ရွှေရောင်းဝယ်ရေး အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်မရှိခြင်း၊ ရွှေရောင်းဝယ်သူများ လိုက်နာရမည့် ညွှန်ကြားချက် များ ပျက်ကွက်ခြင်းကြောင့် နာမည်ကြီးရွှေဆိုင်များဖြစ်သည့် မောင်ကိန်း၊ နယူးတိုင်စင် အပါအဝင် ရန်ကုန်မြို့မှ ဆိုင် ၃ ဆိုင်၊ မန္တလေးမြို့မှ ရွှေဆိုင် ၇ ခုတို့ကို လုပ်ငန်းယာယီရပ်ဆိုင်းလိုက်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ဧပြီ ၂ရက် က ထုတ်ပြန်သည်။
ရန်ကုန်တိုင်းမှ မောင်ကိန်း၊ နယူတိုင်စင်နှင့် ခရမ်းသုံးခွရွှေဆိုင်၊ မန္တလေးတိုင်းမှ ရွှေစင်ဝင်း ရွှေသန့်စင်လုပ်ငန်း၊ ရွှေမင်းသား ရွှေလှော်ဖိုလုပ်ငန်း၊ မန်းစံပယ် ရွှေရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာရွှေ ရွှေဆိုင်လုပ်ငန်းတို့ကို ဧပြီ ၂ ရက်မှစ၍ အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ရေး အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက် ခြင်းမပြုရန် သတိပေးလက်မှတ်ရေးထိုးစေခြင်း၊ လုပ်ငန်းယာယီရပ်ဆိုင်းခြင်း အပါအဝင် လိုအပ်သည့် အရေးယူမှု များကို သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားသည်။
ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းရှင်ကြီးတဦးက “ဖတ်ကြည့်ရတာတော့ အဖိုးတန်သတ္တုရောင်းဝယ်ရေး လိုင်စင်မလုပ်လို့ အရေးယူတယ်ပေါ့။ ရွှေဆိုင်တွေက လုပ်ဖို့မေ့လား၊ အကြောင်းတခုခုကြောင့်လားတော့ မပြောတတ်ဘူး။ ရွှေဆိုင် တော်တော်များများကတော့ လုပ်ထားကြပါတယ်။ လိုင်စင်ပြန်လုပ်ပေးရင်တော့ ပြန်ဖွင့်ပေးမယ့်သဘော ရှိတယ်။ အရင်ကတော့ ဒါမျိုးတခါမှမဖြစ်ဖူးပါဘူး။ ဒါက ပထမဆုံးပါပဲ” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီ၏ ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက နာမည်ကြီး ရွှေဆိုင်များအား နေ့စဉ် ရောင်းချသည့် စာရင်းကောက်ယူနေသည့်အပြင် ဖမ်းဆီးအရေးယူနေခြင်းကြောင့် ဈေးကွက်ပျက်နေသည့် အခြေအနေရှိကြောင်း ၎င်းက ဆိုသည်။
“သူတို့ လိုက်ကောက်တဲ့ဆိုင်ကတော့ သတ်မှတ်တဲ့ဈေးပဲ ပြောမှာပေါ့။ ဒါပေမယ့် အခုလို ဖြစ်တော့ ဈေးကွက်က ပျက်နေပြီ။ အရောင်းအဝယ် လုပ်လို့မရဘူး။ ရွှေဈေးတွေက တက်လိုက်ကျလိုက်ပဲ။ ဒီမနက်မှာတင် အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သား ၄၅ သိန်းလောက်ဖြစ်ပြီးတော့ ကျပ် ၄၄ သိန်းကျော်လောက် ပြန်ဖြစ်တယ်။ ကမာ္ဘ့ရွှေ ကတော့ ဆက်တက်နေတုန်းပဲ။ အခုကတော့ ဈေးကွက်ဖွင့်တယ်ဆိုတာလည်း မရှိတော့ပါဘူး။ အချင်းချင်း ကြိုက်ရောင်းကြိုက်ဝယ် လုပ်ကြတဲ့သဘောပါပဲ” ဟု ရှင်းပြသည်။
စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကလည်း ၎င်းတို့ သတ်မှတ်ထားသော ဈေးအတိုင်းရောင်းဝယ်ကြရန်နှင့် ယင်းဈေးနှင့်မရောင်းပါက ဆိုင်ပိတ်ထားရန် မတ် ၃၀ ရက်မှစတင်၍ ရွှေဆိုင်များကို ပြောဆိုထားသည်။
လက်ရှိ YGEA အသင်းရုံး၏ သတ်မှတ်ဈေးမှာ အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် ကျပ်သိန်း ၄၀ ကျော်ရှိပြီး ပြင်ပ၌ တကျပ်သား ကျပ် ၄၄ သိန်းကျော်ရှိသောကြောင့် ကျပ် ၄ သိန်းနီးပါး ကွာဟမှုရှိနေသည်။
အလားတူ အမေရိကန်ဒေါ်လာမှာလည်း ပြင်ပဈေးကွက်တွင် ၁ ဒေါ်လာ ၃,၈၆၀ ကျပ် ဝန်းကျင်ရှိနေရာ ရွှေလုပ်ငန်းရှင် များနည်းတူ ဒေါ်လာဈေးကွက်၌လည်း ငွေလွှဲကောင်တာ (Money Changer) များ အပါအဝင် ဒေါ်လာသမားတချို့ကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးခြင်းများရှိနေကြောင်း ရန်ကုန်မြို့ရှိ ဒေါ်လာရောင်းဝယ်ရေးသမားများထံမှ သိရသည်။
ထို့ပြင် စစ်ကောင်စီ၏ ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက ရွှေဈေးနှုန်းများကို ဈေးကစားပြီး ပြည်သူလူထု စိုးရိမ်ပူပန်မှုဖြစ်စေရန် သတင်းထုတ်လွှင့်သူများ၊ အရောင်းအဝယ် တကယ်မဖြစ်သည့် လေပတ်ကားရွှေဈေးနှုန်းများကို လူမှုကွန်ရက်မီဒီယာများတွင်ဖော်ပြပြီး ရွှေဈေးနှုန်း မငြိမ်မသက် ဖြစ်စေရန် ဆောင်ရွက်သူများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ကြီးကြပ်စစ်ဆေးခြင်းလုပ်ငန်းများအား သက်ဆိုင်ရာ အစိုးရဌာနများ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့က ထပ်မံ ထုတ်ပြန်ထားသည်။
ယခုနှစ် မတ်လအတွင်းမှစတင်ပြီး ဒေါ်လာနှင့်ရွှေဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် စစ်ကောင်စီက ဈေးကွက်အတွင်းရှိ လုပ်ငန်းရှင်များကို ခေါ်ယူစစ်ဆေးခြင်းများရှိသလို မတ် ၁၁ ရက်တွင် ငွေလွှဲကောင်တာ ၈ ခုကို လိုင်စင် ၃၊ ၆ လ ရပ်ဆိုင်းခြင်းနှင့် နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်အောင် လှုံ့ဆော်နေသည်ဟုဆိုကာ လူမှုကွန်ရက်စာမျက်နှာ၊ လူမှုကွန်ရက် Group၊ Application နှင့် Website ၁၅ ခုကို အရေးယူထားသည်။
You may also like these stories:
ပြည်တွင်းရွှေ တကျပ်သား ကျပ်သိန်း ၄၀ ကျော်လာ
ရွှေကို သတ်မှတ်ဈေးဖြင့် မရောင်းပါက ဆိုင်ပိတ်ခံရမည်