မြန်မာနှင့် တရုတ်အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု “ပုလဲရတနာ”အဖြစ် သတ်မှတ်ထားသည့် ရခိုင်ပြည်နယ်မှ အမေရိကန်ဒေါ်လာ ၈ ဘီလီယံတန် ရင်းနှီးမြှုပ်နှံမည့်နေရာကို ရက္ခိုင့်တပ်တော် (AA) က ဝိုင်းပတ်ထားသောကြောင့် စစ်ကောင်စီသည် နယ်စပ်နှင့် တနိုင်ငံလုံးတွင် လုံခြုံရေး အာမခံကြောင်း တရုတ်အရာရှိများကို ရှင်းပြရန် ကြိုးစားနေသည်။
ထိုရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို ရခိုင်ပြည်နယ်ကမ်းခြေမှ ကျွန်းတခုတွင် တည်ဆောက်မည် ဖြစ်သည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ လက်နက်ကိုင်တပ်ဖြစ်သော AA သည် စစ်ကောင်စီတပ်ကို ပြည်နယ်မှ မောင်းထုတ်ရန် တိုက်ခိုက်နေသည်။ လွန်ခဲ့သောလတွင် AA သည် ထိုဆိပ်ကမ်းအနီးမှ မြို့တမြို့ကို သိမ်းပိုက်လိုက်သည်။
ULA က ၎င်းတို့သည် ပြည်နယ်အစိုးရဖြစ်ကြောင်း မြန်မာ၊ တရုတ်နှင့် အင်္ဂလိပ် သုံးဘာသာဖြင့် ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် မတ်လ ၂၅ ရက်နေ့က ဖော်ပြပြီး ရခိုင်ပြည်နယ်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ ချောမွေ့စွာရှေ့ဆက်ရန် ရခိုင်ပြည်သူ့တော်လှန်ရေး အစိုးရနှင့် ပူးပေါင်းလုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့သည်။
ULA က ရခိုင်ပြည်နယ် တိုးတက်မှုအတွက် အကျိုးပြုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။ ၎င်းတို့၏ လုပ်ငန်းများ ချောမွေ့စွာ ဆက်လက် လုပ်နိုင်ရေးအတွက် ULA နှင့်အတူ လုပ်ကိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို မဖိတ်ခေါ်မီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ လုံခြုံရေးနှင့် ဝန်ထမ်းများ ဘေးအန္တရာယ် ကင်းရှင်းရေး အာမခံကြောင်း ULA က ပြောသည်။

နယ်စပ်ဒေသ လုံခြုံရေးနှင့် ပြည်တွင်း တည်ငြိမ်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအကြောင်း ဆွေးနွေးရန် တရုတ်၏ အာရှရေးရာ အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်းနှင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့ ဧပြီလ ၁ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက ပြောကြားသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တရုတ်၏ အကူအညီ၊ မူးယစ်ဆေးဝါး တားဆီးရေး၊ အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု ပပျောက်ရေး၊ နယ်စပ်ကုန်သွယ်ရေးနှင့် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများကိုလည်း နှစ်ဖက်ဆွေးနွေးသည်။
စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး ညှိနှိုင်းမှု ကော်မတီ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့လည်း ဧပြီလ ၁ ရက်နေ့က အစည်းအဝေးသို့ တက်ရောက်ကြပြီး တရုတ်အထူးသံတမန်နှင့်အတူ မြန်မာရှိ တရုတ်သံရုံးမှ အရာရှိများ တက်ရောက်သည်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို တရုတ်နိုင်ငံပိုင် CITIC ၏ မြန်မာလုပ်ငန်းခွဲ မြန်မာဆိပ်ကမ်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ လီမိတက်နှင့် စစ်ကောင်စီ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၏ ဖက်စပ်လုပ်ငန်းဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီ လီမိတက်က တည်ဆောက်နေသည်။
ထိုစီမံကိန်းကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်နေပြီး ယူနန်ပြည်နယ်နှင့် အိန္ဒိယ သမုဒ္ဒရာကို ချိတ်ဆက်ပေးပြီး ကီလိုမီတာ ၁,၇၀၀ ရှည်သည့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံတွင် အဓိက အစိတ်အပိုင်း ဖြစ်သည်။ ထိုစီမံကိန်းသည် တရုတ်၏ ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) ၏ အစိတ်အပိုင်းလည်း ဖြစ်သည်။
စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်ကို ခုခံကာကွယ်နေသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်သည်။
AA ၏ တိုက်ခိုက်မှု မခံရသေးသော်လည်း ကျောက်ဖြူမှ စစ်ကောင်စီစခန်းများသည် ကျေးရွာများကို အမြောက်များဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး မြို့နယ်မှ ဒေသခံများ သွားလာမှုများကို ကန့်သတ်ထားသည်ဟု ရခိုင် မီဒီယာ သတင်းများအရ သိရသည်။
ကျောက်ဖြူဆိပ်ကမ်းသည် ရခိုင်ကမ်းခြေမှ တရုတ်နိုင်ငံတောင်ပိုင်းကို ဆက်သွယ်ထားသော ၉၇၃ ကီလိုမီတာ ရှည်သည့် တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ စတင်သော နေရာလည်းဖြစ်သည်။

မတ်လ ဒုတိယအပတ်တွင် AA သည် ကျောက်ဖြူတည်ရှိရာ ရမ်းဗြဲကျွန်းမှ ရမ်းဗြဲမြို့ကို အပြည့်အဝ ထိန်းချုပ်လိုက်သည်။
တောင်ကုတ်မြို့နယ်၊ မအီမြို့အနီးမှ ကျောက်ဖြူမြို့နယ်သို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဆုတ်ခွာစဉ် စစ်ကောင်စီ တပ်တတပ်သည် မအီ-ကျောက်ဖြူလမ်းမှ အဓိကတံတားတခုကို ဖောက်ခွဲပြီး ကျောက်ဖြူနှင့် ရခိုင်ပြည်မအကြား တခုတည်းသော ကုန်းလမ်းကြောင်းကို ဖျက်ဆီးလိုက်သည်။
ယခုအခါ စစ်ကောင်စီတပ်များသည် ကျောက်ဖြူသို့ လေကြောင်းနှင့် ရေကြောင်းဖြင့်သာ သွားရောက်နိုင်တော့သည်။
ULA ၏ ကြေညာချက်ထွက်လာပြီး သုံးရက်ကြာသောအခါ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ချန်ဟိုင်းက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် အမျိုးသားညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး ညှိနှိုင်းမှု ကော်မတီမှ အရာရှိများနှင့် တွေ့ဆုံသည်။ ၎င်းတို့သည် နယ်စပ်ဂိတ်များ စီမံခန့်ခွဲရေး၊ နယ်စပ်တလျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ဆွေးနွေးကြသည်။
AA သည် လွန်ခဲ့သောနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကြီးမားသောထိုးစစ် စတင်ပြီးနောက် ရခိုင်ပြည်နယ်တဝန်းနှင့် ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်မှ တပ်ရင်းဌာနချုပ်များ၊ ဗျူဟာစခန်းများ အပါအဝင် စစ်ကောင်စီစခန်း ၁၇၀ ခန့်ကို သိမ်းပိုက်ထားသည်။
AA သည် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တခုလုံး၊ ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုအနက် ခြောက်ခုနှင့် မသိမ်းပိုက်ရသေးသည့် မြို့နယ်များမှ မြို့ သုံးမြို့ကို သိမ်းပိုက်လိုက်သည်။ AA တပ်များသည် ရခိုင်ပြည်နယ် မြို့တော် စစ်တွေကို ဝိုင်းပတ်ထားပြီး ထိုမြို့သို့သွားသည့် လမ်းကိုလည်း ထိန်းချုပ်ထားသည်။
AA သည် စစ်ကောင်စီ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ကိုလည်း တိုက်ခိုက်နေသည်။
မကွေးတိုင်းမှ ရခိုင်ပြည်နယ်သို့ အဓိက အဝင်လမ်းဖြစ်သည့် အမ်း-မင်းဘူးလမ်းမှ အမ်း-ပဒါန် လမ်းပိုင်းကို ပိတ်ဆို့လိုက်ကြောင်း AA က ဧပြီလ ၂ ရက်နေ့တွင် ကြေညာသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Scrambling to Hang on to Pearl of Economic Partnership With China ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ရှိန်မြင့်နေချိန် ရခိုင်ရှိ တရုတ်ဆိပ်ကမ်းကို စစ်ကောင်စီ တွန်းလုပ်နေ
ရခိုင်အထူးစီးပွားရေးဇုန် တရုတ်အရှိန်မြှင့်လုပ်နေချိန် ကျောက်ဖြူကို စစ်ကောင်စီ ပိတ်ဆို့
မြန်မာနယ်စပ်အနီး တရုတ် စစ်ရေးလေ့ကျင့်
ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ
ရှမ်းမြောက်သာမက ရခိုင်မှာပါ အပစ်ရပ်ဖို့ တရုတ် ကြိုးစားနေ