ဗိုလ်ချုပ်များ၏ အယုံကြည်ရဆုံး စီးပွားရေးမိတ်ဆွေများအနက် အနီးကပ် မဟာမိတ်တဦး ပိုင်ပြီး မြန်မာနိုင်ငံမှ အဓိက ပုဂ္ဂလိက လေကြောင်းလိုင်းများအနက် တခုဖြစ်သော ကမ္ဘောဇလေကြောင်းလိုင်း (Air KBZ) သည် ၁၄ နှစ်ကြာ လုပ်ငန်းများ လုပ်ကိုင်ပြီးနောက် ‘မင်္ဂလာ’ လေကြောင်းလိုင်းအဖြစ် အမည်ပြောင်းလိုက်သည်။
ထိုအမည်သစ်ကို ယခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် စတင်ပြောင်းလဲသည်ဟု ထိုလေကြောင်းလိုင်း၏ ဝက်ဘ်ဆိုက်အရ သိရသည်။ ဆယ်စုနှစ်တခုကျော် လုပ်ငန်းများဆောင်ရွက်နေသည့် ထိုလေကြောင်းလိုင်း အမည်ပြောင်းရသည့် အကြောင်းရင်းကို ရှင်းပြရာတွင် မင်္ဂလာလေကြောင်း ဝန်ဆောင်မှုကုမ္ပဏီက စဉ်ဆက်မပြတ် တိုးတက်ရေး လုပ်ဆောင်မှုတခု ဖြစ်သည်ဟု ပြောသည်။
Air KBZ ကို ကမ္ဘောဇ ကုမ္ပဏီများ အုပ်စုက ၂၀၁၀ ပြည့်နှစ်တွင် တည်ထောင်သည်။ ထိုအုပ်စုသည် ဦးသိန်းစိန် အရပ်သားအစိုးရအတုအောက်တွင် ယခင် နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာ နိုင်ငံတကာ လေကြောင်းလိုင်း (MAI) ၏ ၈၀ ရာခိုင်နှုန်းကိုလည်း ရယူခဲ့သည်။
ကမ္ဘောဇ ကုမ္ပဏီများအုပ်စုကို ဦးအောင်ကိုဝင်းက တည်ထောင်သည်။ ထိုကုမ္ပဏီများအုပ်စုတွင် သတ္တုတူးဖော်ရေး၊ ဘဏ်လုပ်ငန်း၊ လေကြောင်းလိုင်းများ၊ အာမခံလုပ်ငန်း၊ ကုန်ထုတ်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေး၊ အိမ်ခြံမြေ၊ ကုန်သွယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်သည် ဝန်ဆောင်မှုလုပ်ငန်းများ စသည်တို့ကို လွှမ်းမိုးထားသည့် ကုမ္ပဏီများ ပါဝင်သည်။
ဦးအောင်ကိုဝင်းသည် မြန်မာစီးပွားရေးလုပ်ငန်းပိုင်ရှင် အများအပြား၏ မြီရှင်ဖြစ်ပြီး ဗိုလ်ချုပ်များနှင့် စစ်အုပ်စု ခရိုနီဖြစ်လာမည့်သူများအကြား ကြားခံအဖြစ် ဆောင်ရွက်ပေးသည်။ သူ၏ KBZ ဘဏ်မှတဆင့် ငွေရင်းများ ထောက်ပံ့ပေးပြီး သူကိုယ်တိုင်၊ ဗိုလ်ချုပ်များနှင့် ခရိုနီသစ်များ ပါဝင်ပတ်သည့် အကျိုးအမြတ်များသော စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော်သည်။
MAI နှင့် Air KBZ သည် ပြည်တွင်းလေကြောင်းခရီးများနှင့်ပြည်ပ ခရီးစဉ် ၁၆ ခု ပြေးဆွဲသည်။
၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင် 24 Hour Group က Air KBZ နှင့် MAI ကို ဝယ်ယူလိုက်သည်။ ထိုအရောင်းအဝယ်နှင့် ပတ်သက်ပြီး မည်သည့်ကုမ္ပဏီကမှ အသေးစိတ်ပြောကြားခြင်း မရှိပေ။ ထိုအုပ်စုကို စစ်အုပ်စု ခရိုနီတဦးနှင့် KBZ ဦးအောင်ကိုဝင်း၏ ရင်းနှီးသော မဟာမိတ်ဖြစ်သူ ဦးအောင်အောင်ဇော် တည်ထောင်သည်။
MAI နှင့် မြန်မာလေတပ်သည် လေယာဉ်များကို မျှဝေသုံးစွဲကြပြီး စစ်ကောင်စီ ခေါင်းဆောင်များသည် လက်နက်ဝယ်ရန် သွားသည့် ရုရှား အပါအဝင် နိုင်ငံတကာ ခရီးစဉ်များအတွက် MAI အမှတ်တံဆိပ်ပါ လေယာဉ်များကို အသုံးပြုကြသသည်။
စစ်ကောင်စီအတွက် အမေရိကန် ဒေါ်လာပံ့ပိုးရာတွင် အရေးပါသည့် နိုင်ငံပိုင် ဘဏ်နှစ်ခုဖြစ်သော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန် ပြည်ထောင်စုက အရေးယူပိတ်ဆို့ပြီးနောက် စင်ကာပူမှ United Overseas Bank (UOB) က MAI ၏ ဘဏ်စာရင်းများအားလုံးကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့တွင် ပိတ်ပင်မည်ဟု ကြေညာသည်။ စက်တင်ဘာလတွင် MAI သည် ရန်ကုန်၊ မန္တလေးနှင့် ရုရှားနိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်ပြီး နျူကလီးယား စွမ်းအင်နှင့်နည်းပညာ အဓိကထုတ်လုပ်သည့် နိုဗိုဆီဘာ့ခ်အကြား တိုက်ရိုက်လေကြောင်းလိုင်းများ စတင်ပြေးဆွဲသည်။
24 Hour Group စီးပွားရေးနှင့် စစ်ကောင်စီအကြား ဆက်စပ်မှုများကို လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သော Justice for Myanmar က အသေးစိတ်ဖော်ပြခဲ့သည်။ ထိုအသေးစိတ်များတွင် နိုင်ငံပိုင်လုပ်ငန်းများနှင့် ထုတ်လုပ်မှု ခွဲဝေရေး စာချုပ်ချုပ်ထားသည့် ကြီးမားသော ကျောက်မိုင်းတခု၊ ကျောက်မီးသွေးမိုင်းများနှင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ရိုဟင်ဂျာများထံမှ သိမ်းယူထားသည့် ပင်လယ်ပြင်မျက်နှာမူသော မြေတွင် ဆောက်လုပ်ရေးလုပ်ငန်းတို့ ပါဝင်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Crony Rebrands Air Kanbawza as ‘Mingalar’ ကို ဘာသာပြန်သည်။)
You may also like these stories:
Air KBZ နှင့် MAI လေကြောင်းလိုင်းပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်
MAI လေကြောင်းလိုင်း ငွေစာရင်းကို စင်္ကာပူ UOB ဘဏ်က ပိတ်သိမ်း
မြန်မာနိုင်ငံ၌ ဘဏ္ဍာရေးလုပ်ငန်းကြီး တခု တည်ဆောက်နေသည့် KBZ မိသားစု
၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် ခရိုနီ ဖခင်ကြီး ဦးအောင်ကိုဝင်း