အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်ရှိ အဓိကကျသည့် ဘယ်လ်တီမိုး တံတားတစင်း ကျိုးကျခြင်းနှင့် နောက်ဆက်တွဲ သက်ရောက်မှုများကြောင့် အကြီးမားဆုံး ရေကြောင်းအာမခံလျော်ကြေး ပေးရနိုင်ကြောင်း လန်ဒန်မှ လွိုက် အာမခံလုပ်ငန်းကြီး၏ ဥက္ကဋ္ဌက မတ်လ ၂၈ ရက်နေ့တွင် ပြောသည်။
ကြီးမားသော ကုန်တင်သင်္ဘောကြီးတစီးသည် ဖရန်စစ် စကော့ကီး တံတားကို မတ်လ ၂၆ ရက်နေ့တွင် ဝင်တိုက်ပြီးနောက် ထိုကပ်ဆိုးမှ အာမခံဆုံးရှုံးမှုသည် ဘီလီယံ ဂဏန်းတလုံးရှိမည်ဟု သုတေသီများက ခန့်မှန်းသည်။ လူခြောက်ဦး သေဆုံးသည်ဟု ယူဆသည်။
“ဒီဖြစ်ရပ်ဟာ လုပ်ငန်းအတွက် အရမ်းကြီးမားတဲ့ အာမခံလျော်ကြေး တောင်းခံမှုဖြစ်မယ်လို့ မျှော်လင့်ပြီး ရင်းမြစ်တွေကို စတင်ဖြန့်ကြက်နေတယ်။ လွိုက်ဈေးကွက်အတွက် ရှေ့ဆက်ဖြစ်လာမယ့် အခြေအနေ ရှုပ်ထွေးမှုအတွက် အချိန်တစုံတရာယူဖို့ လိုလိမ့်မယ်” ဟု မစ္စတာ ဘရုစ် ကာနက်ဂျီ ဘရောင်းက CNBC ရုပ်သံဌာန၏ “Squawk Box Europe” အစီအစဉ်သို့ ပြောသည်။
“ပမာဏကို ပြောဖို့ စောနေသေးတယ်။ အခုအချိန်မှာ လက်တွေ့ကျတဲ့ ကပ်ဒုက္ခ အခြေအနေစီမံမှု ပြင်ပကို ရောက်နေတယ်လို့ ကျနော် မထင်ဘူး။ အကြီးအကျယ် ဆုံးရှုံးမယ်လို့ ကျနော်ခံစားရတယ်။ အကြီးမားဆုံး ရေကြောင်းအာမခံ ဆုံးရှုံးမှုဖြစ်နိုင်ပေမယ့် ကျနော်တို့ စီစဉ်ထားတဲ့ အတိုင်းအတာ ပြင်ပကိုတော့ မရောက်ပါဘူး” ဟု ၎င်းကပြောသည်။
သင်္ဘော၊ ကုန်ပစ္စည်းများနှင့် တံတားအတွက် လျော်ကြေးတောင်းခံမှုများ ရှိမည်မှာ အထင်အရှား ဖြစ်သော်လည်း အကြီးအကျယ် ပေးလျော်ရမည့် အာမခံလျော်ကြေးမှာ နောက်ဆက်တွဲ သက်ရောက်မှုများအတွက် ဖြစ်သည်ဟု မစ္စတာ ကာနက်ဂျီ ဘရောင်းက ပြောသည်။
“စီးပွားရေးလုပ်ငန်းတွေ အများအပြား ပြတ်တောက်ကုန်တော့မယ်။ ဆိပ်ကမ်းထဲမှာ ပိတ်မိနေတဲ့ သင်္ဘောတွေနဲ့ ဆိပ်ကမ်းကို ဆိုက်ကပ်ဖို့ ကြိုးစားနေတဲ့ သင်္ဘောတွေက ကုန်စည်ဖြန့်ချိရေး ကွင်းဆက်တွေ ပြတ်တောက်တော့မယ်။ ပြီးတော့ ဒုတိယဆင့် သက်ရောက်မှုတွေကို လုပ်ဆောင်ဖို့ အချိန်တစုံတရာ လိုမယ်” ဟု ၎င်းက ပြောသည်။
ဘယ်လ်တီမိုးသည် အမေရိကန် ပြည်ထောင်စုတွင် ၁၁ ခုမြောက် အကြီးမားဆုံး ဆိပ်ကမ်းဖြစ်ပြီး ကားများနှင့် ထရပ်ကားငယ်များ တင်သွင်း တင်ပို့မှု အများဆုံး ဆိပ်ကမ်းဖြစ်သည်။ ကုန်စည်ဖြန့်ချိရေး ဈေးကွက်ကြီးကြပ်သူများသည် ကုန်သွယ်ရေးအပေါ် ရိုက်ခတ်မှု အနည်းဆုံး ဖြစ်စေရန် အလုအယက် လုပ်ဆောင်နေကြသည်။
ဆိပ်ကမ်းပိတ်ဆို့နေသည့် ကြာချိန်အပေါ် မူတည်ပြီး အာမခံလျော်ကြေးငွေ ဆုံးရှုံးမှုသည် ဒေါ်လာ ၂ ဘီလီယံမှ ၄ ဘီလီယံအကြား ရှိနိုင်ကြောင်း Morningstar DBRS မှ သုတေသီများက မတ်လ ၂၇ ရက်နေ့က အစီရင်ခံစာတခုတွင် ဖော်ပြသည်။ ထိုပမာဏသည် ၂၀၁၂ ခုနှစ်က Costa Concordia အပန်းဖြေသင်္ဘော နစ်မြုပ်စဉ်က ပေးခဲ့ရသည့် လက်ရှိအမြင့်မားဆုံး ပမာဏကို ကျော်လွန်မည်ဖြစ်သည်။
ရေကြောင်းပေးလျော်ရန် တာဝန်၊ သင်္ဘောထိခိုက်မှု၊ ပစ္စည်းနှင့်ကုန်စည်အာမခံ၊ စီးပွားရေးလုပ်ငန်း ရပ်ဆိုင်းမှု စသည့် အာမခံလျော်ကြေး အမျိုးမျိုး တောင်းခံလာနိုင်သည်။
“အာမခံလျော်ကြေး အလွန်များပြားပေမယ့် အာမခံလုပ်ငန်းမှာ ငွေရင်းအားကောင်းတဲ့ အမျိုးမျိုးသော အာမခံသူတွေ၊ တဆင့်ခံ ပြန်လည်အာမခံသူတွေ အများအပြား ပါဝင်နေလို့ အာမခံလုပ်ငန်းအတွက် စီမံခန့်ခွဲနိုင်တဲ့အဆင့်မှာပဲ ရှိမယ်လို့ ကျနော်တို့ မျှော်လင့်တယ်” ဟု Morningstar က ဖော်ပြသည်။
အာမခံလျော်ကြေး တောင်းခံမှုသည် ဒေါ်လာ ၁ ဘီလီယံနှင့် ၃ ဘီလီယံကြား ရှိမည်ဟု ဘာကလေ ဘဏ္ဍာရေးလုပ်ငန်းက ခန့်မှန်းသည်။
စင်ကာပူ အလံတင် ကုန်သေတ္တာသင်္ဘောကို ဒိန်းမတ်သင်္ဘောလုပ်ငန်း Maersk က စင်းလုံးငှားထားခြင်းဖြစ်ပြီး ဖောက်သည်များ၏ ကုန်စည်များကို သယ်ဆောင်လာသော်လည်း ထိုသင်္ဘောကို ပြေးဆွဲနေသည်မှာ သင်္ဘောစင်းလုံးငှားလုပ်ငန်း Synergy Group ဖြစ်သည်။ အစောပိုင်း သတင်းများအရ ထိုသင်္ဘောသည် တံတားကို မတိုက်မိချိန်တွင် ဓာတ်အား ပြတ်တောက်သွားကြောင်း သိရသည်။
လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ကြာနိုင်သည့် ရှုပ်ထွေးသောလုပ်ငန်း၏ တစိတ်တပိုင်းအဖြစ် စင်ကာပူနှင့် အမေရိကန် ပြည်ထောင်စုမှ အာဏာပိုင်များသည် ဥပဒေအရ လျော်ကြေးပေးရေး တာဝန်ယူမှု ထူထောင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကြမည်ဖြစ်သည်။
Maersk သည် သင်္ဘောပြေးဆွဲသည့် လုပ်ငန်းအနေဖြင့် လျော်ကြေး ရမည်မဟုတ်ဘဲ သင်္ဘောစင်းလုံးငှားသူအဖြစ် အာမခံလျော်ကြေး ရမည်ဖြစ်သည်ဟု လွိုက်ရှိ ရေကြောင်းသွားလာမှု လေ့လာစောင့်ကြည့်ရေးဌာနမှ သင်္ဘောတင်ပို့ရေးနှင့် ကုန်စည်သုတေသီ ဒေးဗစ် အော့စ်လာက CNBC သို့ ယခုအပတ်အစောပိုင်းတွင် ပြောသည်။
ကားလုပ်ငန်းအပေါ်သက်ရောက်မှု
၎င်းတို့လုပ်ငန်းများအပေါ် ထိုကြေကွဲဖွယ်ဖြစ်ရပ်၏ သက်ရောက်မှုကို အကဲဖြတ်နေကြောင်း ကမ္ဘာ့ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းအများအပြားက ပြောကြားပြီး ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည် ပြောင်းလဲရမည် ဖြစ်သောကြောင့် ပေးပို့ချိန် ပိုမိုကြာမည်ဟု မျှော်လင့်ကြောင်း ပြောသည်။ လက်ရှိအချိန်တွင် အကြီးအကျယ် အနှောက်အယှက် မမျှော်လင့်ကြောင်းလည်း အများအပြားက ပြောကြသည်။
မကြာသေးမီ နှစ်များတွင် ဥရောပမှ တင်သွင်းမှုသည် အမေရိကန် ပြည်ထောင်စုတွင် ရောင်းချမှု၏ ၄၀ မှ ၅၀ ရာခိုင်နှုန်း ရှိသောကြောင့် ဂျာမန် မော်တော်ယာဉ် ထုတ်လုပ်သူများဖြစ်သော BMW, Mercedes နှင့် Volkswagen တို့သည် အထိခိုက်ဆုံး ဖြစ်ကြောင်း ဘာကလေ ဘဏ္ဍာရေးလုပ်ငန်းမှ သုတေသီများက ပြောသည်။
ထိုဖြစ်ရပ်ကြောင့် အမေရိကန် ပြည်ထောင်စုရှိ စက်ရုံအတွက် ပစ္စည်းပေးပို့မှုကို ထိခိုက်မည် မဟုတ်ကြောင်း သွင်းကုန်များနှင့် ပတ်သက်ပြီး သယ်ယူပို့ဆောင်ရေး မိတ်ဘက်လုပ်ငန်းနှင့် အဆက်အသွယ်ရှိကြောင်း BMW က CNBC သို့ ပြောသည်။ Volkswagen က ၎င်းတို့၏ ဆိပ်ကမ်းလုပ်ငန်းများသည် တံတား၏ ပြင်ပ ပင်လယ်တွင် တည်ရှိသောကြောင့် မထိခိုက်ကြောင်း ပြောသော်လည်း ထရပ်ကားဖြင့် သယ်ယူပို့ဆောင်မှုများ နှောင့်နှေးနိုင်ကြောင်း ပြောသည်။ Mercedes က သွင်းကုန်ဖိအား သက်သာစေရန် ဂျော်ဂျီယာပြည်နယ်ရှိ ဘရန်းဆွစ်ကဲ့သို့သော ဆိပ်ကမ်းကို အသုံးပြုမည်ဟု ပြောသည်။
“မော်တော်ယာဉ် တင်သွင်းတင်ပို့ရာမှာ ကာလတို ပြတ်တောက်မှုရှိပေမယ့် ဘယ်လ်တီမိုးဆိပ်ကမ်းမှာ သင်္ဘောလုပ်ငန်း ပြန်စနိုင်တဲ့အချိန်အထိ အခြားလမ်းကြောင်းတွေရှာဖို့ အကောက်ခွန်နဲ့ နယ်စပ် ကာကွယ်ရေးဌာန၊ ဒေသဆိုင်ရာဆိပ်ကမ်းတွေနဲ့ ဆိပ်ကမ်းစီမံသူတွေဟာ မော်တော်ယာဉ်လုပ်ငန်းနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်မယ်လို့ ကျနော်ယုံကြည်တယ်” ဟု K2 Security Screening မှ နယ်စပ်နှင့်ရေကြောင်းလုံခြုံရေး ဒုဥက္ကဋ္ဌ မစ်ချ်မာရီယမ်က CNBC သို့ အီးမေးလ်ဖြင့် တုံ့ပြန်သည်။
“ဘယ်လ်တီမိုးဆိပ်ကမ်းဟာ ရေတိုမှာတော့ ဆုံးရှုံးမယ်။ ဒါပေမယ့် ဖီလာဒဲလ်ဖီးယား၊ နောဖော့ခ်၊ ဆာဗားနားနဲ့ ချာလက်စ်တန် အပါအဝင် အခြားအရှေ့ဘက်ကမ်းခြေ ဆိပ်ကမ်းတွေမှာ လမ်းကြောင်းပြောင်း နေရာချထားဖို့ အစီအစဉ်တွေ လုပ်နေပြီ။ ဒီဆိပ်ကမ်း အားလုံးကလည်း ကားနဲ့ ထရပ်ကားအသေးစားတွေ ကိုင်တွယ်တဲ့ ဆိပ်ကမ်းတွေပဲ” ဟု ၎င်းက ပြောသည်။
ဘယ်လ်တီမိုးဆိပ်ကမ်းသည် သကြားနှင့် စွယ်စုံသုံးသတ္တု ဂျစ်ပဆမ် အပါအဝင် အခြားကုန်ပစ္စည်းများကိုလည်း ကိုင်တွယ်ပြီး Home Depot, Ikea နှင့် Amazon စသည့် လက်လီအရောင်းလုပ်ငန်းများက အသုံးပြုသည့်ဆိပ်ကမ်း ဖြစ်သည်။
ကိုးကား ။ ။ CNBC သတင်း Baltimore disaster may be the largest-ever marine insurance payout, Lloyd’s boss says
You may also like these stories:
ရုရှစစ်သင်္ဘော မော့စ်ကဗာ နစ်မြုပ်မှု သိထားရသမျှနှင့် အရေးပါပုံ
အီတလီနိုင်ငံ၊ ဗင်းနစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ သင်္ဘော မတော်တဆမှု