စစ်အာဏာသိမ်းမှုကြောင့် ဖရိုဖရဲဖြစ်နေသည့် မြန်မာမှ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ပြီး အရှေ့မြောက် ပြည်နယ်များသို့ ဝင်ရောက်ခဲ့သူ ၇,၀၀၀ နီးပါးအနက် ပထမအသုတ်ကို အိန္ဒိယအစိုးရက စတင် ပြန်လည် ပို့ဆောင်လိုက်ပြီးနောက် တက်ကြွလှုပ်ရှားသူများက အိန္ဒိယအနေဖြင့် ထိုဒုက္ခသည်များကို အန္တရာယ်ရှိသော မြန်မာသို့ ပြည်လည်ပို့ဆောင်မှု ရပ်ဆိုင်းရမည်ဟု မတ်လ ၁၂ ရက်နေ့တွင် ပြောသည်။
မြန်မာသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် အကြမ်းဖက် ဖရိုဖရဲအခြေအနေကို ရင်ဆိုင်နေရပြီး ရက်စက်ကြမ်းကြုတ်မှုကြောင့် အမည်ဆိုးကျော်ကြားသည့် စစ်တပ်က လူထောင်နှင့်ချီ သတ်ဖြတ်ကာ နယ်စပ် ချင်းပြည်နယ် အပါအဝင် နိုင်ငံအနှံ့အပြားတွင် ရွာလုံးကျွတ် မီးရှို့ခံရခြင်းများကို ရင်ဆိုင်နေရသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီအင်အားစုများ၏ မကြာသေးမီက နယ်မြေများ သိမ်းပိုက်ခြင်းကြောင့် စစ်ကောင်စီ၏ နိုင်ငံကို ထိန်းချုပ်မှု ပျက်စီးနေသည်။ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လွန်ခဲ့သော နှစ်ပေါင်း ၅၀ နီးပါးတွင် အများအားဖြင့် အာဏာကို ချုပ်ကိုင်ခဲ့သည့် စစ်တပ်သည် ရှုံးနိမ့်မည့် အလားအလာကို ရင်ဆိုင်နေရသည်။
အာဏာကို တွယ်ဖက်ထားရန် ကြိုးစားရင်း မြန်မာစစ်တပ်သည် အိန္ဒိယနှင့် နယ်စပ်အပါအဝင် နေရာ အများအပြားကို လေကြောင်းမှ ပြန်လည်တိုက်ခိုက်ကာ လူအင်အား မလုံလောက်ခြင်းကို ဖြေရှင်းရန် စစ်မှုမထမ်းမနေရဥပဒေကို ကျင့်သုံးလိုက်သောကြောင့် အများအားဖြင့် လူငယ်များပါဝင်သည့် လူထောင်ပေါင်းများစွာ နိုင်ငံပြင်ပတွင် ခိုလှုံရသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် အရပ်သား ထောင်ပေါင်းများစွာနှင့် မြန်မာစစ်တပ်မှ ဘက်ပြောင်းလာသူ ရာပေါင်းများစွာသည် ပွင့်နေသော နယ်စပ်မှတဆင့် အိန္ဒိယနိုင်ငံ၊ မဏိပူရနှင့် မီဇိုရမ်ပြည်နယ်များသို့ ထွက်ပြေးလာသည်။ ထိုနယ်စပ်ဒေသမှ အများအပြားသည် အိန္ဒိယဘက်ရှိ ကျေးရွာများနှင့် လူမျိုးစုတူညီပြီး မိသားစုဆက်စပ်မှုလည်း ရှိသည်။
သို့သော် မဏိပူရပြည်နယ် လူမျိုးစုအုပ်စုများအကြား မကြုံဖူးသည့် အကြမ်းဖက်မှုကာလကို ရင်ဆိုင်နေရပြီး ထိပ်တန်း နိုင်ငံရေးသမားများက မြန်မာမှ ထွက်ပြေးခိုလှုံလာသူများ၏ ပြင်ပလွှမ်းမိုးမှုကို အပြစ်တင်ကြသည်။
မြန်မာနယ်စပ် မည်သည့်ဘက်မှမဆိုမှ ၁၆ ကီလိုမီတာအတွင်း နေထိုင်သူများ ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ လွတ်လပ်စွာ သွားလာခွင့်ပေးသည့် ဆယ်စုနှစ်တခု သက်တမ်းရှိသော မူဝါဒကို အမျိုးသားလုံခြုံရေး စိုးရိမ်မှုများနှင့် အရှေ့မြောက်ဒေသ လူဦးရေဖွဲ့စည်းပုံကို ထိန်းသိမ်းရန် လိုအပ်ချက်အတွက် အဆုံးသတ်မည်ဟု အိန္ဒိယက ဖေဖော်ဝါရီလတွင်ကြေညာသည်။
အိန္ဒိယသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများ၏ ပထမအသုတ်ကို မြန်မာနယ်စပ် မြို့တမြို့သို့ ရဟတ်ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပြီး စစ်ကောင်စီအာဏာပိုင်များထံ လွှဲပြောင်းပေးနေသည်ဟု အိန္ဒိယ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ် ဝန်ကြီးချုပ် မစ္စတာ အင်န် ဘာရန် ဆင်းက X လူမှုကွန်ရက် ပို့စ်တခုတွင် မတ်လ ၈ ရက်နေ့က ရေးသားသည်။
မြန်မာနယ်စပ် မည်သည့်ဘက်မှမဆိုမှ ၁၆ ကီလိုမီတာအတွင်း နေထိုင်သူများ ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ လွတ်လပ်စွာ သွားလာခွင့်ပေးသည့် ဆယ်စုနှစ်တခု သက်တမ်းရှိသော မူဝါဒကို အမျိုးသားလုံခြုံရေး စိုးရိမ်မှုများနှင့် အရှေ့မြောက်ဒေသ လူဦးရေဖွဲ့စည်းပုံကို ထိန်းသိမ်းရန် လိုအပ်ချက်အတွက် အဆုံးသတ်မည်ဟု အိန္ဒိယက ဖေဖော်ဝါရီလတွင်ကြေညာသည်။
ဖေဖော်ဝါရီလအထိ မဏိပူရပြည်နယ်တွင် မြန်မာနိုင်ငံသား ၆,၇၅၀ နီးပါးကို ရှာဖွေဖမ်းဆီးထားကြောင်း မစ္စတာ ဆင်းက ပြောသည်။
မတ်လ ၈ ရက်နေ့နှင့် ၁၁ ရက်နေ့အကြား ဒုက္ခသည် အနည်းဆုံး ၇၇ ဦးကို ပြန်လည် ပို့ဆောင်သည်ဟု Reuters သတင်းတပုဒ်အရ သိရသည်။
၎င်းတို့၏ မူဝါဒ အပြောင်းအလဲကို ပြန်လည်စဉ်းစားရန် လူ့အခွင့်အရေးကာကွယ်သူများက အိန္ဒိယကို တိုက်တွန်းသည်။
“အာဏာသိမ်းလို့ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို အန္တရာယ်ရှိတဲ့နေရာ အတင်းအကျပ် ပြန်ပို့တာဟာ အရမ်းကို စိတ်ပျက်စရာကောင်းတယ်” ဟု မြန်မာ့အရေးကို အထူးအာရုံစိုက်သည့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်း Fortify Rights မှ ဒါရိုက်တာ ဂျွန် ကွင်လေက ပြောသည်။
“ဒုက္ခသည်ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ကို လက်မှတ်ထိုးထားသည်ဖြစ်စေ၊ မထိုးထားသည်ဖြစ်စေ ဒုက္ခသည်တွေကို အန္တရာယ်ရှိတဲ့နေရာကို အတင်းအကျပ် ပြန်လည်ပို့ဆောင်တာဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ချိုးဖေါက်တယ်” ဟု ၎င်းကပြောသည်။
သို့သော် မဏိပူရ ဝန်ကြီးချုပ် မစ္စတာ ဆင်းက အိန္ဒိယသည် ၎င်း၏ ဥပဒေ ကတိကဝတ်များထက်မက လုပ်ဆောင်ပေးပြီးဖြစ်ကြောင်း ပြောသည်။
“အိန္ဒိယဟာ ၁၉၅၁ ခုနှစ် နိုင်ငံတကာ ဒုက္ခသည် သဘောတူညီချက်ကို လက်မှတ်ထိုးမထားပေမယ့် မြန်မာအကျပ်အတည်းက ထွက်ပြေးလာသူတွေကို စနစ်တကျနည်းလမ်းနဲ့ လူသားချင်းစာနာမှုအရ ခိုလှုံခွင့်နဲ့ အကူအညီပေးခဲ့တယ်” ဟု ၎င်း၏ပို့စ်တွင် ရေးထားသည်။
အိန္ဒိယအစိုးရသည် ဒုက္ခသည်များ၏ အခွင့်အရေးများနှင့် ၎င်းတို့ကို ကာကွယ်ပေးရန် နိုင်ငံများ၏တာဝန်တို့ကို သတ်မှတ်သည့် ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ် မထိုးထားသကဲ့သို့ ဒုက္ခသည်များကို အကာအကွယ်ပေးရန် လိုအပ်သည့် ပြည်တွင်းဥပဒေများလည်း မရှိပေ။
သို့သော် မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အခြေအနေသည် လွန်စွာအန္တရာယ်များနေပြီး စစ်မှုမထမ်းမနေရ ဥပဒေသည် အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများကို ပဋိပက္ခအတွင်း အတင်းဆွဲသွင်းနေသောကြောင့် ဒုက္ခသည်များကို မြန်မာသို့ ပြန်လည်ပို့ဆောင်ခြင်းသည် လတ်တလောအချိန်တွင် လွန်စွာ အန္တရာယ်များသည်။
အိန္ဒိယအစိုးရသည် ဒုက္ခသည်များ၏ အခွင့်အရေးများနှင့် ၎င်းတို့ကို ကာကွယ်ပေးရန် နိုင်ငံများ၏တာဝန်တို့ကို သတ်မှတ်သည့် ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ် မထိုးထားသကဲ့သို့ ဒုက္ခသည်များကို အကာအကွယ်ပေးရန် လိုအပ်သည့် ပြည်တွင်းဥပဒေများလည်း မရှိပေ။
“အခုအချိန်ဟာ ဘယ်သူကိုမဆို မြန်မာကို ပြန်ပို့မယ်ဆိုရင် အဆိုးဆုံး အခြေအနေပဲ။ အရပ်သား ပြည်သူတရပ်လုံးအတွက် လုံးဝ မလုံခြုံဘူး။ အထူးသဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူဆိုရင် အန္တရာယ်ပိုများတယ်” ဟု မစ္စတာ ကွင်လေက ပြောသည်။
အိန္ဒိယ ပြည်ထဲရေးဝန်ကြီး မစ္စတာ အမစ် ရှားကလည်း ၁,၆၄၃ ကီလိုမီတာရှည်သည့် နှစ်နိုင်ငံနယ်စပ်ကို ခြံစည်းရိုးကာမည်ဟု ဖေဖော်ဝါရီလက ကြေညာခဲ့သော်လည်း ကျယ်ပြန့်ပြီး အုပ်ချုပ်ရန် ခက်ခဲသည့် ဝေးကွာသော တောင်တန်းဒေသကို မည်မျှ ထိထိရောက်ရောက် ပိတ်ဆို့နိုင်မည်ကို ရှင်းလင်းစွာ မသိရပေ။
လွန်ခဲ့သောနှစ် ဇွန်လအထိ စာရင်းများအရ မြန်မာဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းသူ ၇၉,၀၀၀ နီးပါးသည် အိန္ဒိယတွင် နေထိုင်နေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က ဖော်ပြသည်။ ထိုသူများတွင် စစ်တပ်က ဖြိုခွဲမှုကြောင့် ၂၀၁၇ ခုနှစ်တွင် မြန်မာမှ ထွက်ပြေးလာသည့် နိုင်ငံမဲ့ မွတ်ဆလင် ရိုဟင်ဂျာ လူနည်းစုလည်း ပါဝင်သည်။
အိန္ဒိယနယ်စပ် မဏိပူရနှင့် မီဇိုရမ် ပြည်နယ်များတွင် မြန်မာဒုက္ခသည် အရေအတွက် တိုးလာကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ အာရှဆိုင်ရာ ဒုတိယ ဒါရိုက်တာ မီနက်ရှီ ဂန်ဂူလီက ပြောသည်။
“ဒါက လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေကြောင့် ဖြစ်တယ်။ အဲဒီလို တိုက်ခိုက်ရာမှာ အရပ်သားတွေ သေဆုံးစေတဲ့ လေကြောင်းက သိမ်းကြုံးတိုက်ခိုက်မှုတွေပါတယ်။ တိုက်ပွဲတွေက ဆက်လက်ဖြစ်နေတော့ အရပ်သားတွေအတွက် အန္တရာယ်ရှိတယ်” ဟု ၎င်းကပြောသည်။
ပြည်တွင်း နိုင်ငံရေး အကြံအစည်
အိန္ဒိယ အရှေ့မြောက်ပြည်နယ်များသည် ပုန်ကန်မှုများနှင့် လူမျိုးစု ပဋိပက္ခသမိုင်းရှိပြီး လွန်ခဲ့သောနှစ်တွင် မဏိပူရပြည်နယ်သည် လူမျိုးရေးအကြမ်းဖက်မှုကြောင့် ထိခိုက်ပျက်စီးသည်။
လူမျိုးစုနှစ်ခုဖြစ်သော ကသည်းများနှင့် ကူကီးများအကြား အခြေအနေသည် လွန်ခဲ့သောနှစ်တွင် အပြင်းထန်ဆုံး ဖြစ်ခဲ့သည်။
“ဒါက လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေကြောင့် ဖြစ်တယ်။ အဲဒီလို တိုက်ခိုက်ရာမှာ အရပ်သားတွေ သေဆုံးစေတဲ့ လေကြောင်းက သိမ်းကြုံးတိုက်ခိုက်မှုတွေပါတယ်။ တိုက်ပွဲတွေက ဆက်လက်ဖြစ်နေတော့ အရပ်သားတွေအတွက် အန္တရာယ်ရှိတယ်”
ထိုအချိန်မှစတင်ပြီး အိန္ဒိယအစိုးရအရာရှိ အများအပြားက မလုံခြုံသော မြန်မာနှင့် နယ်စပ်ကို အပြစ်တင်ကာ ထိုအကြမ်းဖက်မှုများသည် မြန်မာမှ မဏိပူရတွင် လာရောက်နေထိုင်သည့် ဘိန်းဘုရင်များကြောင့် ဖြစ်သည်ဟု ပြောသော်လည်း မည်သည့် အထောက်အထားမှ မပြပေ။
မဏိပူရအစိုးရသည် ကူကီးလူနည်းစုများကို ကာကွယ်ပေးရန် ပျက်ကွက်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) မှ မစ္စ ဂန်ဂူလီက ပြောသည်။ ကူကီးများသည် မြန်မာမှ ချင်းမျိုးနွယ်များနှင့် သွေးသား ဆက်စပ်သူများဖြစ်သည်။
“ပြည်တွင်းနိုင်ငံရေး အကြံအစည်အတွက် ဒီဒုက္ခသည် တချို့ကို ပြန်ပို့တာ အရပ်သားတွေကို အန္တရာယ် ကျရောက်စေတဲ့အတွက် တာဝန်မဲ့တယ်” ဟု ၎င်းက ပြောသည်။
အခြားသူများကလည်း မြန်မာသည် စစ်ကောင်စီပြုလုပ်သည့် ဖရိုဖရဲများတွင် နစ်မြုပ်နေဆဲ ဖြစ်သောကြောင့် ခိုလှုံသူများကို နယ်စပ်တွင်ခွင့်ပြုသည့် ပျော့ပျောင်းသော ရပ်တည်ချက်ကို ဆက်လက်ကျင့်သုံးရန် နာရန်ဒရာ မိုဒီအစိုးရကို မေတ္တာရပ်ခံကြသည်။
“အိန္ဒိယ အစိုးရအနေနဲ့ နယ်စပ်တလျှောက်က ဒုက္ခသည်တွေကို ကာကွယ်ပေးဖို့ အမှန်တကယ် အာရုံစိုက်သင့်ပြီး သူတို့အတွက် ဘေးကင်းရာနေရာ ပေးသင့်တယ်” ဟု Fortify Rights မှ မစ္စတာ ကွင်လေက ပြောသည်။
(South China Morning Post ပါ Amy Sood ၏ India slammed for ‘irresponsible’ move to deport refugees back to chaos-ravaged Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာနှင့် လွတ်လပ်စွာ နယ်စပ်ဖြတ်ကျော်ခွင့် ရပ်ဆိုင်းမည်ဟု အိန္ဒိယပြော
အိန္ဒိယ အထက်လွှတ်တော်အဖွဲ့ ရက္ခိုင့်တပ်တော်နှင့် လာရောက်ဆွေးနွေး
ခြံစည်းရိုးခတ်ကာ လွတ်လပ်စွာသွားလာခွင့်စာချုပ်ဖျက်ရန် အိန္ဒိယ ကြိုးပမ်းနေ
အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်
မြန်မာ့အရေးမှာ လောင်းကြေးအထပ်မှားသည့် အိန္ဒိယ
မြန်မာစစ်ဘေးရှောင် ၈၀ ဦးကို အိန္ဒိယရဲ ဖမ်းဆီးအကျဉ်းချ