တိုင်းနှင့် ပြည်နယ်များ၌ စစ်မှုထမ်းစာရင်းကောက်ရာတွင် မြို့နယ်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက လုပ်ပိုင်ခွင့် အာဏာကို သုံး၍ နည်းအမျိုးမျိုးဖြင့် ကောက်ယူလျက်ရှိကြောင်း မြို့ခံများထံက သိရသည်။
ရန်ကုန်တိုင်းမြို့နယ်တချို့၌ မတ်လ ဒုတိယပတ်မှစ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သူများ ကို စာရင်းကောက်၊ မဲနှိုက်မှုများ စလုပ်ရာ တချို့မှာ ငွေပေး၍ ကင်းလွတ်ခွင့်ရနေသလို၊ တချို့နေရာများတွင် ပြစ်မှုမှတ်တမ်း ရှိသူများကို ဦးစားပေးစာရင်း၌ ထည့်ထားကြောင်း ရပ်ကွက်နေပြည်သူများထံက သိရသည်။
ရန်ကုန်မြို့နေ ပြည်သူတဦးက “အသက် ၂၀ ကျော်ပြီဆိုတော့ စစ်မှုထမ်းဖို့ အထက်က ညွှန်ကြားလာတဲ့အတွက်ကြောင့် ဆင့်ခေါ်စာ ပို့ပေးခြင်းဖြစ်ပါတယ် ဆိုပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အိမ်ကို လာပို့တာ။ နောက်ပြီး သူက ပြောတာကျ တော့ လူစားလဲပေးလို့ ရတယ်၊ ငွေဘယ်လောက်နဲ့ ပေးချင်လဲဆိုပြီး ပြောတယ်။ အိမ်က မောင် ၃ ယောက်ရှိတော့ ပိုက်ဆံ ပေးပြီးတော့ ညှိမလား၊ တယောက်ကို သိန်း ၅၀ လို့လည်း ပြောတယ်” ဟု ပြောသည်။
ထိုတောင်းသည့် ငွေကြေးမှာ ယခုတကြိမ်ကောက်ယူမှုအတွက်သာဖြစ်ပြီး အမြဲတမ်း ကင်းလွတ်ခွင့်ရမည် မဟုတ်ကြောင်း ပြောဆိုသွားသည်ဟု ၎င်းက ဆိုသည်။
တောင်ဒဂုံမြို့နယ်၌မူ ရပ်ကွက်အတွင်းရှိ အလုပ်အကိုင်မရှိသေးသည့် လူငယ်များကို ဦးစားပေးစာရင်း ထည့်သွင်းထား ကြောင်းသိရသည်။
တောင်ဒဂုံမြို့နယ်နေတဦးက “ရပ်ကွက်တခုနဲ့ တခုတော့ မတူဘူး။ ကျမတို့ ရပ်ကွက်ထဲမှာဆိုရင် လတ်လျား လတ်လျား လုပ်နေတဲ့ ကလေးတွေကို စာရင်းထဲ ထည့်ထားတယ်ဆိုပြီး ဟိုနေ့က ရပ်ကွက်ရုံးကို ဧည့်စာရင်းသွားတိုင် တော့ ပြောနေ ကြတယ်။ သူတို့ထည့်ချင်တဲ့သူထည့် လုပ်ချင်တဲ့အတိုင်း လုပ်နေတာပဲ။ ဒီစာရင်းတွေက သူတို့ လက်ထဲမှာပဲ ရှိတယ်” ဟု ပြောသည်။
အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အသက်အရွယ်ရှိသူများကို စာရင်းကောက်ယူနေခြင်းဖြစ်ကာ သင်္ကြန်အပြီး လာရောက် ခေါ်မည်ဟု အုပ်ချုပ်ရေးမှူးများက ပြောဆိုထားကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
မရမ်းကုန်းမြို့နယ် နေသူတဦးက “အခုက ငွေတတ်နိုင်တဲ့အိမ်တွေ မဲအပေါက်များတယ်။ ငွေညှစ်တဲ့ သဘောတွေပါ။ မဲပေါက်တာမျိုးမဟုတ်ဘဲ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မဲပေါက်ပါတယ်ဆိုပြီး စစ်မှုထမ်းဖို့ ဖောင်လာပေး တာ၊ အိမ်ကအုပ်ထိန်းသူတွေကိုလည်း သူတို့လာခေါ်ချိန် စစ်မှုထမ်းဖို့ မဲပေါက်ထားတဲ့သူ မပျောက်ဖို့၊ ထွက်မပြေးဖို့ အာမခံ နှုတ်ကတိ တောင်းတာမျိုးရှိတယ် “ ဟု ပြောသည်။
ထို့အတွက် မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးများသို့ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ စစ်မှုထမ်းရန်အတွက် လူစာရင်းကောက်နေသည်မှာ မှန်ကန်ကြောင်းနှင့် အသေးစိတ်ကိုမူ ဖြေကြားခြင်း မရှိခဲ့ပေ။
သင်္ဃန်းကျွန်းမြို့နယ်ရှိ ထွေအုပ်ရုံးမှ အုပ်ချုပ်ရေးမှူးက “ကျနော်တို့တွေ အခု လူစာရင်းတွေ ကောက်နေတယ်။ အလုပ် ရှုပ်နေလို့ ဒီထက်ပိုပြီးတော့ မပြောနိုင်ပါဘူး“ ဟု ဧရာဝတီကို ပြန်လည် ဖြေကြားခဲ့သည်။
လက်ရှိတွင် မရမ်းကုန်းမြို့နယ်၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံတောင်ပိုင်း၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာပ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မှော်ဘီ၊ ဒေါပုံ၊ သာကေတ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ သန်လျင် စသည့်မြို့နယ်များတွင် ရပ်ကွက်အလိုက် နေ့စဉ် စာရင်းကောက်ယူနေကြောင်း သိရသည်။
စစ်မှုထမ်းရန် စာရင်းကောက်ယူမှုကြောင့် ပြည်သူများကြား စိုးရိမ်မှုများနှင့် ကြုံတွေ့နေရပြီး ပြီးခဲ့သည့် မတ်လ ၁၇ ရက်က ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ် မြတ်လေးချောင်းအုပ်စုရှိ ရေတွင်းချောင်ရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်ခံရသူ လူငယ်တဦးမှာ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း BBC သတင်းက ဆိုသည်။
အဆိုပါကျေးရွာတွင် မတ်လ ၁၆ ရက်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် လူငယ် ၃ ဦးကို မဲနှိုက်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဧရာဝတီတိုင်းအတွင်း စစ်တပ်က လူငယ်များ စစ်မှုထမ်းကြရန် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့် ဟောပြော စည်းရုံးခိုင်းကာ စစ်မှုထမ်းရန် မဲပေါက်သည့် လူငယ်များ၏ မိသားစုအား လူငယ်တဦးလျှင် လစာအပြင် ထောက်ပံ့ကြေး ငွေကျပ် ၃၆ သိန်းပေးမည်ဟု ပြောဆိုစည်းရုံးနေကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင် တခုအရ သိရသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးက စစ်တပ်ထဲဝင်ပါက စစ်သားတဦးလျှင် လစာ ငွေကျပ် ၄ သိန်း ၇ သောင်း ရရှိမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းမည့် လူငယ်၏ မိသားစုသည် ထောက်ပံ့ကြေး ၃၆ သိန်း တခါတည်း ရရှိမည်ဖြစ်ကြောင်း၊ စစ်တိုက်ရမည် မဟုတ်ကြောင်း စည်းရုံးပြောဆိုလျက်ရှိသည်။
အဆိုပါရုပ်သံဖိုင်တွင် ၎င်းက “၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အကျုံးဝင်တဲ့လူတွေသည် ကျနော် ကျမ သားသမီးကတော့ နိုင်ငံခြား ရောက်နေတယ်ဆိုရင်လည်း မဲနှိုက်ရမှာပဲ။ မဲပေါက်တယ်ဆိုရင် ဘုတ်အဖွဲ့ကနေ အဲဒီလူကို ခေတ္တ ယာယီ ဆိုင်းငံ့ ထားမယ်။ လာမယ့်နှစ်မှာ မဲနှိုက်စရာ မလိုဘဲ အော်တိုဝင်ရမယ်။ ဆယ်အိမ်မှူး ၊ ရာအိမ်မှူး ကျန်တဲ့အဖွဲ့အစည်းက လူတွေ အကုန်ပါတယ်။ အကုန် မဲနှိုက်ရမယ်။ သင်တန်း မနက်ဖြန်လိုသွားရမယ်ဆို ဒီနေ့လို ပိုက်ဆံပုံပေးခဲ့မယ်။ သင်တန်းကတော့ ၂ လလို့ ပြောတယ်။ တာဝန်ထမ်းဆောင်ရမှာ ၂ နှစ် ။ သင်တန်းစတက်ပြီဆိုတာနဲ့ လစာကလည်းရပြီ။ သင်တန်းတက်တာနဲ့ တာဝန်ထမ်းဆောင်ရမယ့်ရက်က စပြီ” ဟု ပြောဆို စည်းရုံးထားသည်။
ထို့ပြင် မကွေးတိုင်း ၊ အောင်လံမြို့နယ်ရှိ ကျေးရွာတခုတွင်လည်း စစ်မှုထမ်းရန်အတွက် ယခင်က ပြစ်မှုမှတ်တမ်း ရှိခဲ့ဖူး သူများကို အုပ်ချုပ်ရေးမှူးရုံး၌ ဦးစားပေးအနေဖြင့် စစ်မှုထမ်းရမည်ဟု ခံဝန်ကတိထိုးခိုင်းကြောင်း ဒေသခံတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “အောင်လံက ကျနော်တို့ရွာမှာတော့ ပြစ်မှုရှိတဲ့သူတွေကို စာရင်းကောက်ပြီး ပထမဆုံးအသုတ်မှာ စစ်မှုထမ်းပါ မယ်ဆိုတဲ့ ခံဝန်ထိုးခိုင်းတယ်။ ကျနော်တို့တော့ မပါသေးဘူး။ ဘယ်တော့ပါမယ်ဆိုတာ မသိလို့လည်း မနေချင်တော့ဘူး။ ပြည်ပကိုထွက်ဖို့ လုပ်နေတာ “ ဟု ပြောသည်။
ထိုသို့အောက်ခြေအဆင့်ရှိ အုပ်ချုပ်ရေးပိုင်းများက အာဏာအလွဲသုံးကာ လုပ်ဆောင်နေမှုကြောင့် အရေးယူပေးရန် ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီက မတ် ၁၉ ရက်က တောင်းဆိုထားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ အခန်း (၃) ပုဒ်မ ၇(က) တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့သည် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့ ၊ ခရိုင်အဖွဲ့နှင့် မြို့နယ်အဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းနိုင်ကြောင်း ပြဋ္ဌာန်းထားသောကြောင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအဆင့်တွင် ဖွဲ့စည်းထားခြင်း မရှိကြောင်း၊ ရပ်ကွက် နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့သည် စာရင်းပြုစုပေးပို့ရန်သာဖြစ်ပြီး ရွေးချယ်အတည်ပြုခွင့် ၊ မဲနှိုက်ခြင်းအပါအဝင် စာရင်းမှ ပယ်ဖျက်ခွင့်မရှိကြောင်းနှင့် ဥပဒေထက် ကျော်လွန်ဆောင်ရွက်နေသူများကို တားမြစ်အရေးယူပေးရန် ဆိုထားသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ဗဟို)ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့စွဲဖြင့် ကာကွယ်ရေးဝန်ကြီးက ဦးဆောင်၍ အဖွဲ့ ဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီးနောက် ပြည်နယ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်များထိ ဆက်တိုက်ဖွဲ့စည်းနေသလို ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါးရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းရှိ မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ စစ်မှုထမ်းလျှောက်လွှာများ ရောက်နေပြီ ဖြစ်သလို မြို့နယ်တချို့ တွင် မဲနှိုက်၍ ရွေးချယ်မှုများပြုလုပ်နေသည်။ စစ်မှုထမ်းရန် စာရင်းပါသူများအနေဖြင့် သင်္ကြန်အပြီး၌ ကျန်းမာရေး စစ်ဆေးရမည်ဖြစ်ပြီး ခရီး မသွားကြလာရန်နှင့် အရေးပေါ် ခရီးသွားမည်ဆိုပါက ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ အကြောင်း ကြားရမည်ဟု အသိပေးထားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ လာမည့် ဧပြီလမှစ၍ တကြိမ်လျှင် လူ ၅ ထောင်နှုန်းဖြင့် လစဉ် စုဆောင်းသွားမည်ဟု စစ်ကောင်စီက ကြေညာထားပြီး စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရချိန်တွင် ပျက်ကွက်ပါက ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်းလည်း သတိပေးထားသည်။
You may also like these stories:
ပြည်သူကို ပူပင်သောက ပေးနေသည့် စစ်မှုထမ်းဥပဒေ
ရန်ကုန်နှင့်မြို့ ကြီးများ၌ စစ်မှုထမ်းရန် စာရင်းကောက် မဲနှိုက်မှု စတင်
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ပြည်သူများ စိုးရိမ်