လွန်ခဲ့သောနှစ်က ရွေးကောက်ပွဲတွင် မဲအများဆုံးရသော ပြုပြင်ပြောင်းလဲရေး ရှေ့သို့ချီပါတီ (Move Forward Party) သည် “ဘုရင်ကို နိုင်ငံအကြီးအကဲအဖြစ် သတ်မှတ်သည့် ဒီမိုကရေစီစနစ်” ကို ထိခိုက်စေသော အထောက်အထားများ တွေ့ရှိရသောကြောင့် ထိုပါတီကို ဖျက်သိမ်းရန် ကြိုးစားမည်ဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ကြေညာသည်။
ထိုင်းနိုင်ငံ၏ သြဇာကြီးမားသည့် တော်ဝင်မိသားစုကို ဝေဖန်ပါက ထောင် ၁၅ နှစ်အထိ ကျနိုင်သည့် တော်ဝင်မိသားစုအား ကာကွယ်သည့် တင်းကျပ်သော ဥပဒေကို ပြုပြင်ရန် အပါအဝင် အဓိကျသည့် ပြုပြင်ပြောင်းလဲရေးများကို ကတိပေးခဲ့သည့် Move Forward Party သည် လွန်ခဲ့သောနှစ်က ရွေးကောက်ပွဲတွင် ထိပ်ဆုံးမှ အနိုင်ရသည်။ သို့သော် ထိုပါတီသည် အာဏာရမည့်ကိစ္စကို စစ်တပ်က ခန့်ထားသည့် အထက်လွှတ်တော်အမတ်များက ပိတ်ဆို့ခြင်းခံရပြီး တရားစွဲဆိုမှုများကိုလည်း ရင်ဆိုင်နေရသည်။
ရွေးကောက်ပွဲကော်မရှင်၏ ယခု နောက်ဆုံးကြေညာချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံး၏ ဇန်နဝါရီလ ဆုံးဖြတ်ချက်အပြီးတွင် ထွက်ပေါ်လာသည်။ ထိုတရားရုံး ဆုံးဖြတ်ချက်တွင် ရှေ့သို့ချီပါတီက တော်ဝင်မိသားစုကို ကာကွယ်သည့် ဥပဒေကို ပြုပြင်ရန်ကတိသည် ဥပဒေနှင့် မညီကြောင်းနှင့် ထိုသို့သော အားထုတ်မှုများကို ရပ်ဆိုင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ထိုင်းရွေးကောက်ပွဲကော်မရှင်က ထိုစီရင်ချက်ကို စဉ်းစား သုံးသပ်ပြီး အထက်ပါ ပါတီကို ဖျက်သိမ်းရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးသို့ လျှောက်လှဲရန် ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။
“ရှေ့သို့ချီပါတီသည် ဘုရင်ကို နိုင်ငံအကြီးအကဲအဖြစ် သတ်မှတ်သည့် ဒီမိုကရေစီစနစ်ကို ထိခိုက်စေသည် ဆိုသည့် အထောက်အထားရှိသည်” ဟု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးသည် ထိုအမှုကို လက်ခံ၊ မခံ ဆုံးဖြတ်ရတော့မည် ဖြစ်သည်။ ထိုပါတီကို ဖျက်သိမ်းလိုက်ပါက ခေါင်းဆောင်များကို နိုင်ငံရေးမှ ၁၀ နှစ် ပိတ်ပင်နိုင်သည်။
ပါတီ၏ ဥပဒေရေးရာအဖွဲ့သည် ပါတီဖျက်သိမ်းမခံရရေးအတွက် နောက်ဆုံးစက္ကန့်အထိ အကောင်းဆုံး ကြိုးစားသွားမည် ဖြစ်ကြောင်းနှင့် ပါတီတွင် အပြစ်မရှိကြောင်း သက်သေပြနိုင်ခြင်းသည် အနာဂတ် ထိုင်းနိုင်ငံရေးစနစ်အတွက် စနစ်ကျသည့် စံနှုန်းတခုကို ဖန်တီးပေးမည်ဖြစ်ကြောင်း ရှေ့သို့ချီပါတီ ပြောခွင့်ရသူ ပါရစ် ဝါချာရာစင်ဒူက ပြောသည်။
နိုင်ငံရေးပါတီများအား ဖျက်သိမ်းခြင်းကို စစ်အာဏာသိမ်းမှုသမိုင်းရှိသည့် ထိုင်းနိုင်ငံတွင် မကြာခဏ တွေ့ရသည်။ ၂၀၀၆ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံရေးပါတီ ကိုးခု ဖျက်သိမ်းခံရသည်။ ထိုသို့ ဖျက်သိမ်းရာတွင် အနာဂတ်သို့ချီ ပါတီ (Future Forward Party) ဖျက်သိမ်းခံရပြီး ရှေ့သို့ချီပါတီ ပေါ်ပေါက်လာသည်။ အနာဂတ်သို့ချီ ပါတီကို ၂၀၂၀ ပြည့်နှစ်တွင် ဖျက်သိမ်းခဲ့ပြီး နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရန် တောင်းဆိုသည် လူငယ်များ ဦးဆောင်သော ဒီမိုကရေစီလှုပ်ရှားမှုများ ဖြစ်ပေါ်စေခဲ့ပြီး ဘုရင်စနစ်၊ အာဏာနှင့် ကြွယ်ဝချမ်းသာမှုကို တားဆီးရန် တောင်းဆိုမှုများ မကြုံစဖူး ဖြစ်စေသည်။
ထိုဆန္ဒပြပွဲခေါင်းဆောင်များက တော်ဝင်မိသားစုကို ကာကွယ်သည့် ဥပဒေကို ဖျက်သိမ်းရန် တောင်းဆိုသည်။ ထိုအချိန်မှစတင်ပြီး ကလေးများအပါအဝင် လူပေါင်း ၂၆၀ ကို ထိုဥပဒေဖြင့် စီရင်ထားသည်။
တော်ဝင်မိသားစုကို ကာကွယ်သည့် ဥပဒေကို လူ့အခွင့်အရေးအဖွဲ့များက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ကြပြီး အတိုက်အခံများကို ဖိနှိပ်ရန်နိုင်ငံရေး ကိရိယာအဖြစ် ထိုဥပဒေကို အသုံးပြုကြောင်း ပြောသည်။ ထိုသို့သောအမှုများကို မည်သူမဆိုက စွဲဆိုနိုင်ပြီး ထိုဥပဒေကို ကျယ်ပြန့်စွာ ဖွင့်ဆိုထားသည်။
ဘုရင်ကို စော်ကားသည်ဟု တရားရုံးတခုက သတ်မှတ်သည့် ကာတွန်း ရာဘာ ဘဲရုပ်များကို သရုပ်ဖော်သော သရော်ပြက္ခဒိန်များရောင်းချသောကြောင့် လူတဦးသည် လွန်ခဲ့သောနှစ်တွင် ထောင် နှစ်နှစ် ချမှတ်ခံရသည်။ မိဖုရားကို လှောင်ပြောင်သည်ဟု သတ်မှတ်ခံရသည့် စိတ်ကူးယဉ်ဝတ်စုံ ဝတ်ဆင်သည့် အခြားတက်ကြွလှုပ်ရှားသူ တဦးကို ၂၀၂၂ ခုနှစ်တွင် ထောင် နှစ်နှစ်ချခဲ့သည်။ ၎င်းတို့ နှစ်ဦးလုံးသည် အယူခံဝင်နေစဉ် ခံဝန်ဖြင့် လွှတ်ထားပေးခံရသည်။
ဇန်နဝါရီလကလည်း လူတဦးသည် ဘုရင်စနစ်ကို Facebook တွင် ဝေဖန်သည်ဟုဆိုကာ ထောင်အနှစ် ၅၀ အချခံရပြီး ထိုသို့သော အမှုအတွက် ထောင်ဒဏ်နှစ် အရှည်ဆုံး ချမှတ်ခံရသူ ဖြစ်လာကြောင်း ထိုင်းလူ့အခွင့်အရေး ရှေ့နေများအသင်းက ပြောသည်။
ဘုရင်ကို နိုင်ငံအကြီးအကဲအဖြစ် သတ်မှတ်သည့် လက်ရှိစနစ်ကို ဖျက်သိမ်းရန် ကြိုးစားသည် ဆိုသည့် စွပ်စွဲချက်များကို ရှေ့သို့ချီပါတီက ပယ်ချသော်လည်း ပြောင်းလဲနေသော လူထုအမြင်ကို ထင်ဟပ်ရန်နှင့် ဘုရင်စနစ်ကို နိုင်ငံရေး ပြင်ပတွင်ထားရန်အတွက် တော်ဝင်မိသားစုကို ကာကွယ်သည့် ဥပဒေကို ပြင်ဆင်ရန် လိုအပ်သည်ဟု ပြောသည်။
ထိုဥပဒေကို ပြင်ဆင်ရန် အားထုတ်မှုများကို ရှေးရိုးစဉ်လာဝါဒီ ကွန်ဆာဗေးတစ်များက အပြင်းအထန် ဆန့်ကျင်ကြသည်။ ရှေ့သို့ချီပါတီ၏ ပြုပြင်ပြောင်းလဲရေးကတိသည် စစ်တပ်ခန့် အထက်လွှတ်တော် အမတ်များ တာဝန်ထမ်းဆောင်ခြင်းကို ပိတ်ပင်ရန် လုပ်သည့် လုပ်ရပ်ဖြစ်သည်ဟု အထက်လွှတ်တော် အမတ်များက လွန်ခဲ့သောနှစ်တွင် ပြောသည်။ အထက်လွှတ်တော်အမတ်များသည် အနာဂတ် ခေါင်းဆောင်များကို ရွေးချယ်ရာတွင် မဲပေးခွင့်ရှိသည်။
ကိုးကား ။ ။ The Guardian သတင်း Thailand election body seeks to dissolve progressive party that won 2023 vote
You may also like these stories:
ထိုင်းနိုင်ငံရေးလွန်ဆွဲပွဲတွင် ဘုရင်စနစ် ရှေ့ဆုံးရောက်လာ
ရန်သူဟောင်းများ ပြန်ပေါင်းတဲ့ ထိုင်းနိုင်ငံရေး ဘာလဲ ဘယ်လဲ
ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်
Move Forward ပါတီ ဦးဆောင်တဲ့ ထိုင်းအစိုးရဖွဲ့ရေးက ဆပ်ပြာပူဖောင်းလား