ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် ကူညီသည့် အုပ်ချုပ်ရေးမှူးများ အသတ်ခံရမှု တိုင်းနှင့် ပြည်နယ် အသီးသီး၌ ခပ်စိတ်စိတ်ဖြစ်လာပြီးနောက် တာဝန်မှ နုတ်ထွက်မှု များပြားလာကြောင်း သိရသည်။
ထိုဥပဒေ စတင် အသက်သွင်းလိုက်သည့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှ မတ်လအတွင်း နိုင်ငံတဝန်း အုပ်ချုပ်ရေးမှူး ၁၈ ဦးအထိ သတ်ဖြတ်ခံထားရပြီးနောက် မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ မန္တလေးနှင့် ရခိုင် ပြည်နယ်တို့ရှိ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာ တင်လာခြင်းဖြစ်သည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၄၉ ခု ရှိသည့်အနက် ရွာပေါင်း ၂၀ ကျော်ရှိ အုပ်ချုပ်ရေးမှူးများ လုံခြုံရေးအရ နုတ်ထွက်စာတင်ထားကြသော်လည်း စစ်ကောင်စီဘက်ကမူ နုတ်ထွက်ခွင့်မပြုကြောင်း အုပ်ချုပ်ရေးမှူး များက ပြောသည်။
သထုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက “ဒီဘက်မှာ စစ်မှုထမ်းစာရင်းကောက်ရင် အကုန်ရှုပ်ကုန်မှာ၊ ဒီဘက်က အမဲရောင်နယ်မြေဆိုတော့။ သထုံမြို့က အုပ်ချုပ်ရေးမှူး တဝက်လောက် ထွက်စာတင်ထားကြတာ။ ဘယ်သူ မှ မလုပ်ချင်ကြဘူး။ ကျနော်တို့က ခုထိလည်း လူစာရင်းမကောက်ပေးဘူး။ အတင်းအကျပ် ကောက်ခိုင်းရင်လည်း ထွက်ပြေးကြမှာ” ဟု ဧရာဝတီသို့ ပြောသည်။
သထုံမြို့နယ်အတွက် စစ်မှုထမ်း သင်တန်းတက်ရောက်ရန် စစ်ကောင်စီက လူဦးရေ ၉၀ ပေးရမည်ဟု ညွှန်ကြားထား သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် လူဦးရေစာရင်း ကောက်ယူခြင်း၊ အစည်းအဝေးခေါ်ယူခြင်း၊ မဲနှိုက်ခြင်းနှင့် ငွေကြေးကောက်ခံသည့်ကိစ္စများကို လုပ်ဆောင်ခြင်း မရှိကြောင်း သိရ သည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများအပြင် ဘီးလင်းမြို့နယ် သကြားစက်အနီးရှိ ရွာပေါင်း ၄ ရွာမှ အုပ်ချုပ်ရေးမှူးများလည်း နုတ်ထွက်စာတင်ထားကြောင်း ဒေသခံများထံက သိရသည်။
ဘီးလင်းမြို့နယ် ကော့ကဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို မတ်လ ၇ ရက်က တော်လှန်ရေးတပ်ဖွဲ့များမှ မိုင်းခွဲဖျက်ဆီး ခဲ့သည့်အပြင် ဘီးလင်းမြို့နယ်နှင့် ကပ်လျက်တည်ရှိသည့် ကျိုက်ထိုမြို့နယ်၌ ယခင်လအတွင်း စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ရာတွင် ပါဝင်ပတ်သက်သူ ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့ကြ သည်။
ဘီးလင်းဒေသခံတဦးက “ကျိုက်ထိုမှာလည်း အုပ်ကြီးတွေ တော်တော်သတ်ခံထားရတော့ သူတို့လည်း စစ်မှုထမ်းစာ ရင်း မကောက်ရဲလို့ ထွက်စာတင်ကြတာ။ တချို့ဆို အိမ်မှာတောင် မနေတော့ဘူး။ သူတို့မိသားစုတွေလည်း ကြောက် နေကြတယ်။ တချို့အုပ်ကြီးတွေကတော့ ရှောင်ပြေးနေကြပြီ” ဟု ပြောသည်။
အလားတူ မွန်ပြည်နယ်ရှိ ကျိုက်မရောမြို့၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့များရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူး အချို့လည်း တော်လှန်ရေးတပ်ဖွဲ့များက သတိပေးစာများ ထုတ်ပြန်ထားသောကြောင့် နုတ်ထွက်မှုများ ရှိနေကြောင်း သိရသည်။
မွန်ပြည်နယ်တွင်သာမက ရန်ကုန်တိုင်းအပါအဝင် အခြားသော တိုင်းနှင့်ပြည်နယ်များရှိ အုပ်ချုပ်ရေးမှူးများလည်း နုတ် ထွက်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်ရုံးအချို့၌ မတ်လ ၂၄ ရက်မှစပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အချို့တွင် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးစာကပ်ပြီးနောက် နုတ်ထွက်နေကြကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၌ စစ်မှုထမ်းဥပဒေအတွက် ကူညီပေးနေသူများ၏ ဓာတ်ပုံများကို မတ်လ ၁၉ ရက်က ထုတ်ပြန်ပြီးနောက် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သူများလည်းရှိခဲ့ ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဋ္ဌ ကိုပီတာကြီးထံက သိရသည်။
အဆိုပါ သတိပေးစာထုတ်ပြန်ပြီးနောက် စမ်းချောင်းမြို့နယ် ရပ်ကွက် ၇ ရှိ အုပ်ချုပ်ရေးမှူး ၇ ဦး နုတ်ထွက်စာတင်ထား ပြီး ဟုမ်းလမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးကို စစ်တပ်က နုတ်ထွက်ခွင့်မပြုသောကြောင့် ထွက်ပြေးတိမ်းရှောင်သွားသဖြင့် အဆိုပါ ရပ်ကွက်နေပြည်သူများက ရပ်ကွက်ထောက်ခံစာနှင့် ဧည့်စာရင်းတိုင်ကြားမှုများ ပြုလုပ်လိုပါက အောင်ချမ်း သာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတွင် သွားရောက် ယူဆောင်နေရကြောင်း သိရသည်။
ကိုပီတာကြီးက “ထွက်ပြေးသွားတဲ့ ဟုမ်းလမ်းအုပ်ချုပ်ရေးမှူးနေရာ အသစ်တယောက် ထပ်ခန့်နိုင်ဖို့ အသည်းအသန် ကြိုးစားနေတယ်။ လက်ရှိအထိတော့ တက်လာတာ မရှိသေးပါဘူး။ အုပ်ချုပ်ရေးမှူးတွေကို အဓိက ဖိအားပေးနေတာ က မြို့နယ်အုပ်ချုပ်ရေးမှူးတွေက စာရေးတွေကနေတဆင့် ဖိအားပေးတယ်လို့ ကျနော်တို့သိရတယ်။ ဒါကြောင့် သူတို့ရဲ့ အချက်အလက်တွေကိုလည်း ကျနော်တို့ စုစည်းနေတယ်” ဟု ပြောသည်။
မန္တလေးတိုင်းတွင်လည်း ရမည်းသင်းမြို့နယ်၊ ပေါက်အိုင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်တင့်ဆိုသူသည် မတ်လအတွင်း စစ်ကောင်စီ၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံသို့ နုတ်ထွက်စာတင်ခဲ့သော်လည်း ထွက်ခွင့် မရခဲ့ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါ ပေါက်အိုင်ကျေးရွာရှိ ရာအိမ်မှူးများက စစ်မှုထမ်းဥပဒေနှင့် ပက်သက်သည့် လုပ်ငန်းစဉ်များကို လိုက်ပါ ဆောင် ရွက်ရန် ငြင်းဆန်သောကြောင့် ဦးကျော်တင့်က နုတ်ထွက်စာတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အုပ်ချုပ်ရေးမှူး၏ မိတ်ဆွေဖြစ်သူက “ရာအိမ်မှူးတွေက ကြောက်ပြီး မပူးပေါင်းတော့ သူလည်းတယောက်ထဲ ကျန်ရင် အဆင်မပြေတော့ဘူးဆိုပြီး မြို့နယ်ကို သွားတင်ပြတာ။ မြို့နယ်က အဲဒီမှာ ကိုယ့်ရာအိမ်မှူးတွေကို ကိုယ်ဩဇာ မညောင်းဘူးလား။ သူကလည်း မညောင်းဘူးလို့ ပြောတော့ ခင်ဗျားလည်း ထွက်ဆိုပြီးပြောတာ။ သူလည်း ခုထွက်မယ် ဆိုပြီး ထွက်စာတင်ထားတာ အဲဒါ အခုထိ လက်မခံဘူး” ဟု ဆိုသည်။
ထို့ပြင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၃၀ နီးပါး ပြီးခဲ့သည့် တလအတွင်း နုတ်ထွက် စာတင်ခဲ့ ကြသလို၊ မကွေးတိုင်း၊ နတ်မောက်မြို့ မြို့သစ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူး၊ မန္တလေးတိုင်းရှိ မြင်းခြံမြို့နယ်၊ နွားထိုးကြီး၊ တောင်သာ၊ ငါးဇွန်၊ တံတားဦး၊ သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူးနှင့် ဝမ်းတွင်းမြို့ရှိ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး အချို့ နုတ်ထွက်စာတင်မှုများရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ အဓမ္မ စစ်သားသစ်စုဆောင်းရာတွင် အဓိကကျသည့် အုပ်ချုပ်ရေး ထောက်တိုင်များကို ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့ YUA၊ မန္တလေးမြို့ပြပြောက်ကျား (UG) ၁၂ ဖွဲ့ ၊ ရေးဘီလူး၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ (NMSP – AD)၊ ဗန်းမော်မြို့ပြ ပြောက်ကျားတပ်ဖွဲ့၊ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) စသည့် တော်လှန်ရေးအဖွဲ့အသီးသီးက သတိပေးချက်များ ထုတ်ပြန်ထားပြီး တိုက် ခိုက်မှုများ လည်း လုပ်ဆောင်နေသောကြောင့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်မှုများပြားလာကြခြင်း ဖြစ်သည်။
ယမန်နေ့က နေပြည်တော်တွင် လုပ်သည့် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အစည်းအဝေးတွင် ဥက္ကဋ္ဌ ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး စာရင်း ကောက်ရာတွင် အမှန်တကယ် ဆန္ဒပြုသူများ ဖြစ်ရန်လိုပြီး အတင်းအကျပ် ဆန္ဒပြုစေခြင်းမျိုး မရှိစေရေး အောက်ခြေ တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရပ်/ကျေး အဆင့်တာဝန်ရှိသူများအား သေချာကြပ်မတ် လမ်းညွှန် ရန် ပြောဆိုသွားသည်။
You may also like these stories:
အတင်းအကျပ် စစ်သားစုဆောင်းမှု ကြေညာထားသည်ထက် စောပြီးလုပ်ဆောင်
စစ်မှုထမ်းမည့်သူ၏ မိသားစုများ ထောက်ပံ့ရန် ငွေကောက်ခံနေ
အုပ်ချုပ်ရေးမှူးများ လုပ်ပိုင်ခွင့် အလွဲသုံး၍ စစ်မှုထမ်းစာရင်းကောက်