ကရင်နှင့် မွန်ပြည်နယ်အစပ်ရှိ ကော့ဘိန်းရဲစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက်ပြီးနောက် အနီးရှိ ကျိုက်မရောမြို့နယ် ဓမ္မသရွာအား ဂျိုင်းမြစ်အတွင်းမှ စစ်သင်္ဘောများက လက်နက်ကြီးနှင့်ပစ်ရာ အိမ် ၃၀၀ ကျော် မီးလောင်ပျက်စီး၍ လူ ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ထံမှ သိရသည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် မိုင် ၅၀ ခန့် ဝေးသည့် ကော့ဘိန်းရွာရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် ပူးပေါင်းတပ်များက မတ်လ ၂၅ ရက်က သိမ်းပိုက်ပြီးနောက် မတ် ၂၇ရက် ညနေ ၄နာရီဝန်းကျင် တွင် အိမ်ခြေ ၁,၀၀၀ ကျော်ရှိသော ဓမ္မသရွာကို ဂျိုင်းမြစ်အတွင်းမှ စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ကြောင်း၊ ရွာတွင်း ကျရောက်ပြီး ည ၈ နာရီခန့်အထိ မီးလောင်ကျွမ်းခဲ့ ကြောင်း သိရသည်။
အဆိုပါ ဓမ္မသရွာမှာ အိမ်ခြေ ၁ထောင်ကျော်ရှိပြီး ကော့ဘိန်းရဲစခန်းသိမ်းတိုက်ပွဲအတွင်း ပါဝင်သည့် မွန်ပြည်သစ်ပါတီ အာဏာရှင်ဆန့်ကျင်ရေး (NMSP-AD) ၏ ဒုအဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်၏ ဇာတိဖြစ်သည်။
MSFC ၏ လူသားချင်းစာနာထောက်ထားမှုနှင့် ကယ်ဆယ်ရေးဌာနမှ ဌာနမှူး မိသုတဂျဝ်က “တော်လှန်ရေးတပ်ပေါင်းစုတွေ က အဲဒီရွာမှာမရှိနေဘူး။ ရဲစခန်းလည်းမရှိဘူး။ ဒီရွာမှာရှိနေတဲ့ ပြည်သူတွေကို တိုက်ခိုက်တာက လူသားချင်းစာနာမှု မရှိ ဘူး။ သတ္တိရှိလို့ရှိရင်တော့ စကစအနေနဲ့ သူတို့အချင်းချင်း စစ်တိုက်ကြပါ။ ပြည်သူနဲ့မဆိုင်ဘူး။ ပြည်သူတွေကို မဲပြီး လုပ်တာက တော်တော်ရွံရှာစက်ဆုပ်စရာကောင်းတယ်” ဟု ပြောသည်။
ဓမ္မသကျေးရွာသည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း တည်ရှိပြီး မွန်လူမျိုး အများဆုံးနေထိုင်ကြောင်း၊ လက်ရှိ အချိန်တွင်လည်း ယင်းရွာအား စစ်ကောင်စီက လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်လျက်ရှိကြောင်း MSFC ထံမှ သိရ သည်။
ဒေသခံတဦးက “ကျမတို့နယ်မှာက နှစ်ထပ်တိုက်၊ သုံးထပ်တိုက်နဲ့ တရွာလုံး တိုက်အိမ်တွေချည်းပဲ။ အဲဒီလို အိမ်ကောင်း ကောင်းရဖို့ ထိုင်းမှာ ၁၀ နှစ်လောက် အလုပ်သွားလုပ်၊ ချွေတာစုဆောင်းပြီး ဆောက်ထားရတာ” ဟု ပြောသည်။
မော်လမြိုင်မြို့နှင် ဓမ္မသကျေးရွာအနီးရှိ ကျေးရွာများမှ မီးသတ်ကားများ လာရောက်ကြသော်လည်း စစ်ကောင်စီက ခရုံဂူနှင့် တရနာကျေးရွာများတွင် တားမြစ်ထားပြီး ဝင်ရောက်ခွင့်မပေးသောကြောင့် ပျက်စီးဆုံးရှုံးမှု ပိုများခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံတဦးက “လေကလည်း တအားကြမ်းတယ်။ မီးသတ်ကားလည်း ပေးမဝင်ဘူး၊ လမ်းတွေပိတ်ထားတယ်။ ရွာသူ ရွာသားတွေက ဘေးမှာရှိတဲ့မြစ်ကနေ မီးစက်တင်ပြီး မီးငြှိမ်းကြတယ်။ ဓမ္မသရဲ့အစပ် ဘုရားကြီးရွာက မီးသတ်ကားတစီး လာကူပေးတယ်။ အိမ် ၂၀၀ နီးပါးကုန်ပြီးမှ မီးသတ်ကားတစီးပေးဝင်တာ” ဟု ပြောသည်။
ကော့ဘိန်းရဲစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီသည် မတ် ၂၆ ရက်မှစတင်ပြီး ခရုံဂူတွင် အင်အား ၁၀၀ ကျော်နှင့် တရနာကျေးရွာ၌ အင်အား ၁၆၀ နီးပါးဖြင့် လာရောက်တပ်စွဲထားသည့်အပြင် ကျွန်းကုန်း၊ အလှပ်ကုန်းနှင့် ကော့ပနော့ ကျေးရွာများတွင်လည်း စစ်အင်အားများ ဖြည့်တင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ နေ့လယ် ၁ နာရီဝန်းကျင်က စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဓမ္မသရွာ၌ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီ က လေကြောင်းအပြင် ဂျိုင်းမြစ်အတွင်းရှိ စစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့် တိုက်ခိုက်နေသောကြောင့် ဓမ္မသရွာ (၁၂) လမ်းရှိ ဒေသခံပြည်သူ ၁၅ ဦး ပိတ်မိနေကြောင်း သိရသည်။ အဆိုပါတိုက်ပွဲ ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် မသိရသေးပေ။
ထို့ပြင် ယနေ့ နံနက် ၄ နာရီဝန်းကျင်ကလည်း ကော့ဘိန်းကျေးရွာနှင့် အံကစင်ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ အံကစင်ကျေးရွာမှ နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကော့ဘိန်းရဲစခန်းသိမ်းတိုက်ပွဲကြောင့် ကော့ဘိန်းရွာ အပါအဝင် ခရုံဂူ၊ ကော့သပ်၊ ကော့စွယ်၊ တရနာ၊ သံကလောင်၊ ဓမ္မသ၊ အလှပ်ကုန်း၊ ကော့မိတ်၊ အံကစင် စသည့် ရွာများမှ အိမ်များပျက်စီးမှုရှိပြီး ဒေသခံများလည်း ထွက်ပြေးတိမ်း ရှောင်နေရ ကြောင်း စစ်ရှောင်ကူညီနေသူများက ဆိုသည်။
ကော့ဘိန်းစခန်းသိမ်းတိုက်ပွဲတွင် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း တပ်ခွဲ ၃ ပျံလွှားတပ်ဖွဲ့၊ Lion Battalion Commando-ဗျူဟာစစ်ကြောင်း၊ မွန်ပြည်သစ်ပါတီ အာဏာရှင်ဆန့်ကျင်ရေး (NMSP-AD) နှင့် ဒရုန်းတပ်ဖွဲ့များဖြစ်သော ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း-၆ ဒရုန်းတပ်ဖွဲ့၊ ဂဠုန်စစ်ကြောင်း လက်အောက်ခံ G-2 နှင့် G3 တပ်ဖွဲ့၊ Fix Wings၊ Saw Dragon Drone Force (SDDF)၊၊ Alphabet Fix Wings တို့ ပါဝင်ခဲ့ကြောင်း သိရသည်။
You may also like these stories:
ကော့ဘိန်းရဲစခန်း သိမ်းနိုင်ခြင်းက စစ်ရေးအချက်အချာကျဟု ဆို
ဖာပွန်မြို့ကို KNLA နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်
စစ်ကောင်စီနှင့် MNDAA တို့ တိုက်ပွဲပြန်ဖြစ်