စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေရာ ဖေဖော်ဝါရီ ၂၀ ရက်မှ မတ် ၁၉ ရက်ထိ တလတာအတွင်း အရပ်သားသေဆုံးမှု ၃၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
သေဆုံးမှုများအနက် စစ်တပ်၏ လက်နက်ကြီးထိမှန်မှုကြောင့် အများဆုံးဖြစ်ပြီး ဒရုန်းအပါအဝင် လေကြောင်းမှ တိုက်ခိုက်မှုအပြင် ပစ်ခတ်သတ်ဖြတ်မှုများကြောင့်ဖြစ်ကြောင်း မြေပြင်တွင် ကွင်းဆင်းမှတ်တမ်းယူနေသူတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “စစ်ကောင်စီက အရပ်သားပစ်မှတ်တွေနဲ့ နေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ မြို့ထဲမှာ ပစ်သတ်တာမျိုးတွေထိ ရှိတယ်။ စစ်ရေးအရှိန်မြှင့်မယ့် ထုတ်ပြန်ချက်အပြီးမှာ ကလေးမြို့ပေါ်မှာတင် ၁၂ ဦးကနေ ၁၅ ဦးထိ စစ်ကောင်စီရဲ့ သေနတ်နဲ့ပစ်တာနဲ့၊ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတယ်” ဟု ဆိုသည်။
စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ဒရုန်းများကြောင့် အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု များလာပြီး စစ်ရှောင် များရှိသည့် နေရာများသို့လည်း တိုက်ခိုက်လျက်ရှိရာ သေဆုံးသူအရေအတွက်မှာ တလတာအတွင်း ၄၀ နားကပ် နေပြီဟုလည်း ၎င်းက ပြောသည်။
စစ်ဘေးရှောင်များအား ကူညီပေးနေသူတဦးကလည်း “လက်ရှိ ကလေးဒေသမှာ ဗုံးခိုကျင်းက အဓိကဖြစ်သွားပြီ။ ရပ်ရွာလူထု ၃၀ ကျော်လောက် သေတယ်ဆိုတာက လက်နက်ကြီးနဲ့ အဆမတန်ပစ်တယ်၊ လေကြောင်းပစ်ကူ မတရား သုံးတာတွေကြောင့် ဖြစ်သွားတာမျိုးပါ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ လိုအပ်သလို ပြေးလမ်း ထွက်လမ်း တွေကို ကြိုတင်ရှာထားဖို့လည်း လိုအပ်ပါတယ်”ဟု ဆိုသည်။
ထို့ပြင် ကလေးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် မြို့ပေါ်ရပ်ကွက်များ၊ အနီးဝန်းကျင်ကျေးရွာများနှင့်အတူ ချင်းပြည်နယ် ခိုင်ကမ်းမြို့မှ ဒေသခံများအနေဖြင့် အိန္ဒိယနယ်စပ်နှင့် ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကလေးဒေသတခုလုံးတွင် စစ်ဘေးရှောင် ၅ သောင်းကျော်ထိ ရှိလာကြောင်း၊ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်နှင့် တကိုယ်ရည်အသုံးအဆောင်များ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။
ကလေးဒေသ သတင်းများကို ဖော်ပြပေးနေသည့် Voice Of Kalay မှ တာဝန်ရှိသူတဦးက “နယ်မြေအခြေအနေကတော့ ကလေးမြို့နယ် မြောက်ပိုင်းရောတောင်ပိုင်းမှာပါ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ဒီနေ့အထိ လက်နက်ကြီးတွေနဲ့ ဆက် တိုက် ပစ်ခတ်နေသလို လေကြောင်းကနေ ပစ်ခတ်နေတာလည်း ရှိတယ်။ ဒီနေ့မနက်ဆိုရင် မြို့ထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေက မြို့နဲ့မဝေးတော့ ပစ်ခတ်သံတွေ ညတိုင်းကြားနေရတာ။ တိုက်ပွဲ တွေ ဆက်တိုက်ပြင်းထန်နေတာမို့ စစ်ရှောင်တွေလည်း တော်တော်များလာတယ်” ဟု ပြောသည်။
မတ်လ ၁၆ ရက်တွင် ကလေးမြောက်ပိုင်းရှိ ပျူစောထီးကျေးရွာများဖြစ်သော အောင်မြင်သာ၊ ကျောင်းတိုက်ကျေးရွာ များကို အထူးလှုပ်ရှားတပ်ရင်း (၂၊ ၆)၊ ကလေးခရိုင်လှုပ်ရှားတပ်ဖွဲ့၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ CDF-KKG၊ RKDF၊ RCDF၊ EFDF၊ HNB နှင့် ဒေါင်းသွေးရာဇာ ပူးပေါင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်းပစ်ကူများဖြင့်ပါ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲတွင် ကလေးခရိုင် မြို့ပြစစ်ဆင်ရေးတပ်ဖွဲ့ကလည်း မင်းလှကျေးရွာအား ဖြတ်တောက်ရေးတာဝန် ယူပေးခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ဦးခန့် သေဆုံး၊ ပျူခေါင်းဆောင် ၂ ဦး အရှင်ဖမ်းဆီးရမိကာ MA-15 (ငါးကြင်းမြီး)နှင့် MA-10 (RPG-7) အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။
အောင်မြင်သာကျေးရွာတွင် ဗိုလ်ကြီးကျော်လင်းမောင် ဦးစီးသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးနှင့် ပျူစောထီး ပူးပေါင်း အင်အား ၄၀ ဦး အခြေချနေထိုင်ပြီး ကျောင်းတိုက်ကျေးရွာတွင် ဗိုလ်ဖြိုးသန့် ဦးစီးသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦးနှင့် ပျူစောထီး ပူးပေါင်းအင်အား ၅၉ ဦး အခြေချနေထိုင်ကြောင်း သိရသည်။
ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၆ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရခဲ့သလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်ကလည်း ရဲဘော် ၂ ဦး သေဆုံးခဲ့ကြောင်း၊ ပူးပေါင်းအဖွဲ့များက ကျောင်းတိုက်ကျေးရွာအား အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ဆည်တော်ဦးနှင့် အောင်မြင်သာကျေးရွာသို့ ဆုတ်ခွာသွားပြီး နောက် ကျောင်းတိုက်ကျေးရွာအား ကလေးမြို့မှ တက်လာသော Mi-35 ဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်နှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပျူစောထီးနှင့် မိသားစုဝင် ၃၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
ကလေးမြို့ ပကဖ မှ တာဝန်ရှိသူတဦးက “ပျူတွေက စစ်ဘေးရှောင်ပုံစံမျိုးနဲ့ နေနေကြတာကို ကျနော်တို့အဖွဲ့တွေ ဖမ်းမိခဲ့တာရှိတယ်။ သူတို့ကို စစ်ဆေးနေတဲ့အချိန်မှာ နောက်ကနေပစ်လို့ ထိခဲ့တာမျိုးတွေရှိတယ်။ ၁၆ ရက်က စစ်တပ်က ပစ်တာတွေကလည်း အရပ်သားတွေ မဟုတ်ပါဘူး။ ပျူစောထီးနဲ့ မိသားစုဝင်တွေပါ။ ၁၅ ယောက်က နေရာမှာတင် ပွဲချင်းပြီးလို့ သိရတယ်။ ဒဏ်ရာပြင်းလို့ ထပ်သေတာတွေလည်းရှိတယ်။ ဒီနေ့တော့ ဆည်တော်ဦးတို့၊ ကျောင်းတိုက် တို့ဘက်မှာ တိုက်ပွဲမရှိတော့ဘူး။ ပျူရွာတွေကို ကျနော်တို့အဖွဲ့တွေက ထိန်းချုပ်နိုင်သွားတာမို့ပါ” ဟု ပြောသည်။
အဆိုပါကျေးရွာများသည် ပျူစောထီး အားကောင်းသော ကျေးရွာများဖြစ်ကာ ကလေးမြောက်ပိုင်းတွင် တည်ရှိပြီး ယင်းကျေးရွာများကို အခြေပြု၍ တော်လှန်ရေးအားကောင်းသော နေရာများ၊ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးကာ ဒေသခံများ ဖမ်းဆီးခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသော ကျေးရွာများဖြစ်ကြောင်း သိရသည်။
Voice Of Kalay မှ တာဝန်ရှိသူတဦးက “မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်တော့ ပျူတွေက ရွာထဲကနေ ဘယ်မှ မပြေးရ ဘူးပြောလို့ လူစုပြီးနေတဲ့နေရာကို ဗုံးကျတယ်လို့ သိရပါတယ်။ သေတာက ပျူတွေချည်းပဲ။ ထွက်ပြေးလိုက်နိုင်တဲ့ ပျူစောထီးနဲ့ မိသားစုတွေက မြို့ပေါ်မှာရှိတဲ့ သူတို့ ဆွေမျိုးတွေအိမ်မှာ လာနေကြတာ။ အခုချိန်ထိ သူတို့က အမြင်မှန် မရနိုင်ကြသေးဘူး။ PDF တွေ လာတိုက်လို့ သူတို့ ထွက်ပြေးရပါတယ်ဆိုပြီး ပြောနေကြလို့ ရပ်ကွက်ကလူတွေ သူတို့ကို ကြောက်နေကြရတာ။ တချို့ပျူတွေက ရွာက ဆက်ကြေးကောက်ထားတဲ့ ပိုက်ဆံတွေယူပြီး ပြေးကြတာ။ ဒကစထဲလည်း ပြေးကြတာတွေ ရှိတယ်” ဟု ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကလေးတောင်ပိုင်းရှိ နည်းပညာတက္ကသိုလ်တွင် ဝင်ရောက်တပ်စွဲပြီးနောက် အနီးဝန်းကျင်ရှိ သာယာဝတီ၊ ထိုမာ၊ ထောက်ကြန့်ရွာ၊ ကြာအင်း၊ နတ်ချောင်း၊ သာယာကုန်း၊ ရေလဲဦး၊ ပေါက်ခုံ၊ ပျဉ်းခုံလေး စသည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေသလို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကလေးဒေသ စစ်ရေးသတင်းများကို စောင့်ကြည့်လေ့လာနေသူတဦးက “လက်ရှိ ကလေးဒေသ တိုက်ပွဲဖော်ဆောင် လာတာ မှာ တဖြည်းဖြည်းနဲ့ စနစ်ကျလာတာကို မြင်ရတယ်။ စစ်ကောင်စီရဲ့ နယ်မြေတွေ ကျဉ်းကျဉ်းလာပြီး ခုခံမှုတွေ ကလည်း ကျုံ့လာတယ်။ ကလေးမြို့ကို အားလုံးက ဦးတည်လာပြီ။ နောက်ဆုံး စစ်ကောင်စီက ကလေးမြို့နဲ့ လူထုကို အကာအကွယ်ယူ ဗဟိုပြုပြီး ခုခံတာမျိုးတွေ လုပ်လာပါလိမ့်မယ်။ အဲဒီလိုသာဆိုရင် ပြည်သူ့ကာကွယ်ရေးတွေ တိုက်ရခက်ခဲသွားပါလိမ့်မယ်။ ဒါကြောင့် မြို့လူထုက ကြိုတင်ရှောင်တာမျိုးတွေ လုပ်သင့်တယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
ကလေးမြို့အတွင်းနှင့် မြို့ပတ်ဝန်းကျင်ဒေသများကို စစ်ရေးအရှိန်အဟုန် တိုးမြှင့်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ဖေဖော်ဝါရီ ၂၆ ရက်စွဲဖြင့် သတင်းထုတ်ပြန်ပြီးနောက်ပိုင်း မြို့ခံများနှင့် အနီးဝန်းကျင်မှ ဒေသခံများ နေရပ်စွန့်ခွာမှု ပြုလုပ်လာသည်။
ထို့ပြင် ကလေးမြို့နယ်တွင် စစ်ဘေးရှောင်များ နေ့စဉ်မြင့်တက်လျက်ရှိရာ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့် ကလေးငယ်များလည်း ပါဝင်နေသောကြောင့် စားဝတ်နေရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လုံခြုံရေးကိုလည်း ကြိုတင်စီမံဆောင်ရွက်ပေးရန် လိုအပ်ကြောင်း စစ်ဘေးရှောင်ကူညီသူများက ထောက်ပြထားသည်။
You may also like these stories:
စစ်ရေးအရှိန်မြှင့်မည်ဆို၍ ကလေးဒေသခံတို့ မြို့ကို စွန့်ခွာလာ
ကလေးတက္ကသိုလ်အနီး စစ်တပ်နှင့် PDF တို့ တိုက်ပွဲ ပြင်းထန်
ကလေး- တမူးလမ်းပေါ်ရှိ ခါမ်းပါတ်မြို့ကို PDF သိမ်း