ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ ကာကွယ်ရေးတပ်များကြား သဘောထားကွဲလွဲမှုများ ဆွေးနွေးညှိနှိုင်း၍ မဟာမိတ် များနှင့် ပူးပေါင်းကာ စစ်ရေးတိုးချဲ့သွားမည်ဟု CDF မင်းတပ်၏ ဒုတိယအကြိမ်မြောက် ညီလာခံက ဆုံးဖြတ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်က ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်သည့် အစိုးရတရပ် ဖွဲ့စည်းကြောင်း ကြေညာ ပြီးနောက် ချင်းတော်လှန်ရေးအဖွဲ့များကြား ကွဲပြားမှုများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့သည့်အပြင် မင်းတပ်မြို့နယ် အတွင်း ၌လည်း တပ်ဖွဲ့အချင်းချင်းကြား သဘောကွဲလွဲမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
CDF မင်းတပ်မှ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာန တာဝန်ခံ ကိုဇလပ် သွေးက “မင်းတပ်မြို့နယ်အတွင်းမှာ ဖြစ်နေတဲ့ သဘောထားကွဲလွဲနေတဲ့ တချို့အရာတွေကို ပြန်လည် ပေါင်း စည်းပြီးတော့ လုပ်သွားဖို့ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်ထိ ၃ရက်ကြာ ကျင်းပသည့် CDF မင်းတပ်၏ ညီလာခံတွင် တပ်ဖွဲ့ အချင်းချင်း ပြဿနာ များ ဖြေရှင်းရန်၊ ချင်းပြည်နယ်အတွင်း စစ်ရေးကို ပိုမိုတိုးချဲ့သွားရန် အပါအဝင် အချက် ၁၀ချက် ဆုံးဖြတ်ခဲ့ပြီး ကျန်အချက် များကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
မင်းတပ်မြို့နယ် တိုက်နယ် အမှတ် ၄ နှင့် ၁၁ တို့မှ တပ်ဖွဲ့ဝင်များနှင့် CDF မင်းတပ်တို့ကြား သဘောထားကွဲလွဲမှုဖြစ်နေ သော်လည်း အဆိုပါ ညီလာခံသို့ သဘာပတိ၊ စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်၊ စစ်ဒေသမှူး၊ စီမံညွှန်ကြားရေးမှူး၊ ဌာနမှူးများ၊ ဗျူဟာမှူးများ၊ တပ်ရင်း ၆ ရင်းရှိ တပ်ရင်းမှူးများ၊ ဒုတပ်ရင်းမှူးများနှင့် ဗဟိုကာကွယ်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ ကြသည်။
ထိုသို့ ကွဲလွဲနေမှုကြောင့် စစ်ဆင်ရေးများ သိသိသာလျော့နည်းသွားသည့်အပြင် မြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားများမှာလည်း ပိုမို အရဲတင်းလာသည်ဟု မင်းတပ်ဒေသခံများက ပြောသည်။
မင်းတပ်မြို့တွင်းနှင့် မြို့ပြင်ဂိတ်များ၌ရှိသည့် ရဲများနှင့် စစ်သားများက ဒေသခံများကို မကြာခဏဖမ်းဆီးနေပြီး ဧပြီ ၁ ရက် ကလည်း စိချဲရပ်ကွက်၌ မင်းတပ်လူငယ် ၂ ဦးကို စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ ခလရ ၂၇၄ တပ်ထဲသို့ ခေါ် သွားခဲ့ သည်။
မင်းတပ်မြို့ခံ အမျိုးသားတဦးက “တပ်ကို ခဏခဏ သွားပစ်တဲ့အဖွဲ့က မြို့ထဲမှာ မရှိတော့ဘူး။ သူတို့ရှိနေတဲ့အချိန်ဆို စကစ က မြို့တွင်းလောက်ပဲ အပြင်ကို မထွက်ရဲဘူး။ အချင်းချင်း ပြဿနာဖြစ်ပြီး အဲဒီအဖွဲ့လည်း မရှိတော့ရော စကစ တွေက ငါတို့ကိုလာပစ်တဲ့ အဖွဲ့တွေမရှိတော့ဘူးဆိုပြီး ပျော်ပွဲရွှင်ပွဲလုပ်ပြီး အောင်ပွဲခံကြတယ်။ အဲဒီနောက်ပိုင်း ကင်းတွေကို ပြန် ထည့်လာပြီး ကတ္တရာလမ်းတွေအပြင် ဘေးနားကရွာတွေအထိပါ သွားလာနေတာ” ဟု ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်နှင့် မင်းတပ် CDF တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိတော့ကြောင်း သိရသည်။

လွန်ခဲ့သည့် ၄ လကျော် ဇန်နဝါရီလ ၁ ရက်တွင် မင်းတပ်မြို့အရှေ့ပြင်ရပ်ကွက်ဘက်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗိုလ်မှူးတဦး စနိုက်ပါထိမှန်ခဲ့သည့်တိုက်ပွဲသတင်းနှင့် ပတ်သက်၍ CDF-Mindat က နောက်ဆုံး ထုတ်ပြန်ထားသည်။
မင်းတပ်မြို့နယ်တွင် တိုက်ပွဲများ မရှိသော်လည်း စစ်ကောင်စီက လေကြောင်းတိုက်မှုများကို ဆက်တိုက် ပြုလုပ်နေသည်။ ပြီးခဲ့သော မတ်လအတွင်း၌ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့သည့်အပြင် ယမန်နေ့၌လည်း တိုက်နယ် ၂ ရှိ ချပ် ကျေးရွာကို လေကြောင်းမှ ၂ ကြိမ် လာရာက် ဗုံးကြဲ၊ ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။
CDF တပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် မင်းတပ်ဒေသခံ အမျိုးသားက “အရင်ကတော့ စည်းစည်းလုံးလုံးရှိတဲ့အပြင် တပ်ဖွဲ့တွေ က တခုထဲကိုပဲ ဦးတည်တိုက်ထုတ်နေတော့ ရလဒ် ကောင်းတယ်။ အခုက အဖွဲ့တွေကွဲပြီး အချင်းချင်းပြဿနာတွေနဲ့ အာရုံ မစိုက်နိုင်တော့ စစ်ကောင်စီကလည်း အကြောင်းမဲ့ ပိုပိုဖိလာတယ်။ တမင် သွေးခွဲချင်းတာလည်း ပါမှာပေါ့” ဟု ပြောသည်။
ချင်းကာကွယ်ရေးတပ် (မင်းတပ်) သည် အာဏာသိမ်းအစောပိုင်း ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး လက်လုပ်၊ တူမီးများဖြင့် စစ်ကောင်စီ စစ်ကားများကို အစောဆုံး သိမ်းပိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့ သည့် တပ်လည်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ ဧပြီ ၂၄ ရက်က CDF-Mindat လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်ပြည့်တွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲပေါင်း ၂၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅၀ ကျော်ကို သုတ်သင်နိုင်ခဲ့သည်ဟု CDF-Mindat က ထုတ်ပြန်သည်။
အဆိုပါ တော်လှန်ရေး ၂ နှစ်တာကာလအတွင်း CDF-Mindat တပ်ဖွဲ့ဝင် ၅၅ ဦး သေဆုံးခဲ့သည်။ မင်းတပ် CDF တပ်များ စုစုစည်းစည်းဖြင့် တိုက်ပွဲဝင်ခဲ့သောကြောင့် မင်းနယ်မြို့နယ်တွင် ခလရ ၂၇၄ တခုကျန်ရှိပြီး မြို့ပေါ်နေရာတချို့၌ စိုးမိုးနိုင် သည်အထိ CDF တပ်ဖွဲ့ နယ်မြေထိန်းချုပ်မှု အားကောင်းခဲ့သည်။
CDF မင်းတပ်အနေဖြင့် ချင်းပြည်နှင့် ချင်းအမျိုးသားရေးကိစ္စရပ်များတွင် တန်းတူညီမျှမှုနှင့် တရားမျှတမှု ရှိသော ချင်း ပြည်သူအားလုံး သဘောတူလက်ခံနိုင်မည့် ဖယ်ဒရယ်အစိုးရပေါ်ပေါက်ရေးအား ချင်းညီနောင်နှင့်အတူ စစ်ရေး၊ နိုင်ငံရေးတို့ တစိုက်မတ်မတ် ဆောင်ရွက်သွားမည်ဟု CDF-Mindat က ထုတ်ပြန်ထားသည်။
You may also like these stories:
စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ
တလှိုင်းပြီးတလှိုင်း လာနေသော စစ်ရေးလှုပ်ရှားမှုများ
မြန်မာဒုက္ခသည်များကို အတင်းအကျပ် ပြန်ပို့သောကြောင့် အိန္ဒိယ ရှုတ်ချခံရ