စစ်ကောင်စီ ဝင်ရောက်စီးနင်းသဖြင့် ၄ထပ်တိုက်ပေါ်မှ ခုန်ချခဲ့ကြသည့် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၄လမ်း ဖြစ်စဉ်၌ အသက်မသေဘဲ ဒဏ်ရာများနှင့် အဖမ်းခံရသည့် လူငယ်များအနက် ၂ဦးမှာ ထောင်တွင်း ဆေးဝါးကုသမှု လုံလောက်စွာ မရ၍ ကိုယ်အင်္ဂါဆုံးရှုံးရမည့် အခြေအနေရှိကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းတို့ ၂ဦးမှာ ကိုဝေယံထက်နှင့် ကိုမင်းသစ္စာအောင် (ခ) ဗလတို့ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့သည့် ၄၄ လမ်းဖြစ်စဉ်တွင် အမြင့်ပေ ၆၀ကျော်ရှိသည့် ၄ထပ်တိုက်ပေါ်မှ ခုန်ချခဲ့ကြသဖြင့် ကိုဝေယံထက်မှာ ခြေထောက် ၂ ချောင်းလုံး ထက်ပိုင်းကျိုးသွားပြီးကိုမင်းသစ္စာအောင်မှာ ပေါင်ကျိုးသွားခဲ့သည်။
ထို့နောက် ကိုဝေယံထက်၊ ကိုမင်းသစ္စာအောင် (ခ) ဗလ နှင့် ကိုရဲမင်းဦး (ခ) ရဲကြီးတို့အား ပေါက်ကွဲစေတတ်သော အရာဝတ္တုများ အက်ဥပဒေပါ ပုဒ်မ ၃ (ဖောက်ခွဲမှု)၊ ပုဒ်မ ၆ (အားပေးကူညီမှု) ဖြင့် ထောင်ဒဏ် ၇ နှစ် ၊ ပုဒ်မ ၅ (လက်ဝယ်တွေ့ရှိမှု)ဖြင့် ထောင်ဒဏ် ၅ နှစ် စုစုပေါင်း ၁၂ နှစ် ဖြင့် စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာအတွင်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ယခုအခါ ကိုဝေယံထက်မှာ အင်းစိန်ထောင်တွင် ဘီးတပ်ကုလားထိုင်(Wheel chair)နှင့် သွားနေရသလို ပေါင်ကျိုးသွား သည့် ကိုမင်းသစ္စာအောင်(ခ) ဗလ မှာလည်း သာယာဝတီထောင်တွင် အကျဉ်းကျခံနေရသည်။
မိသားစုနှင့် နီးစပ်သူတဦးက “ဝေယံထက်က ခြေထောက်၂ချောင်းစလုံး ထက်ပိုင်းကျိုးသွားတာ၊ လက်ရှိ အင်းစိန်ထောင် ဆေးရုံမှာ ဝှီးချဲနဲ့သွားလာနေရတာပါ။ နှစ်နှစ်ကျော်ကာလထဲ ရောက်လာပြီး ဘာကုသမှုမှ မရှိရင် အရိုးကျီးပေါင်းတက် လာပြီး တဘဝလုံး ဒုက္ခိတဘဝနဲ့ နေသွားရမှာ။ မင်းသစ္စာအောင်ရဲ့ ပေါင်မှာလည်း စစ်ဆေးရုံက မူလီစုပ်ပေးလိုက်တာ၊ အခုအထိ ပြန် ဖြုတ်ပေးခြင်းမရှိဘူး။ သူတို့တွေကို လူတွေက မေ့နေကြပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ထိရောက်သည့် ဆေးကုသခွင့်ရရှိရန် သက်ဆိုင်ရာသို့ အကြိမ်ကြိမ် စာတင် တောင်းဆိုသော်လည်း လက်ရှိအချိန်အထိ ခွင့်ပြုချက် မရသေးသလို ကိုဝေယံထက်မှာ ထောင်ဆေးရုံ၌ နေခွင့်ရသော်လည်း ထိရောက်သည့် ဆေးကုသမှု မရခြင်း ကြောင့် ခြေထောက် ၂ချောင်းစလုံး ဖြတ်ထုတ်ရမည့် အခြေအနေဖြစ်နေကြောင်း၊ ကိုမင်းသစ္စာအောင်သည်လည်း အချိန်မီ မူလီ ပြန်မထုတ်နိုင်ပါက ခြေထောက်ဖြတ်ရမည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးက “ဆေးကုသမှု မရဘူးဆိုတာ မှန် ပါတယ်။ မိသားစုတွေနဲ့လည်း အဆက်အသွယ် ရထားတယ်။ ဆေးရုံမှာတော့ နေနေတာ၊ ပြင်ပဆေးရုံတွေမှာ ဆေးကုသ ခွင့်မရတာပေါ့။ ကုသခွင့်ဘာလို့မပေးတာလဲ ဆိုတာတွေ ၊ ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ဖြစ်နေလဲဆိုတာကို ကျနော်တို့ တွေ လိုက်လံစုံစမ်းနေဆဲပါ။ အခုက ပြင်ပဆေးရုံတွေမှာ ဆေးကုသခွင့် မပေးတာမျိုးပါ” ဟု ဧရာဝတီသို့ ပြောသည်။
၄၄ လမ်းဖြစ်စဉ်တွင် အတူတကွ ဖမ်းဆီးခံခဲ့ရသည် ကိုရဲမင်းဦး (ခ) ရဲကြီးသည်လည်း မင်းသစ္စာအောင်နှင့်အတူ သာယာဝတီထောင်၌ ရှိနေပြီး ကိုရဲမင်းဦးသည်လည်း ခြေတဖက်နိမ့်သွားခဲ့ကာ လမ်းလျှောက်သည့်အခါ ဘယ် ၊ ညာ မညီတော့ကြောင်း သိရသည်။
ဥပဒေအကြံပေးဖြစ်သူ ဦးခင်မောင်မြင့်က “အကျဉ်းထောင်တွေမှာ ဖြစ်ပေါ်နေတဲ့ ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှု တွေဟာ တည်ဆဲအကျဉ်းထောင်ဥပဒေတွေကို ဆန့်ကျင်နေပြီးတော့ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်”ဟု ၂၀၂၂ခုနှစ်က အကျဉ်းထောင် တွင်း အခြေအနေနှင့် ပတ်သက်၍ ဧရာဝတီမှ မေးမြန်းသည့် အင်တာဗျူးတွင် ပြောထားသည်။
ထိုကဲ့သို့ အကျဉ်းထောင်အတွင်း လုံလောက်သော ဆေးကုသခွင့်မရသည့် အခြေအနေများနှင့် ပတ်သက်၍ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အနေဖြင့် ဝင်ရောက်ကြည့်ရှုကာ ကူညီဆောင်ရွက်ပေးရန် နိုင်ငံရေး အကျဉ်းသား များအရေး လှုပ်ရှားသူများက တောင်းဆိုကြသော်လည်း စစ်ကောင်စီဘက်က ငြင်းပယ်ထားသည်။
၄၄ လမ်းတိုက်ခန်း စီးနင်းခံရစဉ် နောက်ဘက်မှ ခုန်ချသူ ၅ ဦးအနက် မဝေဝေမြင့် (ခ) မပန်းသီးနှင့် ကိုဝေဇော်ဖြိုးတို့မှာ အသက်ဆုံးခဲ့ရသလို ကိုရဲမင်းဦး၊ ကိုမင်းသစ္စာအောင်၊ ကိုဝေယံထက်တို့မှာ အသက်ရှင်သော်လည်း လူစဉ်မမီဖြစ်ရပြီး ကောင်းမွန်သော ဆေးဝါးကုသမှု မရှိခဲ့ပေ။
ထို့အတူ တိုက်ခန်းအတွင်းဖမ်းမိသည့် ကိုသီဟကောင်းဆက်၊ မပိုးကျော့ကျော့ခန့်နှင့် ကိုဝေဖြိုးအောင်တို့မှာ ပေါက်ကွဲ စေတတ်သော အရာဝတ္တုများ အက်ဥပဒေပါ ပုဒ်မ ၃ (ဖောက်ခွဲမှု)၊ ပုဒ်မ ၆ (အားပေးကူညီမှု) ဖြင့် ထောင်ဒဏ် ၇ နှစ် ၊ ပုဒ်မ ၅ (လက်ဝယ်တွေ့ရှိမှု) ဖြင့် ထောင်ဒဏ် ၅ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက အင်းစိန်ထောင်တွင်း တရားရုံး၌ ချမှတ်ခံခဲ့ရပြီး ၎င်းတို့နှင့် ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေများကိုမူ ဧရာဝတီက စုံစမ်းဆဲ ဖြစ်သည်။
မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီး၌ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ ၁၇ ဦးခန့် ဆေးကုသခွင့်မရသည့်အတွက် သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) မှ ထုတ်ပြန်ထားသည်။
You may also like these stories:
ထောင်တွင်း ဆေးကုသခွင့်မရ၍ သေဆုံးသည့် နိုင်ကျဉ်း ၁၆ ဦးခန့် ရှိလာ
ထောင်တွင်း ဝင်ခွင့်ပြုရေး ICRC တောင်းဆိုချက် စစ်ကောင်စီ ခွင့်မပြု
နိုင်/ကျဉ်းများအား ထောင်တွင်းအကြမ်းဖက်ဖိနှိပ်မှု ဆိုးရွားလာနေ
တိုက်ပေါ်က ခုန်ချပြီး အသက်ရှင်နေသေးသည်ဆိုသည့် လူငယ် ၃ ဦး မိသားစုနှင့် တွေ့ခွင့်မရ
ကောင်းကင်ဆီ ခုန်ချသွားတဲ့ ပန်းသီး
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR