ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)က ဖာပွန်မြို့နှင့် အနီးတဝိုက်ရှိ တပ်ရင်းများကို ထိုးစစ်ဆင်နေ ရာ ပြီးခဲ့သောမတ်လအတွင်း တိုက်ပွဲကြီးငယ် ၉၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဗိုလ်ကြီး ၂ ဦးအပါအဝင် ၄၂ ဦး သေဆုံးကြောင်း KNU တပ်မဟာ ၅ က ဧပြီ၂ရက်၌ ထုတ်ပြန်ထားသည်။
ဖာပွန်မြို့တောင်ဘက်ရှိ စစ်ဗျူဟာအခြေချ (စဗခ) (၁) ရတခ လက်အောက်ခံ တပ်ရင်းများရှိရာ မယ်တရိုး၊ ဝေမှုံ၊ တံခွန်တိုင်နှင့် ဝေဆာ စသည်တို့ကို ဆက်သွယ်ထားသည့် လမ်းများကို KNLA နှင့် ပူးပေါင်းတပ်များက မတ်လ ၁၉ ရက် မှစ၍ ဝိုင်းရံပိတ်ဆို့ ထိုးစစ်ဆင်ခဲ့ရာ ၁၀ ရက်ကျော်အကြာ မတ်လ ၃၀ရက်၌ ဖာပွန်အခြေစိုက် အမှတ် ၁၉ ခြေလျင်တပ်ရင်းနှင့် စစ်လက်နက်ပစ္စည်းတပ်ရင်း (စစန) ၆၄၂ တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။
လက်ရှိတွင် KNLA ပူးပေါင်းတပ်များသည် ဖာပွန်မြို့အနီးရှိ အခြေချဗျူဟာကုန်းနှင့် ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ ၃၄၀၊ ခမရ ၃၄၁ တပ်ရင်းများကို ထိုးစစ်ဆင်နေပြီး ယင်းအခြေချဗျူဟာကို သိမ်းနိုင်လျှင် မြို့နယ်အတွင်းရှိ လက်ကျန် စခန်းများမှာ အလွယ်တကူ သိမ်းပိုက်နိုင်သည့် အခြေအနေဖြစ်ကြောင်း KNU တပ်မဟာ ၅ ရှေ့တန်း သတင်းအရင်း အမြစ်က ပြောသည်။
၎င်းက “စခန်းတွေက သံလွင်မြစ်နားမှာ တခု။ ဟိုအပေါ်ဘက်မှာတော့ စခန်းတွေ ရှိသေးတယ်။ ဒါပေမယ့် ရှိနေတဲ့ စခန်းတွေက မလှုပ်ရှားတော့ဘူး။ သူတို့စခန်းထဲမှာပဲ နေတယ်။ အခု အဓိက အရေးပါတာက ဗျူဟာကုန်းပဲ၊ ဗျူဟာ ကုန်းရှိနေရင် တပ်မဟာ ၅ ထဲက စခန်းသေးတွေက အကုန်လုံး အသက်ရှင်လို့ ရတယ်လေ။ ဗျူဟာ ကုန်းမရှိရင် သူတို့ အတွက် ရပ်တည်လို့ မရတော့ဘူးပေါ့” ဟု ပြောသည်။
ဖာပွန်မြို့နှင့် ကမမောင်းမြို့အနီးရှိ တပ်စခန်းအနည်းငယ်အပါအဝင် မြို့နယ်တခုလုံး၌ စစ်တပ်စခန်း ၃၀ ကျော် ရှိသေး သည်ဟု ၎င်းက ပြောသည်။
ယခုအခါ ဖာပွန်မြို့နှင့်၂ မိုင်ခန့်ကွာ ဗျူဟာကုန်းနှင့် လက်ကျန်တပ်ရင်းများ ဖြစ်သည့် ခမရ ၃၄၀၊ ခမရ ၃၄၁ ကို ဆက် လက် ထိုးစစ်ဆင်မည့်သတင်း ထွက်နေပြီး အဆိုပါ စစ်တပ်များနှင့် တမိုင်ခန့်ဝေးသည့် တံခွန်တိုင်ရွာတွင် စစ်ရှောင် ပိတ်မိနေကြောင်း သိရသည်။
“တံခွန်တိုင်ရွာက ၃၄၁ တို့ ၄၃၀ တပ်တွေရဲ့ အကျော်လေးနားမှာပဲ။ တမိုင်တောင်မဝေးဘူး။ တံခွန်တိုင်ရွာ ဘုန်းကြီး ကျောင်းမှာ ရွာခံတချို့ စုဝေးကျန်နေသေးတာ ။ တောလမ်းကနေ ဘုန်းကြီးက ပို့ပေးဖို့ လမ်းပွင့်တာကိုစောင့်နေတယ်။ လမ်းကတော့ ဘယ်တပ်တွေဘက်က ပိတ်ထားတာလဲတော့ မသိရဘူး၊ စိတ်ပူတယ်”ဟု ဖာပွန်မြို့ခံ အမျိုးသားကြီး တဦးက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဖာပွန် အခြေချဗျူဟာကုန်း၊ ခမရ ၃၄၀ ၊ ခမရ ၃၄၁ ၊ ခမရ ၄၃၄ တပ်ရင်းများ အနီးတစ်ဝိုက်၌ မဲသလွတ်၊ ဝေနောင်၊ တံခွန်တိုင်၊ ဝေမှုံ၊ ဝေဆန်၊ ကူးဆိပ်၊ ငါးအိမ်စု ၊ မတ်ထော ကျေးရွာများရှိပြီး တံခွန်တိုင် ကျေးရွာဘုန်းကြီး ကျောင်း၌သာ ဒေသလံတချို့ ကျန်နေခြင်းဖြစ်သည်။
ဖာပွန်မြို့ကို ပူးပေါင်းတပ်များက ပြီးခဲ့ပြီး မတ်လနောက်ဆုံးပတ်အတွင်း ထိန်းချုပ်နိုင်ခဲ့ပြီး ဖာပွန်မြို့နယ်တစ်ခုလုံးကို အလုံးစုံ သိမ်းပိုက်နိုင်ရန် လက်ကျန်စစ်တပ်များကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
တောင်ပိုင်းတိုင်းစစ်ဒေသတွင်းရှိ KNU တပ်မဟာ ၅ နယ်မြေအတွင်း၌ နယ်မြေများ ပိုမို စိုးမိုးထိန်းချုပ်လာနိုင် သည့် အတွက် အခြားနေရာများအဖို့လည်း စစ်ရေး အားသာချက်နှင့် မျှော်လင့်ချက်များတိုးပွားစေသည်ဟု ကာကွယ် ရေး တပ်ဖွဲ့ဝင်များကပြောသည်။
KNU တပ်မဟာ ၆ ကော့ကရိတ်မြို့နယ်အတွင်းတိုက်ပွဲဝင်နေသည့် တောင်ပိုင်းတိုင်းစစ်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုမျိုးသူရကိုကို က “ဒီဖာပွန်တိုက်ပွဲနဲ့ ပတ်သက်လို့ ကျွန်တော်တို့အများကြီးမျှော်လင့်တယ်။ တပ်မဟာ ၅ က ဒီလိုမျိုး ဖာပွန်မြို့ကို ရရှိလိုက်တဲ့အတွက် အများကြီးမျှော်လင့်ချက်ဖြစ်စေတယ်။ တောင်ပိုင်းရဲ့အင်အားတခု အနေနဲ့ရှိနိုင်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့အတွက်လည်း စစ်ဗျူဟာအရ အချက်အချာကျတဲ့လမ်းတွေကို ပွင့်သွားနိုင်တဲ့ အခြေအနေရှိတယ် “ဟု ပြောသည်။
ဖာပွန်တွင်စစ်ရေးအားကောင်းနေပြီး မြို့ပေါ်အထိ နယ်မြေထိန်းချုပ်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ KNU တပ်မဟာ ၅ ဘက်မှ သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် စီစဉ်နေသည်ဟု နီးစပ်သူများထံက သိရသည်။
ဖာပွန်မြို့နယ်သည် အရှေ့ဘက်တွင် သံလွင်မြစ်၊ ထိုင်းနိုင်ငံနှင့် လှိုင်းဘွဲမြို့နယ်တို့နှင့် ထိစပ်နေပြီး တောင်ဘက်တွင် ဘားအံ၊ ဘီးလင်း၊ အနောက်ဘက်တွင် ကျောက်ကြီး၊ ရွှေကျင်၊ မြောက်ဘက်တွင် သံတောင်ကြီး၊ ဖားဆောင်းမြို့နယ် များနှင့် နယ်နိမိတ်ထိစပ်နေသည်။
နယ်နိမိတ်ထိစပ်မှုအရ ကုန်လမ်း၊ ရေလမ်း ဆက်သွယ်ရေးလမ်းကြောင်းများစွာရှိပြီး အင်္ဂလိပ်အစိုးရ လက်ထက်၌ ဖာပွန်မြို့ကို သံလွင်ခရိုင်ရုံးစိုက်ရာ မြို့အဖြစ် သတ်မှတ်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ၁၉၄၉ ခုနှစ် မေလ ၆ ရက် မှ ၁၉၅၅ မတ်လ ၂၆ ရက်အထိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) က အုပ်စိုးခဲ့သည်။
ဖာပွန်သည် ကရင့်တော်လှန်ရေးသမိုင်းကြောင်းတွင် အဓိကမြို့နယ်တခုဖြစ်ပြီး အာဏာသိမ်းကာလအတွင်း KNU တပ်မဟာများထဲတွင် တိုက်ပွဲအများဆုံးဖြစ်ပွားရာ တပ်မဟာတခု ဖြစ်သည်။ အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် တိုက်ပွဲပေါင်း ၂၆၉၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်၌ တိုက်ပွဲပေါင်း ၂၇၃၇ ကြိမ်နှင့် ၂၀၂၃ ခုနှစ်တွင် တိုက်ပွဲပေါင်း ၁၈၅၇ ကြိမ် ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း အရာရှိများ အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅၀၀ ကျော်အထိ သေဆုံးခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
အာဏာသိမ်း ၃ နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း ၇၂၀၀ ကျော်ဆင်နွှဲခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကို ရှင်းလင်းနိုင်ခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်၌ ကျရောက်သည့် ၇၅ နှစ်မြောက် ကရင့်အမျိုးသား တော်လှန် ရေးနေ့ စိန်ရတုအခမ်းအနားကို တပ်မဟာ ၅ နယ်မြေအတွင်း၌ ကျင်းပနိုင်ခဲ့သည်။
ထိုအခမ်းအနား၌ အမှတ်၅ တပ်မဟာမှူး ဗိုလ်ချုပ် စောဂွီနွီးက နှစ်စဉ်နှစ်တိုင်း ကရင်တော်လှန်ရေးထပ်တိုးသည့်နေ့ကို ဂုဏ်ပြုခြင်းသက်သက်သာ မဟုတ်တော့ဘဲ များမကြာမီ လွတ်လပ်သည့်နေ့အဖြစ် အစားထိုး သွားမည်ဟု ပြောကြားခဲ့ သည်။
You may also like these stories:
ဖာပွန် ခလရ ၁၉ နှင့် စစန ၆၄၂ တို့ကို KNU သိမ်းပိုက်
ဖာပွန်မြို့ ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး စစ်ရှောင် ၈ ဦး သေဆုံး
ဖာပွန်မြို့ကို KNLA နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်