ထိုင်းနိုင်ငံတွင် နိုင်ငံသားများသာ လုပ်ခွင့်ရှိသည့် လုပ်ငန်းများ၌ ဝင်ရောက် လုပ်ကိုင်မှုကြောင့် မြန်မာနိုင်ငံသား ၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း မတ်လ ၂၁ ရက် The Nation သတင်းတွင် ဖော်ပြထားသည်။
ဒေသခံများ၏ တိုင်ကြားချက်အရ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင် ဦးစီးဌာနမှ ဝင်ရောက်စီးနင်းခဲ့ရာ လွန်ခဲ့သော ၆ လအတွင်း မြန်မာအပါအဝင် နိုင်ငံခြားသား ၇၂၁ ဦးကို ဖမ်းမိခဲ့ပြီး အဓိကအားဖြင့် လမ်းဘေးဈေးသည်၊ ဆံပင်ညှပ်ဆရာ၊ ယာဉ်မောင်းနှင့် အနှိပ်ခန်းများတွင် လုပ်ကိုင်နေသူများဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Kharom Polpornklang က ပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံသား ၃၁၆ ဦးပါပြီး အများဆုံးဖြစ်ကြောင်း၊ကမော္ဘဒီးယား ၁၇၅ ဦး၊ လာအို ၁၀၆ ဦးနှင့် အိန္ဒိယ၊ ဗီယက်နမ်၊ တရုတ်နှင့် အခြားနိုင်ငံသားများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အဖွဲ့မှ အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက “အများစုကတော့ အရင်ကတည်းက နေတဲ့သူတွေ၊ခန့်တဲ့သူရော၊ အလုပ်သမားရော သတ်မှတ်တဲ့နေရာမှာ မဟုတ်လို့ပါ။ မြန်မာတွေ တော်တော်များများကတော့ လုပ်နေကြတာပါပဲ။ အခုကလည်း အတိုင်ခံရလို့ ပြဿနာတက်တာပေါ့။ သူတို့ ထိုင်းနိုင်ငံသားတွေက တိုင်တာ။ အဲဒါကြောင့် ကိုယ်လုပ်တဲ့အလုပ်ကို သတိထားရမယ် “ ဟု ပြောသည်။
ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းအစိုးရ ကန့်သတ်ထားသည့် အလုပ်များကို ဘန်ကောက်နှင့် အနီးတဝိုက်နေရာများ၊ ဖူးခက်၊ ကော့စမွေ၊ ပတ္တရားနှင့် ချင်းမိုင်ကဲ့သို့ ခရီးသွားလုပ်ငန်းနေရာများ၌ အများဆုံး လုပ်ကိုင်နေသည်ကို တွေ့ရကြောင်း The Nation သတင်းတွင် ရေးသားထားသည်။
ထိုင်းအစိုးရသည် စစ်ဆေးမှုကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၄ခုနှစ်၊ မတ် ၁၈ ရက်ထိ တနိုင်ငံလုံး အတိုင်း အတာဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတဝှမ်းရှိ စီးပွားရေးလုပ်ငန်းပေါင်း ၂၅,၆၂၈ ခုကို စစ်ဆေးခဲ့ကြောင်း၊ ထိုအထဲတွင် ထိုင်းလူမျိုးများသာ လုပ်ကိုင်ခွင့်ရှိသော အလုပ်များ၌ နိုင်ငံခြားသားအလုပ်သမားကို ဌားရမ်းသုံးသဖြင့် လုပ်ငန်းပေါင်း ၈၂၀ အား အရေးယူခဲ့ပြီး နိုင်ငံခြားသား ၃ဝ၆,၅၇၇ ဦးထဲမှ ၁,၆၈၉ ဦးကို ဥပဒေအရ အရေးယူခဲ့ ကြောင်းလည်း Kharom Polpornklang ကဆိုသည်။
ထိုင်းအစိုးရ၏ ဥပဒေအရ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် သတ်မှတ်ထားသည့် စက်ရုံ၊ အလုပ်ရုံများနှင့် သန့်ရှင်းရေး၊ အိမ်အကူစသည့် အောက်ခြေသိမ်း အလုပ်များကိုသာ လုပ်ကိုင်ခွင့်ရှိပြီး ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၊ စားသောက်ဆိုင်၊ ထိုင်းရိုးရာ အနှိပ်ခန်း၊ ဆံပင်ညှပ်ဆိုင်လုပ်ငန်း၊ ပွဲစားလုပ်ငန်း အပါအဝင် လုပ်ငန်းပေါင်း ၂၇ ခုကို လုပ်ကိုင်ခွင့် မရှိပေ။
ဦးမင်းဦးက “ထိုင်းအစိုးရအနေနဲ့လည်း သူတို့နိုင်ငံသားတွေကို ဘယ်လို ကာကွယ် စီမံတယ်ဆိုတာ ပြတဲ့သဘောလည်း ပါတယ်။ ပုံမှန်လည်း ဖမ်းဆီးနေတာပဲ ဆိုတော့။ အလုပ်သမားတွေအနေနဲ့လည်း တရားဝင် အလုပ်လုပ်ကိုင်တာ ကောင်း တယ်။ အလုပ် ၊ အလုပ်ခွင် ၊ အလုပ်ရှင် ကိုက်မကိုက် သိအောင်လုပ်ဖို့ အရေးကြီးတယ်။ မဟုတ်ရင် အန္တရာယ်များ တယ်” ဟုပြောသည်။
မတ် ၁၁ ရက်တွင် ထိုင်းနိုင်ငံ၊ ဆမွတ်စခွန်ခရိုင်၊ မဟာချိုင်တွင် ထိုင်းဥပဒေအရ နိုင်ငံခြားသား လုပ်ကိုင်ခွင့်မပြုသည့် ကားနှင့်ဆိုင်ကယ်များအား Tiktok နှင့် Facebook ကို သုံး၍ အွန်လိုင်းမှ တိုက်ရိုက်ရောင်းချနေသော အသက် ၂၀ ကျော်အရွယ် မြန်မာနိုင်ငံသား ဇနီးမောင်နှံ ၂ ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ထိုသို့ ကား၊ ဆိုင်ကယ် ရောင်းဝယ်ရေးလုပ်ငန်းမှာ နိုင်ငံခြားသားအတွက် ဥပဒေအရ ခွင့်ပြုထားခြင်းမရှိသည့် အလုပ်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမား လုပ်ပိုင်ခွင့်မှလွဲ၍ တခြားအလုပ်လုပ်ကိုင်ပါက ဥပဒေအရ တရားစွဲဆိုခံရမည်ဖြစ်ပြီး ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ ထိ ပေးဆောင်ရကာ အလုပ်လုပ်ခွင့်ပါမစ် ၂ နှစ်ထိ ပိတ်ပင်ခံရနိုင်ကြောင်း သိရသည်။
နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများအတွက် ဥပဒေကို ၂၀၁၇ ခုနှစ်က ပြဋ္ဌာန်းထားပြီး ဖောက်ဖျက်ပါက အလုပ်သမား တဦးအတွက် ဘတ်ငွေ ၅ သောင်းမှ ၁ သိန်းအထိ အလုပ်ရှင်မှ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ပြစ်မှုကို ထပ်ခါ ထပ်ခါ ကျူးလွန်မည်ဆိုပါက အလုပ်ရှင်၊ အလုပ်သမားမှ ဘတ်ငွေ ၂ သိန်း (သို့မဟုတ်) ထောင်ဒဏ် ၁ နှစ် ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံး ဖြစ်စေ ကျခံရမည်ဖြစ်သည့်အပြင် ယင်းရွှေ့ပြောင်းအလုပ်သမားသည် ၃ နှစ် အလုပ်လုပ်ခွင့် ပိတ်ပင်ခံရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ သန်း ဝန်းကျင်ထိရှိနေပြီး စစ်တပ် အာဏာသိမ်းသည့် ၃ နှစ် အတွင်း ထိုင်းနိုင်ငံသို့ တရားဝင် လာရောက် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားဦးရေ ၄ သိန်းကျော်ရှိကြောင်း နှင့် တရားမဝင် ဝင်ရောက်သူများမှာလည်း သိန်းနှင့်ချီ ရှိနိုင်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။
You may also like these stories:
စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရွှေ့ပြောင်းလုပ်သား ပိုများလာနိုင်
ရွှေ့ပြောင်းလုပ်သားများ သတ်မှတ်လုပ်ငန်း၌သာ လုပ်ကိုင်ရန် ထိုင်းသတိပေး
ရွှေ့ပြောင်းလုပ်သားတို့ရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေပြီလား
အသက်ရှူကျပ်လာသည့် ထိုင်းရောက် မြန်မာလုပ်သားများဘဝ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR