပေးသွားမည်ဟုလည်း ဆိုထားသည်။
မန္တလေးတိုင်း၏ မြောက်ဘက်အစွန်ဆုံးတွင်ရှိသည့် ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြို့ဟောင်းတခုဖြစ်သော တကောင်းမြို့သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိကာ ဒေသခံအများစုမှာ စိုက်ပျိုးရေး၊ မွေးမြူရေ၊ သစ်လုပ်ငန်းများကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ကြပြီး မန္တလေးမြို့နှင့် ၁၂၇ မိုင်ခန့်ကွာဝေးကာ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်နှင့် နယ်နမိတ်ထိစပ်နေသည်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR