စစ်မှုထမ်းဥပဒေကို စစ်ကောင်စီအသက်သွင်းပြီးနောက် စစ်မှုထမ်းရန် စာရင်းကောက်ယူနေသည့် ရပ်ကွက်အုပ် ချုပ်ရေးမှူးများ သတ်ဖြတ်ခံရမှုဖြစ်စဉ် ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိသည်။
စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင် အသက်ဝင်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ပြီးသည့်နောက် တနိုင်ငံလုံးရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအသီးသီး၌ လူစာရင်းကောက်ခံမှုများ၊ မဲနှိုက်ရွေး ချယ်မှုများကို ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ မတ်လအတွင်း ပြုလုပ်လာကြခြင်း ဖြစ်သည်။
ထိုသို့ စစ်မှုထမ်းရန် စာရင်းကောက်ရာတွင် ရန်ကုန်တိုင်း တောင်ဒဂုံ၊ သံလျင်၊ ဒေါပုံ စသည့်မြို့နယ်များ အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ ရန်ပြုခံရမှုများ ရှိခဲ့သလို မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း ပဲခူးတိုင်းတို့မှ အုပ်ချုပ်ရေးမှူး ၆ ဦးမှာလည်း သတ်ဖြတ်ခံထားရကြောင်း သိရသည်။
မန္တလေးတိုင်း၊ မိထ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ သီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး လက်တိုမောင်ပုဆိုသူကို မတ်လ ၁၉ ရက် ညနေ ၆ နာရီခန့်က ဝမ်းတွင်းမြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖြစ်သည့် (WTRF)က ပစ်ခတ်သတ်ဖြတ် ခဲ့ ကြောင်း ဧရာဝတီကို အတည်ပြုသည်။
WRTF မှ တာဝန်ရှိသူတဦးက “ဘယ်ပြည်သူမှ သဘောမတူဘဲ သူက ရွာထဲက လူငယ်သုံးဦးနာမည်ကို မဲတောင် မနှိုက်ဘဲ နာမည်ယူပြီး ဝမ်းတွင်းမြို့ ထွေအုပ်ရုံးကို သွားပေးတာ။ အရင်ကလည်း သူက သေနတ်ကိုင်ပြပြီး ပြည်သူကို ချိန်းခြောက်လေ့ရှိတယ်” ဟု ဆိုသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီက ပြဋ္ဌာန်းခဲ့သော စစ်မှုထမ်းရန်အမည်စာရင်းကို အထွေထွေအုပ်ချုပ်ရေး မှူးရုံးသို့ သွားရောက်ပို့ဆောင်ပြီး ပြန်လာစဉ် ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားဖြစ်ကြောင်း ၎င်းက ဆိုသည်။
မတ်လ ၁၈ ရက် ညပိုင်းတွင်လည်း မကွေးတိုင်း၊ စလင်းမြို့ ပခက်တိုင်ရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ထူးသည် ကျေးရွာ အတွင်း စစ်မှုထမ်းရန် အသံချဲ့စက်ဖြင့် နှိုးဆော်နေစဉ် ဝင်ရောက် ပစ်ခတ်ခဲ့သောကြောင့် သေဆုံးခဲ့ကြောင်း စလင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။
ထို့ပြင် မတ်လ ၁၅ ရက်နေ့က ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ကျောက်ဆွယ်ကျေးရွာမှ အုပ်ချုပ် ရေးမှူး ဦးဝင်းသိန်း၊ မတ်လ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊အောင်လံမြို့နယ်၊ ဒါးစမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ခြေတော်ရွာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးကြည်တို့ တော်လှန်ရေးအဖွဲ့များ၏ ပစ်ခတ် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
ယင်းသို့ လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းရန် စာရင်းကောက်ခံမှုများတွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး များ၏ ပံ့ပိုးကူညီမှုမှာ အဓိက ကျနေကြောင်း ရန်ကုန်အခြေစိုက် လှုပ်ရှားနေသည့် မြို့ပြပြောက်ကျားအဖွဲ့ Yangon UG Association (YUA) မှ ဆရာကျောင်းက ပြောသည်။
“အများပြည်သူကို အကျဉ်းကျပ်တခုထဲကို ပို့တယ်၊ အကြောက်တရား ပေးတယ်ပေါ့။ စစ်တပ်နဲ့ရဲဆိုတာက ရပ်ကျေး မပါဘူးဆိုရင် မြို့ပြ သို့မဟုတ် ဘယ်ဒေသမှာမဆို သူတို့က အကန်းသာသာပဲ ရှိပါတယ်။ ဒီအပေါ်မှာ စိတ်ရော ကိုယ်ပါ အဓမ္မမှုကို ပူးပေါင်းဆောင်ရွက်နေတဲ့သူတွေ အချိန်တခုရောက်ရင် သူတို့စိုက်ပျိုးသမျှကို ပြန်ရိတ်သိမ်းရမှာပါ” ဟု ၎င်းက ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီ၏ အဓမ္မ စစ်သားသစ်စုဆောင်းရာတွင် အဓိကကျသည့် အုပ်ချုပ်ရေး ထောက်တိုင်များကို ရန်ကုန်မြို့ပြပြောက်ကြားအဖွဲ့ YUA၊ မန္တလေးမြို့ပြပြောက်ကျား (UG) ၁၂ ဖွဲ့ ၊ ရေးဘီလူး၊ မွန်ပြည်သစ်ပါတီ စစ် အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ (NMSP – AD)၊ ဗန်းမော်မြို့ပြ ပြောက်ကျားတပ်ဖွဲ့၊ တအောင်းအမျိုးသား လွတ် မြောက်ရေး တပ်မတော် (TNLA) စသည့် တော်လှန်ရေးအဖွဲ့အသီးသီးက သတိပေးချက်များ ထုတ်ပြန်ထားပြီး နောက် တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။
စစ်အုပ်စုက အစားထိုးနိုင်သည့် ယန္တရားများရှိနေပြီးသားဖြစ်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ယခုကဲ့သို့ အုပ်ချုပ် ရေးမှူးများကို ပစ်ခတ်ရှင်းလင်းနေရုံဖြင့် စစ်မှုထမ်းဥပဒေက ရပ်တန့်သွားမည် မဟုတ်ကြောင်း အမည်မဖော်လိုသူ ဥပဒေပညာရှင်သူတဦးက မှတ်ချက်ပြု ပြောဆိုသည်။
“သံတွဲမှာဆိုရင် အုပ်ချုပ်ရေးမှူး ၉၆ ယောက်တပြိုင်တည်း နုတ်ထွက်သွားတာရှိတယ်။ သူတို့ နုတ်ထွက်သွားတော့ရော နောက်ထပ် ဒီလုပ်ငန်းကို ဆက်လုပ်မယ့် ရဲတပ်ဖွဲ့ရှိတယ်၊ လူဝင်မှုရှိမယ်၊ မီးသတ်တပ်ဖွဲ့တွေရှိမယ်။ ဒါတွေနဲ့တော့ အား ထုတ်ပြီး လုပ်သွားမှာပဲ။ သူ့ ဥပဒေမှာထဲကိုက ဒီဟာနဲ့ပက်သက်ပြီး ဆောင်ရွက်ရမှာတွေကို ရပ်ကွက်အလိုက် မြို့နယ် အလိုက် ခရိုင်အလိုက် တိုင်းနဲ့ ပြည်နယ်အလိုက် ဖွဲ့စည်းထားတာ ရှိတာကိုး။ ဒီလိုမျိုး ရှင်းလင်းသုတ်သင်ရုံနဲ့ တော့ ဒီဥပဒေကြီး ရပ်ဆိုင်းသွားစရာ အကြောင်းမရှိဘူး” ဟု သုံးသပ်ပြောဆိုသည်။
ထိုသို့ စစ်မှုထမ်းစာရင်းကောက်ယူရန် စစ်ကောင်စီ ဖိအားပေးမှုအပြင် တော်လှန်ရေးအဖွဲ့များ၏ သတိပေးမှုများ ကြောင့် တိုင်းဒေသတချို့ရှိ အုပ်ချုပ်ရေးမှူးများမှာ နုတ်ထွက်ရန် တင်ပြမှုများလည်း ရှိနေကြောင်း ဒေသခံများထံက သိရသည်။
ယခု မတ်လ ၁၈ ရက်ကလည်း ချင်းပြည်နယ်၊ ဟားခါးမြို့တွင် လူဦးရေစာရင်း လိုက်လံကောက်ယူနေသည့် စစ်ကောင် စီလက်အောက်ခံအဖွဲ့ကို CDF ဟားခါးက ပစ်ခတ်တိုက်ခိုက်ခဲ့သလို၊ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၌ ရပ်ကွက် အတွင်း စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို Mandalay UG Wolf Army က လက် ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းနိုင်နှင့် ထွေအုပ်စာရေး ဦးစန်းနိုင်တို့ သည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ငွေညှစ်တောင်းခံခြင်းများ ပြုလုပ်နေသဖြင့် မတ်လ ၂၀ ရက်တွင် ရှင်းလင်းခဲ့ ကြောင်း ရေနံချောင်း PDF က ယနေ့ ထုတ်ပြန်ထားသည်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက ပြည်သူများကို အဓမ္မ ဖမ်းဆီးခြင်း၊ သင်တန်းပေးခြင်း၊ စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းစသည့် လုပ်ငန်းများ၌ မပါဝင်ကြရန် သတိပေးထားပြီး ပူးပေါင်းပါဝင်သူများအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန် ထားပြီး ဖြစ်သည်။
You may also like these stories:
ရခိုင်ပြည်နယ် မှတ်ပုံတင်ကိုင်သူများ စစ်ကောင်စီ ခရီးသွားလာခွင့်ပိတ်
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ပြည်သူများ စိုးရိမ်
ပြည်သူကို ပူပင်သောက ပေးနေသည့် စစ်မှုထမ်းဥပဒေ