စစ်ကောင်စီသည် ပထမအသုတ် အတင်းအကျပ် စစ်သားစုဆောင်းမှုအဖြစ် စစ်သားစုဆောင်းခံရသူများကို ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် အခြားနေရာများမှ စစ်သင်တန်းကျောင်းများနှင့် တပ်များသို့ မတ်လ ၂၉ ရက်နေ့တွင် ဆင့်ခေါ်လိုက်သည်။
ရာပေါင်းများစွာသော အတင်းအကျပ် စစ်သားစုဆောင်းခံရသူများအား ကြိုဆိုပွဲများကို စစ်ကောင်စီ လိုလားသည့် တယ်လီဂရမ်များက ဖော်ပြကြသည်။
ထိုအတင်းအကျပ် စစ်သားစုဆောင်းခံရသူများသည် ဆေးစစ်ခြင်းနှင့် စာမေးပွဲဖြေရမည်ဖြစ်ကြောင်း ရန်ကုန်နှင့် စစ်ဌာနချုပ် နေပြည်တော်မှ စစ်သားစုဆောင်းရေး ဗဟိုအဖွဲ့ သတင်းရင်းမြစ်များက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းခံရသူ အရေအတွက်နှင့် ၎င်းတို့ကို ပို့ဆောင်မည့်နေရာများကို မသိရပေ။
ရန်ကုန်တွင် အတင်းအကျပ် စစ်သားစုဆောင်းခံရသူ အများစုကို တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူရှိ အမှတ် ၁ တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်သည်။
အတင်းအကျပ် စစ်သားစုဆောင်းခံရသူများကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မတ်လ ၂၈ ရက်နေ့ကတည်းက စုဝေးထားပြီး မတ်လ ၂၉ ရက်နေ့ နံနက်တွင် တိုက်ကြီးမှ ထိုလေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ ဒေသခံတဦးက ပြောသည်။
နေပြည်တော်တွင် အတင်းအကျပ် စစ်သားစုဆောင်းခံရသူများကို ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေနီရှိ အမှတ် ၅ စစ်လေ့ကျင့်ရေးကျောင်းသို့ ခေါ်ဆောင်သွားသည်။
နေပြည်တော်မှ စစ်သင်တန်းကျောင်းတခုတွင် မတ်လ ၂၉ ရက်နေ့က ပြုလုပ်သည့် ကြိုဆိုပွဲ၌ စစ်တပ်ထောက်ခံသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဒုဗိုလ်မှူးကြီးဟောင်း ဘူးလက် လှဆွေက တပ်သားသစ်များကို ထောက်ပံ့ရန်အတွက် ငွေလှူသည်ဟု တယ်လီဂရမ်တွင် ဖော်ပြထားသည်။
အတင်းအကျပ် စစ်သားစုဆောင်းခံရသူများကို မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှ အမှတ် ၇ စစ်အခြေခံ လေ့ကျင့်ရေးတပ်နှင့် မန္တလေးတိုင်းမှ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင်လည်း မတ်လ ၂၉ ရက်နေ့ နံနက်က တွေ့ရသည်။
မတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု အမှတ် ၁ စစ်အခြေခံ လေ့ကျင့်ရေးကျောင်းသို့ အတင်းအကျပ် စစ်သားစုဆောင်းခံရသူများ ထပ်မံရောက်ရှိလာသည်။ ထိုနေ့တွင်ပင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိငယ်များသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ စစ်အခြေခံ လေ့ကျင့်ရေးကျောင်းသို့ သွားရောက်ပြီး မန္တလေးတိုင်းမှ အတင်းအကျပ် စစ်သားစုဆောင်းထားသူများကို ကြိုဆိုကြသည်။
ဆေးစစ်ဆေးခြင်းနှင့် အခြားရုပ်ပိုင်း စိတ်ပိုင်း စစ်ဆေးမှုများသည် ပုံမှန်အားဖြင့် ရက်သတ္တပတ်အနည်းငယ် ကြာတတ်သော်လည်း စစ်ကောင်စီသည် စစ်သားလိုအပ်ချက်ကြောင့် ထိုစစ်ဆေးမှုမျာကို အလျင်အမြန် လုပ်ဆောင်သည်ဟု ရန်ကုန်မှ အငြိမ်းစား စစ်အရာရှိတဦးက ပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို ဧပြီလလယ် သင်္ကြန်ပွဲတော်အပြီးမှသာ စတင်မည်ဟု ယူဆခဲ့သော်လည်း မမျှော်လင့်ဘဲ စောစီးစွာ စတင်ခဲ့သည်ဟု သုတေသီများက ပြောသည်။
“ဒါက အတင်းအကျပ် စစ်သားစုဆောင်းခံရသူတွေ သင်္ကြန်ပွဲတော်အတွင်း ထွက်ပြေးမှာကို စစ်ကောင်စီက ကြောက်နေပြီး ရှေ့တန်းမှာ စစ်သားတွေ အရေးပေါ် လိုအပ်နေတာကို ပြသနေတယ်” ဟု ၎င်းကပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းခံရခြင်းကို ရှောင်ရှားရန် အမျိုးသားများ နေအိမ်များကို စွန့်ခွာထွက်ပြေးသည့် သတင်းများလည်း ဖြစ်ပေါ်နေသည်။
အတင်းအကျပ် စစ်သားစုဆောင်းမှုကို အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်ကြောင်း လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည့် ဗိုလ်ကြီးဟောင်း ဇင်ယော်က အလေးထားပြောသည်။
“အတင်းအကျပ် စစ်သားစုဆောင်းတာရပ်ဖို့ ပြည်သူတွေနဲ့ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေ အလျင်အမြန် မတုံ့ပြန်ရင် စစ်ကောင်စီ အင်အားပြန်ပြည့်လာမယ်” ဟု ၎င်းကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Begins Conscription Early ကို ဘာသာပြန်သည်။)
You may also like these stories:
မုံရွာ၌ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မလာ၍ ရပ်ကွက်တွင်း ဝင်ဖမ်း
စစ်မှုထမ်းမည့်သူ၏ မိသားစုများ ထောက်ပံ့ရန် ငွေကောက်ခံနေ
စစ်မှုထမ်း စာရင်းကောက်သည့် အုပ်ချုပ်ရေးမှူးများ အသတ်ခံရ
အဂတိဈေးကွက်ဖြစ်လာနေတဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေ (ရုပ်/သံ)
ပြည်သူကို ပူပင်သောက ပေးနေသည့် စစ်မှုထမ်းဥပဒေ