တိုက်ပွဲများ မကြာမီက ပြန်လည် ဖြစ်ပွားလာသည့် ရခိုင်ပြည်နယ်တွင် မြေပြင်အခြေအနေ တည်ငြိမ်ရေးအတွက် အပြုသဘော ဆက်လက် ပါဝင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ဧပြီလ ၄ ရက်နေ့တွင် ကတိပြုသည်။
ဧပြီလ ၄ ရက် နယူးယောက်တွင် ကျင်းပသော မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ် ဒုတိယ အမြဲတမ်းကိုယ်စားလှယ် မစ္စတာ ဂန်ရွှမ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲနှင့် ပတ်သက်သည့် တရုတ်၏ ရပ်တည်ချက်ကို ပြောသည်။
“မြန်မာရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံ တနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ ရခိုင်ပြည်နယ်က ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေတယ်” ဟု မစ္စတာ ဂန်က ပြောပြီး “လမ်းကြောင်း အများအပြားမှတဆင့် ငြိမ်းချမ်းရေးကို အားပေးရန်” တရုတ်၏ အားထုတ် လုပ်ကိုင်မှုကို မီးမောင်းထိုးပြသည်။
ယခုအချိန်တွင် တရုတ်ကိုယ်စားလှယ် အဖွဲ့တဖွဲ့သည် မြန်မာတွင် ကြားဝင်စေ့စပ်ရန်နှင့် ဆက်သွယ်ရန် ရောက်ရှိနေပြီး ထိုပဋိပက္ခဖြေရှင်းရေးအတွက် တရုတ်နိုင်ငံ၏ ကြိုတင် ပြင်ဆင်လုပ်ကိုင်သည့် နည်းလမ်းကို ပြသနေသည်ဟု ၎င်းကပြောသည်။
မစ္စတာ ဂန်ရွှမ်၏ ရည်ညွှန်းမှုသည် ဧပြီလ ၁ ရက်နေ့က နေပြည်တော်သို့ ရောက်လာပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ဖြစ်မည်။
တိန့်ရှီကျွင်းခရီးစဉ်အပြီး ဧပြီ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် တရုတ်စစ်တပ် တောင်ပိုင်းစစ်ဒေသက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာနှင့် မကြာသေးမီက သိမ်းပိုက်ထိန်းချုပ်လိုက်သည့် လွယ်ဂျယ်မြို့တို့နှင့် ထိစပ်နေသည့် တရုတ်နိုင်ငံ ရင်ကျန်နှင့် လုံချွမ်ခရိုင်တို့တွင် စစ်ရေးလေ့ကျင့်သည်။
ယင်းသည် ကချင်တို့၏ ထိုးစစ်ကို ဖိအားပေး ခြိမ်းခြောက်သလို ဖြစ်သည်။
တရုတ်၏ အရေးတယူလုပ်လာမှုသည် ရက္ခိုင့်တပ်တော်(AA)၏ ထိုးစစ်ဆင်မှုကြောင့် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက တပ်ရင်းဌာနချုပ်များနှင့် ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ရမ်းဗြဲမြို့တို့အား လက်လွတ်ခဲ့ရသည့်အပြင် တရုတ်စီမံကိန်းများရှိရာ ကျောက် ဖြူနှင့်မဒေးကျွန်းသည်လည်း လမ်းကြောင်းများ ပိတ်ဆို့ထိန်းချုပ်ခံထားရချိန်နှင့် တိုက်ဆိုင်နေသည်။
တရုတ်က ဖိအားပေး၍ ရှမ်းမြောက်စစ်ဆင်ရေး ရပ်သွားသောကြောင့် ယခု ရခိုင်နှင့် ကချင်တွင်လည်း အလားတူ ရပ်သွားနိုင်မည်လား မေးခွန်းထုတ်လာနေကြသည်။
You may also like these stories:
တရုတ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဆုံးရှုံးရန် စစ်ကောင်စီ အပြင်းအထန် ကြိုးစားနေ
တရုတ်က ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအရေး စစ်ကောင်စီကို စည်းရုံးနေ
စစ်ရှိန်မြင့်နေချိန် ရခိုင်ရှိ တရုတ်ဆိပ်ကမ်းကို စစ်ကောင်စီ တွန်းလုပ်နေ
ရခိုင်အထူးစီးပွားရေးဇုန် တရုတ်အရှိန်မြှင့်လုပ်နေချိန် ကျောက်ဖြူကို စစ်ကောင်စီ ပိတ်ဆို့
ဒေါ်လာ ၈ ဘီလီယံကျော်တန် ကျောက်ဖြူစီမံကိန်းဖြင့် စစ်ကောင်စီက တရုတ်ကို အချိုသတ်