ထိုင်းနှင့် အခြားနိုင်ငံများအတွက် ကြီးမားလာသည့် ခြိမ်းခြောက်မှုဖြစ်သော မြန်မာနယ်စပ်ဘက်မှ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် ကတိကို လေးစားလိုက်နာရန် အစိုးရ ပျက်ကွက်သည်ဟု အတိုက်အခံ ရှေ့သို့ချီပါတီ (MFP) က စွပ်စွဲလိုက်သည်။
ထိုင်းအစိုးရအဖွဲ့ မဟာမိတ်ဖွဲ့ထားသည့် ပါတီတခုသည် မြန်မာမှ ကာစီနိုများ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်နေသည့် သြဇာကြီးမားသော ခေါင်းဆောင်အချို့နှင့် နီးကပ်သော ဆက်ဆံရေးရှိသောကြောင့် အစိုးရသည် ထိုပြဿနာကို မသိကျိုးကျွံပြုနေသည်ဆိုသည့် ခန့်မှန်းပြောဆိုမှုများ ဖြစ်စေကြောင်း MFP ပါတီ ပါလီမန်ကိုယ်စားလှယ် မစ္စတာ ရမ်ဆီမန် ရုမ်းက ပြောသည်။
“ဒီကိစ္စက အစိုးရဟာ လုပ်ငန်းစွမ်းဆောင်ရည် ကင်းမဲ့တယ်ဆိုတဲ့ အချက်ကိုတောင် ဖြစ်စေတယ်” ဟု မစ္စတာ ရမ်ဆီမန်က ကြာသပတေးနေ့ အောက်လွှတ်တော်တွင် အစိုးရနှင့်ပတ်သက်သည့် အထွေထွေ ဆွေးနွေးမှုအတွင်း ပြောသည်။
၂၀၂၀ ပြည့်နှစ်က နိုင်ငံတွင် လိမ်လည် ဆက်သွယ်မှုပေါင်း ၁ ဒသမ ၇ သန်းကျော် ဖြစ်ခဲ့ကြောင်း ၎င်းကပြောသည်။ ထိုအရေအတွက်သည် ၂၀၂၂ ခုနှစ်တွင် ၁၀ ဆတိုးပြီး ၁၇ သန်းအထိ ဖြစ်လာသည်။ အွန်လိုင်း ငွေကြေးလိမ်လည်မှုများကြောင့် ထိုင်းဘတ်ငွေ ၄၀ ဘီလီယံ အနည်းဆုံး ဆုံးရှုံးပြီး ထိုပမာဏသည် ဝန်ကြီးဌာနအချို့၏ အသုံးစရိတ်ထက်ပင် ပိုမိုများပြားကြောင်းလည်း ပြောသည်။
ထိုင်းနယ်စပ် မဲဆောက်မြို့မြောက်ဘက် မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်သည် အွန်လိုင်းလောင်းကစား၊ အွန်လိုင်း ငွေကြေးလိမ်လည်မှုနှင့် လူကုန်ကူးမှု အချက်အချာနေရာအဖြစ် ကျော်ကြားကြောင်း မစ္စတာ ရမ်ဆီမန်က ပြောသည်။
Myawaddy Complex ကို အစိုးရနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် ထိုင်းရဲဗိုလ်ချုပ်ဟောင်းတဦးက ပိုင်ဆိုင်သည်ဟု ၎င်းကပြောသည်။
Sky Complex ဟု ခေါ်သည့် ကာစီနိုလောင်းကစားရုံကို အခြား ရဲအရာရှိဟောင်းတဦးက ပိုင်ဆိုင်ပြီး Eastern Complex ကာစီနိုကို ငွေလိမ်ဂိုဏ်းတခုက ပိုင်ဆိုင်ကြောင်း မစ္စတာ ရမ်ဆီမန်က ပြောသည်။
နောက်ထပ် ကာစီနိုတခုကို ထိုင်းကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဟောင်းက ပိုင်ဆိုင်ကြောင်းလည်း ၎င်းက ပြောသည်။
“မြဝတီကိစ္စ ကိုင်တွယ်ရာမှာ ဒီလူတွေက အတားအဆီးတွေ ဖြစ်နေတာလား” ဟု ၎င်းကမေးသည်။
ပြင်းထန်သော ဖြိုခွဲမှုများသည် အစိုးရ အဆင့်မြင့်အရာရှိများနှင့် ရာဇဝတ်ကွန်ရက်များအကြား အဆက်အသွယ်ကို ဖော်ထုတ်လိုက်မည်ကို စိုးရိမ်သောကြောင့် ထိုငွေလိမ်ဂိုဏ်းများကို အရေးယူရန်တာဝန်ကို ထိုင်းအစိုးရက လျစ်လျူရှုနေခြင်းလားဟု မစ္စတာ ရမ်ဆီမန်က မေးသည်။
“နယ်စပ်တဖက်က ဒီရာဇဝတ်လုပ်ငန်းတွေကို အထောက်အပံ့ ပေးရာမှာသုံးဖို့ အင်တာနက်နဲ့ ဖုန်းအဆက်အသွယ်တွေကို ကျနော်တို့ ထိုင်းနိုင်ငံက ခွင့်ပြုထားဆဲဖြစ်ပြီး ဒါတွေကို ရပ်တန့်ဖို့ ဘာအလေးအနက် အရေးယူမှုမှ မရှိဘူး” ဟု ၎င်းက ပြောသည်။
ထိုဂိုဏ်းများကို တိုက်ဖျက်ရန် အစိုးရအနေဖြင့် တရုတ်နှင့် မြန်မာစစ်ကောင်စီအကြား ညှိနှိုင်းမှုပုံစံမျိုးကို ကျင့်သုံးသင့်ကြောင်း မစ္စတာ ရမ်ဆီမန်က ပြောသည်။
ကိုးကား ။ ။ Bangkok Post သတင်း Move Forward Party demands action on call centre gangs
You may also like these stories:
အွန်လိုင်း ငွေလိမ်မှုများ ပူးတွဲတိုက်ဖျက်ရန် တရုတ်နှင့် ထိုင်းကို KNU ကမ်းလှမ်း
ကျောက်ခက် အွန်လိုင်းငွေလိမ်ဂိုဏ်းထဲက ယူဂန်ဒါနိုင်ငံသား ၂၃ ဦး ပြန်လွတ် (ရုပ်/သံ)
ရန်ကုန်မြို့ပြထိ ကျယ်ပြန့်လာတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းများ
နယ်စပ်မှ ဆိုက်ဘာရာဇဝတ်ဂိုဏ်းများကို ဖြိုခွဲရန် ထိုင်းက မြန်မာကို အကူအညီတောင်း