စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခတွေကြောင့် ကုန်သွယ်ရေး ပြတ်တောက်နေတဲ့ ချင်းပြည်နယ်ဟာ လက်ရှိအချိန်မှာတော့ အိန္ဒိယနိုင်ငံကနေ တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေနဲ့ လည်ပတ်နေပြီဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ခုခံတိုက်ခိုက်မှုတွေ အားကောင်းတဲ့ ချင်းပြည်နယ်ကို ဖြတ်လေးဖြတ် စစ်ဆင်ရေးပြုလုပ်ရာမှာ ပလက်ဝဒေသနဲ့ ကလေးမြို့နယ်ဘက်ကနေ ချင်းပြည်နယ်ထဲကို ဝင်နေတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ခဲ့တာပါ။
ရခိုင်ပြည်နယ်ကျောက်တော်ဒေသကနေ ချင်းပြည်နယ်ကို ကုန်ပစ္စည်းတင်ပို့နိုင်ဖို့ ခန့်မှန်း တပတ်ကနေ ၁၀ရက်အထိ ကြာသလို ကုန်သွယ်ရေးစရိတ်ကြောင့် ကုန်စျေးနှုန်းဟာလည်း အဆမတန်ကြီးမြင့် ပါတယ်။ အဲဒီအခြေအနေတွေကြောင့်ချင်းကုန်သည်တွေဟာ အိန္ဒိယမြန်မာနယ်စပ် ကုန်သွယ်ရေး ဂိတ်ကနေ ကုန်သွယ်မှုတွေကို ပိုမိုလုပ်ဆောင်လာကြတယ်လို့ သိရပါတယ်။