ရှမ်းမြောက်၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် တည်ငြိမ် အေးချမ်းမှုပြန်ရစေရန် တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့သည့် ၇၉ နှစ်မြောက် တပ်မတော်နေ့(တော်လှန်ရေးနေ့) မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
စစ်ကောင်စီအား တိုက်ခိုက်နေသူများသည် ကိုယ်ကျိုးအတွက် ရှေးရှုလုပ်ဆောင်နေခြင်းသာဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတရပ်ဖော်ဆောင်ရေးအား ပျက်စီးအောင်လုပ်နေခြင်းဖြစ်ကြောင်းလည်း ၎င်းက စွပ်စွဲပြောဆိုခဲ့သည်။
၎င်းက “ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေအပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ပြည်သူလူထုနဲ့ အတူလက်တွဲပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရတဲ့ဒေသများကို တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် တရား ဥပဒေနဲ့အညီ ထိထိရောက်ရောက် ဆောင်ရွက်သွားရမယ်၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် စွန့်လွှတ်စွန် စားသူများကိုလည်း ထိုက်တန်စွာ ချီးမြှင့်ဂုဏ်ပြုသွားမှာဖြစ်တယ်” ဟု ဆိုသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့၏ ရှမ်းမြောက်စစ်ဆင်ရေးနှင့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့၌ စစ်ရေးအရ အကြီးအကျယ် ရှုံးနိမ့်နေသော စစ်ကောင်စီအနေဖြင့် တဖက်တွင် ဆုံးရှုံးသွားသည့် စစ်အင်အားဖြည့်တင်းရန် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့အား အသက်သွင်းခဲ့ပြီး စစ်အင်အားစုဆောင်းရန်လည်း လုပ်ဆောင်နေရာ ထိုဥပဒေနှစ်ရပ်အား အကောင်အထည်ဖော်ခြင်းဖြင့် ကာကွယ်ရေးအင်အား အထိုက်အလျောက် မြင့်တက်လာမည် ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
စစ်ရှုံးနေသည့် ရှမ်းမြောက်ဒေသတွင် အပစ်ရပ်ရေး တရုတ်ထံအကူအညီတောင်းခံခဲ့ရသည့် စစ်ကောင်စီအနေဖြင့် ဆုံးရှုံးသွားသည့် နယ်မြေများ ပြန်လည်ထိန်းချုပ်ရန် ကြုံးဝါးနေသော်လည်း လက်တွေ့တွင် မြေပြင်စစ်ကူပေးနိုင်ခြင်းပင် မရှိတော့ဘဲ ကချင်၊ ရခိုင်နှင့် ကရင်ပြည်နယ်တို့တွင် နေ့စဉ်တပ်စခန်းများ စွန်လွှတ်နေရသည်။
CDM ဗိုလ်ကြီးဇင်ယော်က “မင်းအောင်လှိုင်အနေနဲ့ ရှက်ရမ်းရမ်းပြီးတော့ ပြောသွားတဲ့သဘောပါ၊ တကယ်တမ်း ရှမ်း မြောက်တို့၊ ရခိုင်တို့မှာ ထိုးစစ် ပြန်ဆင်နိုင်တဲ့အင်အား မရှိဘူး။ ဒါပေမယ့် တဖက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အင်အားအထိုက်အလျောက် ရှိလာမယ်လို့ ပြောလာတာရှိတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ လူငါးထောင်နှုန်းနဲ့ အင်အား စုဖွဲ့မိသွားရင်တော့ အသစ်ရောက်လာတဲ့ အမျိုးကောင်းသားတွေနဲ့ ပြန်တိုက်မယ့် စီမံချက်ရှိတယ်လို့ ပြောသွားတဲ့ သဘော ပါပဲ” ဟု သုံးသပ်သည်။
စစ်ခေါင်းဆောင်အနေဖြင့် တပ်ဖွဲ့ဝင်များအကြား စည်းလုံးညီညွတ်ရေးကိုလည်း ပြောဆိုခဲ့ပြီး တပ်ဖွဲ့ခေါင်းဆောင်များ အနေဖြင့် ကျစ်လစ် ခိုင်မာသည့် တပ်တွင်းစည်းလုံးညီညွတ်ရေး တည်ဆောက်နိုင်မှသာ ပေးအပ်လာမည့်အမိန့်နှင့် တာဝန်များအား ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း ပြောသည်။
လက်ရှိ စစ်မြေပြင်တွင် စစ်အရာရှိများကိုယ်တိုင် ဦးဆောင်ကာ တပ်ရင်းအလိုက် လက်နက်ချခြင်း၊ အိမ်နီးချင်နိုင်ငံများထံ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခြင်းနှင့် တပ်စခန်းများအား စွန့်ခွာထွက်ပြေးနေမှုများမှာလည်း ခပ်စိတ်စိတ်ဖြစ်ပွားနေသည်။
“၁၀၂၇ စစ်ဆင်ရေး”အတွင်း ရှမ်းမြောက်ဒေသတွင် လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှ ဗိုလ်မှူးချုပ် ၆ ဦးနှင့် တပ်ဖွဲ့ဝင်ထောင်ချီအညံ့ခံခဲ့ကြသလို ရခိုင်စစ်မြေပြင်၌ စစ်တပ်အရာရှိ၊ စစ်သည် ထောင်နှင့်ချီကာ ရက္ခိုင့်တပ်တော်(AA)ထံ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။
အာဏာသိမ်းပြီး သုံးနှစ်အကြာတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးများကြောင့် သမိုင်း တလျောက် ကြီးမားသော စစ်ရေးရှုံးနိမ့်မှုကို ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် အာဏာကို ခေတ္တရယူခဲ့ခြင်းသာ ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးနိုင်ရေး မားမားမတ်မတ် ရပ်တည်ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသည်။
မဲစာရင်းမှားယွင်းကြောင့် နိုင်ငံတော်အာဏာ ခေတ္တရယူထိန်းသိမ်းခြင်းဆိုသည့် စစ်ခေါင်းဆောင်၏စကားမှာ အလိမ်အညာဖြစ်ကြောင်းကို ၎င်းတို့ဆုပ်ကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုသလိုအသုံးချပြီး အရေးပေါ်အခြေအနေအား အကြိမ်ကြိမ်သက်တမ်းတိုးနေခြင်းက သက်သေပင်ဖြစ်သည်။
ပကတိမြေပြင်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ထိန်းချုပ်နယ်မြေ ပိုမို ကျယ်ပြန့်လာသည်နှင့်အမျှ အာဏာသိမ်းစက ကြုံးဝါးသကဲ့သို့ စစ်တပ်က အကြားအလှပ်မရှိ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရေးဆိုသည်မှာလည်း ဖြစ်နိုင်ခြေ မရှိတော့ပေ။
စစ်ခေါင်းဆောင် ကိုယ်တိုင်က ရုရှားမီဒီယာ TAR-TASS နှင့်အင်တာဗျူးတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပြိုင်နက် တည်း မဟုတ်ဘဲ လုပ်နိုင်သည့်အပိုင်းလိုက် ဥပဒေနှင့်အညီ ပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ရွေးကောက်ပွဲပြန်လည်ကျင်းပပြီး အနိုင်ရအရပ်သားအစိုးရအား အာဏာပြန်လွှဲရေး၊ နိုင်ငံရေးပြဿနာများအား ဒီမိုကရေစီနည်းကျ ဖြေရှင်းရေးဆိုသည့် စစ်ကောင်စီ၏ ပြောဆိုမှုများသည် စစ်တပ်အနေဖြင့် နိုင်ငံရေးမှ ဖယ်ခွာ မည်မဟုတ်ကြောင်း ဖော်ပြနေခြင်းသာဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
၎င်းက “မြန်မာ့နိုင်ငံရေးကနေ ဖယ်ခွာမှာ မဟုတ်ဘူးဆိုတာ ပြချင်တဲ့သဘောပေါ့။ စစ်တပ်ပြောတဲ့ နိုင်ငံရေး လမ်းကြောင်း ဆိုတာက သူတို့ဦးဆောင်မှုအောက်ကပဲ သွားရမယ့် နိုင်ငံရေးလမ်းကြောင်းပဲဖြစ်ပါလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ခေါင်းဆောင်အနေဖြင့် ဆုံးရှုံးထားသည့်နယ်မြေများ ပြန်ထိန်းချုပ်ရေး၊ ရွေးကောက်ပွဲကျင်းပရေး၊ ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် စစ်အင်အားတည်ဆောက်ရေး ပြောဆိုနေသော်လည်း ၇၉ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားအား စစ်ကောင်စီအခြေစိုက် နေပြည်တော်တွင် ကျင်းပနေကျအချိန်မဟုတ်သည့် ညနေပိုင်းကို ပြောင်းလဲပြုလုပ်ခြင်းက ဝေဖန်စရာဖြစ်ခဲ့သည်။
ထိုပွဲ၌ ချီတက်လာသည့် စစ်ကြောင်းများတွင် အမျိုးသမီးစစ်သည်များအား ပိုမိုမြင်တွေ့ရသည့်အပြင် ယခင်ထုတ်ဖော် ပြသလေ့ရှိသည့် တာဝေးပစ်အမြောက်လက်နက်ကြီးများ၊ ဒုံးပျံများ၊ ခေတ်မီလက်နက်သစ်များ မတွေ့ခဲ့ရဘဲ လေတပ်၏ ရဟတ်ယာဉ်၊ ဂျက်လေယာဉ်၊ သယ်ယူပို့ဆောင်ရေးလေယာဉ်အချို့သာ ရောင်စုံမီးများတပ်ဆင်ပြီး ပျံသန်းပြခဲ့သည်ကို တွေ့ရသည်။
ဗိုလ်ကြီးဇင်ယော်က “အစဉ်အလာပျက်မှာစိုးလို့ တပ်မတော်နေ့ပွဲကို အကျဉ်းချုံ့ပြီးတော့ လုပ်လိုက်ရတာ လူအင်အား နည်းနည်းနဲ့ အရှက်ပြေထွက်လာတဲ့ အနေအထား၊ သူ့ဆီမှာ စစ်ကောင်စီတပ်သား တော်တော်နည်းပါးနေပြီဆိုတာ တကမာ္ဘလုံးရော၊ တော်လှန်ပြည်သူအပေါင်းကိုရော သူ့ရဲ့အရှုပ်ထုပ်ကြီးကို ဖြည်ပြလိုက်ရတာပါ။ အမျိုးသမီးတပ်ထုရှိ နေလို့သာ ရုပ်မပျက်တာလို့ ပြောလို့ရတယ်၊ လုံးဝ အရှက်ကွဲတဲ့ အခမ်းအနားတခုလို့ပဲ ပြောရပါမယ်” ဟု ပြောသည်။
အခမ်းအနားတွင် စစ်လက်နက်ပစ္စည်းများ ပြသမှုယခင်ထက်နည်းပါးသည်သာမက ပါဝင်ခဲ့သည့် စစ်သည်အရေအတွက် မှာလည်း ယခင်နှစ်ထက် ၆၀၀ ဦးခန့် နည်းပါးခဲ့သည်။ ၂၀၂၃ ခုနှစ်က စစ်သည်အင်အား ၈,၄၂၄ ဦးပါဝင်ခဲ့ရာမှ ယခု ၂၀၂၄ခုနှစ်တွင် ၇,၇၅၀ ဦးသာပါဝင်ခဲ့ကြောင်း Nikkei Asia သတင်းတွင် ဖော်ပြထားသည်။
အခမ်းအနားအား ညနေပိုင်းတွင် ပြောင်းလဲကျင်းပခြင်းအပေါ် စစ်ကောင်စီက ရာသီဥတုအခြေအနေကို အကြောင်းပြထား သော်လည်း စစ်ရေးလေ့လာသူများကမူ လုံခြုံရေး စိုးရိမ်ခြင်းကြောင့်သာဖြစ်ကြောင်း ထောက်ပြကြသည်။
ထို့ပြင် စစ်ကောင်စီအနေဖြင့် တပ်မတော်အခမ်းအနားအား ယခင်နှစ်များနှင့်မတူဘဲ အကျဉ်းချုံးပုံစံဖြင့် ကျင်းပခြင်းကပင် နေရာအနှံ့ရင်ဆိုင်နေရသည် စစ်ရေးအကျပ်အတည်းနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်များ၏ ထိုးစစ်အရှိန်အား ပိုမိုအာရုံစိုက်နေခြင်းကို ပြသခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။
You may also like these stories:
ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ
နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး
ပြောပြန်ရင်လည်း လွန်တယ်လို့ မထင်ကြစေလို
စစ်မှုထမ်းမည့်သူ၏ မိသားစုများ ထောက်ပံ့ရန် ငွေကောက်ခံနေ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR