ဧရာဝတီတိုင်း ဖျာပုံထောင် ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ်မှ နိုင်ငံရေးအကျဉ်းသား ၇ ဦးနှင့် အကျဉ်းသား ၁၁ ဦးမှာ ဆေး ကုသခွင့် မရသည့်အပြင် ထောင်ပြေးမှု ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့် ထပ်တိုးပြစ်ဒဏ် ၆ လ ချမှတ်ခံရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။
ပြီးခဲ့သည့် မတ် ၃၁ ရက်က ထောင်ဝန်ထမ်းတဦးမှ နိုင်ငံရေးအကျဉ်းသား (နိုင်/ကျဉ်း) တဦးအပေါ် ဆဲဆိုရိုက်နှက် ခြင်းကို လက်မခံကြောင်း နိုင်/ကျဉ်းများမှ ဦးဆောင်၍ ကန့်ကွက်ပြောဆိုခဲ့ရာ ထောင်ဝန်ထမ်းများနှင့် အငြင်းပွားကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်သည်ကို ထောင်ဝန်ထမ်းများက အကျဉ်းသားများ ထောင်ဖောက်ရန် ကြိုးပမ်းနေသည် ဆိုကာ စစ်ကားနှင့် ရဲကား ၃ စီး ရောက်လာပြီး ပစ်ခတ်ဖြိုခွင်းခဲ့သည်။
ထောင်အာဏာပိုင်များသည် ဖြစ်စဉ်အပေါ် ကောင်းမွန်စွာ မဖြေရှင်းဘဲ ထောင်ဖောက်ရန် ကြံသည်ဟု သတင်းအမှား ပေးပို့ခဲ့ခြင်းသာဖြစ်ပြီး အမှန်တကယ်လုပ်ခဲ့ခြင်းမရှိကြောင်း တိကျခိုင်မာသည့် အထောက်အထားများကို ရယူထားကြောင်း PPNM က ထုတ်ပြန်ထားသည်။
အဆိုပါ ဖြိုခွင်းမှုအတွင်း နိုင်/ကျဉ်းများ အပါအဝင် အကျဉ်းသား ၈၀ ကျော်ထိ ရိုက်နှက်စစ်ဆေးခံခဲ့ရပြီး နိုင်/ကျဉ်းများ ဖြစ်သည့် ကိုနန်းလင်းအောင်၊ ကိုဗညားအောင်၊ ကိုအောင်အောင်ဦး၊ ကိုဝေယံဦး၊ ကိုရှိုင်းညီညီ၊ ဦးစိုး၊ ကိုသုတဇံနှင့် ရာဇဝတ်မှုဖြင့် ထောင်ကျနေသူ ကိုအောင်ကြီးတို့ အပါအဝင် ၁၈ ဦးကို ထောင်စည်းကမ်းဥပဒေ ပုဒ်မ-၂၂၄ ဖြင့် စွဲချက်တင်ကာ ထောင်ဒဏ် ၆ လစီ ချလိုက်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို စီရင်ချက်ချသူမှာ ဖျာပုံမြို့နယ်တရားသူကြီး ဒေါ်ဇင်မာလွင် ဖြစ်ကြောင်း သိရသည်။
PPNM မှ ကိုသိုက်ထွန်းဦးက “ထပ်တိုးလိုက်တဲ့သူကတော့ ၁၈ ဦး။ အပြင်းအထန် ဒဏ်ရာရတဲ့သူ အယောက် ၂၀ ရှိတယ်။ ဒီထဲက ၃ ဦးကတော့ စိုးရိမ်ရတယ်။ ထောင်ဒဏ်တိုးခံရတဲ့သူထဲမှာ တရားရုံးက အမိန့်မချရသေးတဲ့သူတွေ၊ အမှုရင်ဆိုင်နေဆဲသူတွေလည်း ပါပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ထပ်တိုးပြစ်ဒဏ်ချမှတ်ခံရသူ ၁၈ ဦး အပါအဝင် လူ ၂၀ ခန့်မှာ ဒဏ်ရာပြင်းထန်လျက်ရှိပြီး တိုက်ပိတ်ခံ ထားရကြောင်းလည်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
အကျဉ်းထောင်နှင့် နီးစပ်သူတဦးက “ဒဏ်ရာတွေက တော်တော်ဆိုးတယ်။ ခေါင်းကွဲသွားတဲ့သူတွေ၊ ရိုက်နှက်ခံရလို့ ခြေထောက်တွေ ရောင်ကိုင်းပြီး သုံးဆလောက်ကြီးသွားတဲ့သူတွေ၊ နောက်ပြီး တိုက်ပိတ်ခံထားရတဲ့အခန်းထဲမှာ ၃ ယောက်တတွဲ ၊ ၄ ယောက်တတွဲနဲ့ ထားထားတာ။ ထောင်ကလည်း ၄၀၀ ကျော်လောက်လေး ဆံ့တဲ့ထောင်ပဲ။ အရေးပေါ်ကုသမှုကလွဲလို့ ဘာမှထပ်မကုပေးဘူး” ဟု ပြောသည်။
ဖျာပုံထောင်တွင်း စစ်သားနှင့်ရဲများ လုံခြုံရေးယူထားဆဲဖြစ်ပြီး အကျဉ်းသားများကို ရိုက်နှက်မှု၌ ဖျာပုံထောင် တာဝန်ခံ အရာရှိ ဇော်ထွန်းဦး၊ ဒုတိယတာဝန်ခံအရာရှိ အောင်ဆန်းလင်း၊ လက်ထောက်ကြီးကြပ်ရေးမှူး ကျော်ထက်အောင်၊ ပြည့်ဖြိုးထိုက်၊ ရဲမြင့်နှင့် ဟိန်းထက်အောင်ဆိုသူတို့ အဓိက ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များ ကွန်ရက် (PPNM) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဧပြီ ၃ ရက်ထိ စာရင်းများအရ အာဏာသိမ်း ကာလအတွင်း ဖမ်းဆီးခံခဲ့ရသူ ၂၆,၄၇၇ ဦးရှိပြီး ထိုထဲမှ ၂၀,၃၀၄ ဦးမှာ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။
You may also like these stories:
လျှို့ဝှက်သော ထောင်တိုးချဲ့မှုများ ဂြိုဟ်တုမှ တွေ့ရ
ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ
ကျိုက်မရောထောင်မှ နိုင်/ကျဉ်း ၄၇ ဦး အစာငတ်ခံဆန္ဒပြ