ပထမဆုံးထုတ်လုပ်သည့် ကားဖြစ်ပြီး SU 7 ဟုခေါ်သော သွက်လက်လှပသည့် လျှပ်စစ်မော်တော်ယာဉ် အမှာစာ ၁ သိန်းကျော်ရရှိထားပြီး စတင်ပေးပို့နေကြောင်း တရုတ်စမတ်ဖုန်း ထုတ်လုပ်သည့်ကုမ္ပဏီ Xiaomi က ကြေညာသည်။
“Xiaomi ရဲ့ကား တရားဝင် မိတ်ဆက်ပွဲဖြစ်တဲ့ စမတ်ကားလောကရဲ့ တကယ့်တော်လှန်ရေးကို စတင်လိုက်ပြီး တရုတ်နိုင်ငံဟာ Tesla လို ကုမ္ပဏီကြီးတခု မွေးဖွားပေးမှာ သေချာပါတယ်” ဟု အမှုဆောင် အရာရှိချုပ်နှင့် တည်ထောင်သူ မစ္စတာ လိန်ကျွင်က ဘေဂျင်းတွင် ကျင်းပသည့် ပထမဆုံးအသုတ်ပေးပို့သော အခမ်းအနားတွင် ပြောသည်။
ပထမဆုံးအသုတ် ပေးပို့မှုများတွင် Xiaomi က ထုတ်လုပ်ပြီးဖြစ်သည့် အကန့်အသတ်ဖြင့် ထုတ်လုပ်သောကား ၅,၀၀၀ ပါဝင်ပြီး “Founder’s Edition” ဟု ခေါ်ကာ အစောပိုင်းဝယ်ယူသူများအတွက် အကူ ပစ္စည်းများ တပ်ဆင်ပေးထားသည်။
SU 7 (Speed Ultra 7) ကို လွန်ခဲ့သောအပတ်က စတင်မိတ်ဆက်ပြီးနောက် Xiaomi က ၎င်း၏ ကားများကို ဝယ်ယူသူများသည် အချိန် ၄ လမှ ၇ လအထိ စောင့်ရနိုင်ကြောင်း ပြောကြားသောကြောင့် ဝယ်လိုအားများသည့် လက္ခဏာဖြစ်သည်။
Xiaomi သည် SU 7 သည် စိတ်ဝင်စားမှု အခိုင်အမာ ဆွဲဆောင်နိုင်သောကြောင့် Xiaomi ရှယ်ယာများသည် ဧပြီလ ၂ ရက်နေ့တွင် တန်ဖိုး ၁၆ ရာခိုင်နှုန်းအထိ တက်သွားသည်။ ဧပြီလ ၃ ရက်နေ့ နံနက်တွင် ရောင်းချရသည့် ရှယ်ယာ ၃ ရာခိုင်နှုန်း ကျဆင်းပြီး Hang Seng Index တွင် ၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသည်။
ဧပြီလ ၂ ရက်နေ့ ဈေးအမြင့်ဆုံးအချိန်တွင် ရှယ်ယာ တခုလျှင် ဟောင်ကောင်ဒေါ်လာ ၁၇ ဒသမ ၃၄ နှုန်းဖြင့် Xiaomi ၏ တန်ဖိုးသည် ဒေါ်လာ ၅၅ ဘီလီယံရှိပြီး အမေရိကန် ကားထုတ်လုပ်ငန်းများဖြစ်သည့် General Motors (အမေရိကန်ဒေါ်လာ ၅၂ ဘီလီယံ) နှင့် Ford (အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံ) တို့ထက် ပိုမိုမြင့်မားသည်။
Xiaomi ၏ SU 7 သည် ထုတ်လုပ်သူ အများအပြားရှိသည့် တရုတ်လျှပ်စစ်ကား ဈေးကွက်သို့ အာရုံစိုက်မိလောက်စေသည့် ဈေးနှုန်းဖြင့် ဝင်ရောက်လာပြီး အခြေခံမော်ဒယ်မှာ ဒေါ်လာ ၃၀,၀၀၀ အောက်သာ ရှိသောကြောင့် တရုတ်မှ တက်စလာ၏ TSLA မိုဒယ် ၃ ထက် ဈေးသက်သာသည်။
ကမ္ဘာ့အကြီးမားဆုံး ကားဈေးကွက်သည် ပြင်းထန်သော လျှပ်စစ်ကားဈေးနှုန်း ယှဉ်ပြိုင်မှုနှင့် ဝယ်လိုအား နှေးကွေးခြင်းကြောင့် အသစ်ဝင်ရောက်လာသူများအတွက် စိန်ခေါ်မှု များသော်လည်း Xiaomi သည် လျှပ်စစ် မော်တော်ယာဉ် လုပ်ငန်းသစ် အများစုထက် ငွေကြေးပိုမိုတတ်နိုင်ပြီး ၎င်း၏ စမတ်ဖုန်း ကျွမ်းကျင်မှုကြောင့် တရုတ်မှ သုံးစွဲသူများ တန်ဖိုးထားသောယာဉ် မောင်းနှင်မှုပြသသည့် ဒိုင်ခွက်များသည် တပမ်းသာမည်ဖြစ်ကြောင်း သုတေသီများက ပြောသည်။
ထိုကုမ္ပဏီသည် ၎င်း၏ဝင်ငွေ ဒေါ်လာ ၃၇ ဒသမ ၅ ဘီလီယံ၏ အများစုကို စမတ်ဖုန်းရောင်းချရာမှ ရသည်။
SU 7 ကို စတင်မိတ်ဆက်ခြင်းသည် မစ္စတာ လိန်၏ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးလိုက်ခြင်းပင် ဖြစ်သည်။ Xiaomi သည် လျှပ်စစ်ကားလောကသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်တွင် ကြေညာပြီး မစ္စတာ လိန်၏ ဘဝတွင် နောက်ဆုံးအဓိက လုပ်ငန်းစီမံကိန်းအဖြစ် ကားလုပ်ငန်းသို့ ဒေါ်လာ ၁၀ ဘီလီယံ မြှုပ်နှံရန် ကတိပြုခဲ့သည်။
ကိုးကား ။ ။ Reuters သတင်း Chinese smartphone maker Xiaomi starts delivering the first of more than 100,000 EVs ordered
You may also like these stories:
မင်းအောင်လှိုင်၏ လျှပ်စစ်ကား အိပ်မက်
လျှပ်စစ်ကား ထုတ်လုပ်ရေးမှာ တရုတ်နောက် အမေရိကန် ပြတ်ကျန်
လျှပ်စစ်ကား ရှေ့ပြေးမော်ဒယ်ကို ထုတ်ဖော်ပြသလိုက်တဲ့ Sony
လျှပ်စစ်ကားနဲ့ ၃ နှစ်ကြာအောင် ကမ္ဘာပတ်ခဲ့တဲ့ ဒတ်ချ်လူမျိုးရဲ့ ခရီးစဉ် ပြီဆုံး