တိုက်ပွဲများတွင် ရှုံးနိမ့်နေသော ရခိုင်၊ မွန်နှင့် ကရင်ပြည်နယ်အခြေစိုက် စစ်တိုင်းမှူးများ မကြာသေးခင်ရက်ပိုင်းက ရာထူးမှ ဖယ်ရှားလိုက်ရကြောင်း ဧရာဝတီသတင်းရင်းမြစ်များထံမှ သိရသည်။
မတ်လ ၁၄ရက်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ-၆ နယ်မြေရှိ ကျိုက်ဒုံဗျူဟာကုန်း ကျသွားပြီးနောက် မွန်နှင့် ကရင်ပြည်နယ်စစ်ဆင်ရေးများကို တာဝန်ယူရသော အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၏ နေရာတွင် စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကျော်လင်းမောင်ကို ခန့်အပ်လိုက်ခြင်းဖြစ်သည်။
ကျသွားသည့် စခန်းကုန်းမှာ ကျိုက်ဒုံမြို့ အခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) လက် အောက်ခံ နည်းဗျူဟာ ၃ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်၍ တပ်စွဲထားပြီး KNU တပ်မဟာ ၆ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက မတ်လ ၁၃ ရက် နံ နက်ပိုင်းမှ စတင် ဝင်ရောက်တိုက်ခိုက်ရာ မတ်လ ၁၄ ရက် ညနေပိုင်းတွင် ဗျူဟာမှူးနှင့်အဖွဲ့ လက်နက်ချသဖြင့် အပြီးသတ် သိမ်းပိုက်နိုင် ခဲ့ခြင်းဖြစ်သည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ အမည်မဖော်လိုသူ မိသားစုဝင်တဦးက “တိုင်းမှူးအသစ် ရောက်လာပြီးတော့ မနေ့က ကွန်ပျူတာ သင်တန်းဖွင့်ပွဲကို လာတက်တယ်” ဟု ပြောသည်။
တိုင်းမှူးအသစ်ဖြစ်လာသော ဗိုလ်မှူးချုပ် ကျော်လင်းမောင်သည် စစ်တက္ကသိုလ်အပတ်စဉ်-၄၀ (DSA-40) ကျောင်းဆင်း တဦးဖြစ်ပြီး တိုက်ပွဲအတွေ့အကြုံနည်းသူဖြစ်သော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယုံကြည်ရသူတဦးဟု သိရသည်။
တပ်မဟာ- ၆ နယ်မြေရှိ စစ်ရေးခေါင်းဆောင်တဦးက “အာဏာသိမ်းပြီးတော့ ကရင်ပြည်နယ်မှာ စစ်ရှုံးလို့ မြတ်သက်ဦးကို လဲတယ်၊ စိုးမင်း ရောက်လာတယ်။ စိုးမင်း ရောက်လာတော့လည်း နိုင်လို့လား၊ တိုင်းမှူး ဘယ်သူပဲလဲလဲ မရတော့ဘူး” ဆိုသည်။
တနင်္သာရီအခြေစိုက် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးကို ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။
လစ်လပ်သွားသည့် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့် အစားထိုးကာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကိုမူ ရာထူးမှ ဖယ်ရှားခဲ့သည်။
CDM စစ်သည် အရာရှိတဦးက “တိုက်ပွဲတွေရှုံးလို့ တိုင်းမှူးတွေအနားပေးလည်း ဘာမှထူးမှာမဟုတ်ပါဘူး။ အောက်ခြေက စစ်သားတွေက တိုက်ချင်ခိုက်ချင်စိတ်မှ မရှိတော့တာ ဘယ်လိုလုပ်နိုင်မှာလဲ။ လူထုထောက်ခံမှုကလည်း မရတော့ ပိုးဆိုးတာပေါ့” ဟု မှတ်ချက်ပြုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာပြီးနောက် တိုက်ပွဲများတွင် ရှုံးနိမ့်သည့် တိုင်းမှူးအချို့ ရာထူးမှ ဖယ်ခံရ သူများရှိသလို အချို့မှာမူ နောက်တဆင့် ရာထူးတိုးပေးခံရသူများလည်း ရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” အတွင်း စစ်ကောင်စီဘက်မှ အကြီးအကျယ် စစ်ရှုံးခဲ့သော်လည်း ထိုအချိန်က တိုင်းမှူးတာဝန်ယူခဲ့သော ဗိုလ်ချုပ် နိုင်နိုင်ဦးအား ဒုဗိုလ်ချုပ်ကြီးအဆင့်ထိ တိုးပေးကာ အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ရာထူးတိုးပေးခဲ့သည်။
You may also like these stories:
စကခ ၁ မှူး ဗိုလ်မှူးချုပ် မင်းမောင် ဖမ်းဆီးခံရ
စစ်ရှုံးသော်လည်း ရမခ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး ရာထူးတိုး
လက်နက်ချ ဗိုလ်မှူးချုပ်များကို အရေးယူမှုက အာဏာဖီဆန်မှုများ ဖြစ်လာနိုင်ဟုဆို