ရက်စက်ကြမ်းကြုတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ပိုမိုထိရောက်စွာ ကျူးလွန်ရန်အတွက် လိုအပ်သည့် လောင်စာ၊ စက်ပစ္စည်းကိရိယာနှင့် နည်းပညာအကူအညီများ မြန်မာစစ်တပ်သို့ပေးခြင်း ရပ်ဆိုင်းရန် အိန္ဒိယလေတပ်နှင့် နိုင်ငံတော်ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများ တိုက်တွန်းခံနေရသည်။
အိန္ဒိယအစိုးရနှင့် အိန္ဒိယအစိုးရပိုင် လုပ်ငန်းကြီးများ (PSUs) သည် မြန်မာစစ်တပ်က တနိုင်ငံလုံး ကျယ်ပြန့်သည့် အကြမ်းဖက်စစ် ဆင်နွဲနိုင်စေသည့် လက်နက်များနှင့် လက်နက် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပေးခြင်း ရပ်ဆိုင်းရမည်ဟု လူ့အခွင့်အရေးအဖွဲ့ Justice For Myanmar-JFM က ပြောသည်။ အများပြည်သူကဏ္ဍ လုပ်ငန်းများသည် နိုင်ငံတော်က ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများဖြစ်သည်။
“ယင်းသို့ ဆက်လက် ရောင်းချပေးအပ်နေမှုသည် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် အိန္ဒိယနိုင်ငံက ကြံရာပါ ပတ်သက်နေဆဲဖြစ်သည်ကို ထပ်မံ၍ အတည်ပြု ပေးနေခြင်း ဖြစ်သည်” ဟု JFM က ဖော်ပြသည်။
“မြန်မာစစ်တပ်ထံ စစ်ဘက်သုံးပစ္စည်းများ ထောက်ပံ့ကူညီခြင်းအားဖြင့် အိန္ဒိယအနေနဲ့ စစ်အုပ်စုရဲ့ အရပ်သား ပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေကို တိုက်ရိုက် ပံ့ပိုးကူညီနေတာဖြစ်ပြီး အဲ့ဒီလိုကူညီနေမှုက သူတို့ ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အိန္ဒိယကို ကြံရာပါ ပတ်သက်စေမှာ ဖြစ်ပါတယ်” ဟုလည်း အထက်ပါအဖွဲ့က ပြောသည်။
အိန္ဒိယသည် ရုရှား၊ တရုတ်နှင့်အတူ စစ်ကောင်စီသို့ လက်နက်အများဆုံး ရောင်းချသည့် နိုင်ငံများအနက် တခုဖြစ်ပြီး စစ်ကောင်စီ၏ အနည်းငယ်မျှသော မဟာမိတ်များတွင်လည်း ပါဝင်သည်။
စစ်ကောင်စီက မြန်မာပြည်သူများကို အကြမ်းဖက်စစ် ကျယ်ပြန့်လာချိန်တွင် အိန္ဒိယသည် စစ်ကောင်စီ လေတပ်နှင့်ရေတပ်ကို စစ်လက်နက်ပစ္စည်းများ ဆက်လက် တပ်ဆင်ပေးနေကြောင်း နောက်ဆုံး စုံစမ်းစစ်ဆေးမှုတွင် တွေ့ရှိပြီးနောက် အိန္ဒိယအနေဖြင့် စစ်ကောင်စီကို ကူညီခြင်းရပ်ရန် JFM က တောင်းဆိုခြင်း ဖြစ်သည်။
“စစ်အုပ်စုသည် အထူးသဖြင့် မြန်မာနိုင်ငံတဝန်း အရပ်သားပြည်သူများအပေါ် မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်ရန် ၎င်း၏ လေတပ်ကို အားပြုသုံးစွဲလျက်ရှိနေပြီး ကလေးသူငယ်များ အပါအဝင် ပြည်သူများအား သတ်ဖြတ်ခြင်း၊ အိုးအိမ်များ၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများအား ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်” ဟု JFM က ရှင်းပြသည်။
Justice For Myanmar ၏ စုံစမ်းလေ့လာမှုသည် အိန္ဒိယ ကုန်သွယ်ရေး အချက်အလက်များ၊ ကော်ပိုရိတ်လုပ်ငန်း ထုတ်ပြန်ကြေညာချက်များနှင့် ပါလီမန်မှတ်တမ်းများ အပါအဝင် အများပြည်သူ ရရှိနိုင်သော အချက်အလက်များကို အခြေခံသည်။
ထိုစုံစမ်းစစ်ဆေးမှုတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း မြန်မာစစ်တပ်သို့ စစ်လက်နက်ပစ္စည်း၊ နည်းပညာနှင့် လောင်စာ ရောင်းချသော သို့မဟုတ် စစ်ကောင်စီနှင့် စီးပွားရေးလုပ်ရန် ကြိုးစားမှုများကို ထုတ်ပြန်ကြေညာသော အိန္ဒိယအစိုးရပိုင် လုပ်ငန်းကြီးများ (PSUs) ၁၀ ခုကို ဖော်ထုတ်ထားသည်။ ထိုနိုင်ငံတော်ရင်းနှီးမြှုပ်နှံသော လုပ်ငန်းအများစုသည် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန အောက်တွင် လုပ်ဆောင်နေသည်။
အိန္ဒိယလေတပ်သည် မြန်မာစစ်ကောင်စီကို ထောက်ခံရာတွင် အရှက်အကြောက် မရှိကြောင်းလည်း JFM က တွေ့ရှိရသည်။ လေကြောင်းတိုက်ခိုက်မှုအတွက် အချိန်ရွေးချယ်ရန်နှင့် အသုံးပြုမည့် လေယာဉ်နှင့်လက်နက် ရွေးချယ်ရန် အချက်အလက်များ ထုတ်ပေးနိုင်သည့် အလိုအလျောက် ရာသီဥတု စခန်းများအတွက် ဖြစ်ပုံရသော ပစ္စည်း ၅၂ မျိုးကို စစ်ကောင်စီလေတပ်သို့ ယခုနှစ် ဇန်နဝါရီလတွင် ပေးပို့ခဲ့သည်ဟု JFM က ဖော်ပြသည်။
မိုးလေဝသ ကိရိယာများ တပ်ဆင်ရန် အိန္ဒိယလေတပ်မှ စစ်သည် ၁၅ ဦးကို လွန်ခဲ့သောနှစ် ဒီဇင်ဘာလက မြန်မာတွင် ဖြန့်ကြက်ချထားခဲ့သည်ဟု JFM ၏ စုံစမ်းစစ်ဆေးမှုတွင် တွေ့ရှိသည်။
ဂိုအာ သင်္ဘောကျင်း လီမိတက် (Goa Shipyard Limited) သည် မြန်မာရေတပ် 81M ကမ်းလွန် ကင်းလှည့် ရေယာဉ်များအတွက် မောင်းနှင်ရေးစနစ်များ ထုတ်လုပ်သည့် စက်ရုံတရုံအတွက် စစ်ကောင်စီနှင့် ကန်ထရိုက် လက်မှတ်ရေးထိုးထားသည်။
“အဆိုပါစာချုပ်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာ့ရေတပ် သင်္ဘောကျင်းနှင့် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ယင်းအချိန်တွင် အိန္ဒိယနိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အလှည့်ကျအဖွဲ့ဝင်အဖြစ် ရှိနေကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ များပြားလာခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးချက်များကို ညှိနှိုင်းလုပ်ဆောင်နေစဉ်ကာလ ဖြစ်သည်” ဟုလည်း JFM က ဖော်ပြသည်။
အိန္ဒိယမှ အခြား အများပြည်သူကဏ္ဍလုပ်ငန်းဖြစ်သော Hindustan Aeronautics Limited ကလည်း မြန်မာကို လက်ရှိ ဖောက်သည်အဖြစ် စာရင်းသွင်းထားပြီး MiGs များအတွက် အပိုပစ္စည်းများကို မြန်မာစစ်တပ်သို့ တင်ပို့နေသည်ဟု JFM ဖော်ပြသည်။ နောက်ဆုံးတင်ပို့သည့် ရက်စွဲကို အထက်ပါအဖွဲ့က အတည်မပြုနိုင်သော်လည်း မြန်မာလေတပ်သည် အရပ်သားများကို တိုက်ခိုက်ရန် MiG-29 ဂျက်တိုက်လေယာဉ်များကို အသုံးပြုကြောင်း ဖော်ပြထားသည်။
ယခုနှစ် ဇန်နဝါရီလက အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် လုပ်ကိုင်နေသော အခြား အများပြည်သူကဏ္ဍ လုပ်ငန်းတခုဖြစ်သော Bharat Electronics Limited သည် စစ်ဘက်သုံး ပစ္စည်းများကို မြန်မာစစ်တပ် ကာကွယ်ရေးပစ္စည်းဝယ်ယူမှု ညွန်ကြားရေးမှူးရုံးသို့ ပေးပို့ခဲ့ကြောင်း အထက်ပါ စုံစမ်းစစ်ဆေးမှုတွင် တွေ့ရသည်။
အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် ရုရှားလုပ်ငန်းတခု၏ ဖက်စပ်လုပ်ငန်း BrahMos Aerospace Private Limited က ငွေကြေးကိစ္စ စောင့်ဆိုင်းရင်း ဒုံးကျည်များ တင်ပို့ရန် စစ်ကောင်စီနှင့် ဆွေးနွေးနေကြောင်း ကြေညာသည်။
BrahMos သည် စစ်ကောင်စီသို့ ဒုံးကျည်များ ရောင်းချရေး ဆက်လက်လုပ်ကိုင်ရန် အိန္ဒိယချေးငွေမှ ငွေကြေး စိုက်ထုတ်ပေးရေးအတွက် စီစဉ်ရန် လိုအပ်သည်ဟု ထိုလုပ်ငန်း အမှုဆောင်အရာရှိချုပ်က ရုရှား နိုင်ငံပိုင် မီဒီယာသို့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရသည် အခြား ဒီမိုကရေစီနိုင်ငံများက ရှောင်ရှားသည့် စစ်ကောင်စီကို နွေးထွေးစွာ ဆက်ဆံကြောင်း Justice For Myanmar ၏ စုံစမ်းစစ်ဆေးမှုတွင် တွေ့ရှိသည်။
အိန္ဒိယအစိုးရသည် မြန်မာစစ်ကောင်စီအဖွဲ့ဝင်များကို အိန္ဒိယ ကာကွယ်ရေး အခမ်းအနားများ၊ စစ်သင်တန်းများ တက်ရောက်နိုင်စေရန် အကူအညီပေးနေပြီး စစ်ရာဇဝတ်ကောင်များကို ထောက်ခံမှုနှင့် တရားဝင်မှု ထပ်မံ ပေးနေကြောင်းလည်း JFM က ပြောသည်။
မြန်မာစစ်တပ်ကို လက်နက်ပိတ်ဆို့မှု ချက်ချင်းချမှတ်ရန်၊ လေ့ကျင့်ပေးမှုနှင့် အခြားစစ်ရေးအကူအညီများ ရပ်ဆိုင်းရန် JFM က အိန္ဒိယကို တောင်းဆိုသည်။
Justice For Myanmar ပြောခွင့်ရသူ မရတနာမောင်က “အိန္ဒိယအစိုးရနဲ့ ၎င်းရဲ့ PSUs တွေအနေနဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းများ တပ်ဆင်ပေးနေမှုကို ရပ်တန့်ရပါမယ်။ ဒါက စစ်တပ်ရဲ့ နိုင်ငံတဝန်း အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။
“အိန္ဒိယရဲ့ PSUs တွေဟာ စစ်အုပ်စုကျူးလွန်နေတဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်းတွေမှာလည်း စစ်လက်နက်၊ စစ်ဘက်သုံးပစ္စည်းတွေနဲ့ လောင်စာဆီတွေကို ဆက်လက်ရောင်းချ ထောက်ပံ့နေတာဖြစ်ပြီး၊ ဒါဟာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတကာတာဝန်တွေအပေါ် ကြီးလေးတဲ့ ပျက်ကွက်မှု တရပ်လည်း ဖြစ်ပါတယ်။ အိန္ဒိယအစိုးရ၊ သူတို့ရဲ့ PSUs တွေနဲ့ ထိတွေ့ဆက်ဆံနေတဲ့ အစိုးရတွေ၊ ကုမ္ပဏီတွေအနေနဲ့ မြန်မာစစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ အိန္ဒိယနိုင်ငံ ကြံရာပါပတ်သက်နေမှုကို ရပ်တန့်ရေးစေရေး မိမိတို့ရဲ့ ဩဇာအရှိန်အဝါကို အသုံးပြုသင့်ပါတယ်” ဟု မရတနာမောင်က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ India Urged to Stop Embracing War Criminals in Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာနိုင်ငံအနောက်ပိုင်း ပကတိအခြေအနေကို အိန္ဒိယ စ နားလည်လာပြီလား
စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား
တရုတ်၊ ထိုင်း၊ အိန္ဒိယတို့က စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေး
ဥက္ကဋ္ဌက စစ်ကောင်စီနှင့်တွေ့၍ အိန္ဒိယ နိုင်ငံခြားသတင်းထောက်များအသင်းဝင်များ နုတ်ထွက်
စိတ်အနှောင့်အယှက်ဖြစ်စရာ မြန်မာစစ်ကောင်စီနှင့် အိန္ဒိယ၏ ဆက်ဆံရေး
မြန်မာစစ်ကောင်စီ၏ ကိုယ်ပျောက်မိတ်ဆွေ အိန္ဒိယ