ထိုင်းနိုင်ငံ မဲဆောက်မြို့ပေါ်မှာ ရောက်ရှိနေတဲ့ ရွေ့ပြောင်းမြန်မာလုပ်သားတွေ၊ ကလေးငယ်တွေနဲ့ အကြောင်းကြောင်းကြောင့် ရောက်ရှိလာခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေ ဖတ်ရှုနိုင်ဖို့ ကားလေးနဲ့ လိုက်ငှားပေးနေတဲ့ ရွေ့လျား စာကြည့်တိုက်လေး ရှိပါတယ်။
ဒီရွေ့လျားစာကြည့်တိုက်လေးကို ဦးဆောင်နေသူကတော့ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အနိုင်ရခဲ့တဲ့ ပဲခူးတိုင်းဒေသကြီးပေါက်ခေါင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) က တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသက်မင်းဇော်ပါ။
စစ်တပ်က တိုင်းပြည် အာဏာသိမ်းပြီးတဲ့နောက် နယ်စပ်ဒေသကို ထွက်ပြေးတိမ်းရှောင်ရင်းမှာပဲ စိတ်ကျဝေဒနာ ခံစားခဲ့ရပြီး စာအုပ်တွေဖတ်ရင်း ပြန်လည်မွေးမြူခဲ့ရတယ်လို့ သူက ရှင်းပြပါတယ်။
သူ့လိုထွက်ပြေး တိမ်းရှောင်သူတွေ အပါအဝင် တိုင်းတပါးမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေ မြန်မာစာပေ ယဉ်ကျေးမှုတွေကို ထိတွေ့စေချင်တဲ့ဆန္ဒ၊ ဒီစာပေတွေကနေတဆင့် အသိပညာဗဟုသုတနဲ့ စိတ်ဓာတ်ခွန်အားတွေပေးနိုင်ဖို့ရည်ရွယ်ပြီး ရွေ့လျားစာကြည့်တိုက်လေးကို ပြင်ဆင်ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။