မလေးရှား Axiata ၏ လုပ်ငန်းခွဲဖြစ်သော Edotco က မြန်မာရှိ ၎င်းပိုင် ရှယ်ယာ ၈၇ ဒသမ ၅ ရာခိုင်နှုန်းကို ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတခုဖြစ်သည့် Yoma Strategic Holdings သို့ ပြန်လည် ရောင်းချမည်ဖြစ်ကြောင်း ထိုကိစ္စကို သိသူများကိုးကားပြီး Capacity အွန်လိုင်းသတင်းက ပြောသည်။
Axiata က အမေရိကန် ဒေါ်လာသန်း ၁၅၀ တန်ဖိုးရှိသည့် ရောင်းချမှုကို သဘောတူကြောင်း မလေးရှား စတော့အိတ်ချိန်းတွင် ကြေညာသော်လည်း ဝယ်ယူသူ မည်သူဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
Yoma Strategic Holdings (Yoma) သည် အမည်မဲ့ ဝယ်ယူသူဖြစ်ကြောင်း မြန်မာဆက်သွယ်ရေး တာဝါတိုင်လုပ်ငန်းအတွင်း လုပ်ကိုင်နေသည့် ရင်းမြစ် နှစ်ခုက Capacity သတင်းသို့ပြောပြီး တရားဝင်ကြေညာမှု မကြာမီ ပြုလုပ်မည်ဟု မျှော်လင့်ကြောင်း ရင်းမြစ်တခုက ပြောသည်။
“ဝယ်ယူသူရဲ့ တောင်းဆိုချက်ကြောင့် ကျနော်တို့ဟာ အသေးစိတ်တွေကို ထုတ်မပြောနိုင်ပါဘူး” ဟု Edotco က Capacity သတင်းဌာနသို့ ပြောသည်။
“ဒါပေမယ့် ဝယ်ယူသူဟာ ပြည်တွင်းက ထင်ရှားတဲ့ လုပ်ငန်းစုကြီးတခု ဖြစ်တယ်ဆိုတာကို ကျနော်တို့ အတည်ပြုနိုင်ပါတယ်။ အချိန်တန်တဲ့အခါ မီဒီယာ သတင်းထုတ်ပြန်ချက် ထုတ်ပြန်မှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းကပြောသည်။
ယခု သတင်းထုတ်ပြန်သည့်အချိန်အထိ ဆက်သွယ်မေးမြန်းမှုကို Yoma က တုံ့ပြန်ခြင်း မရှိသေးပေ။
Edotco သည် Digicel Myanmar Tower Company (MTC) ၏ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ဝယ်ယူပြီး ၂၀၁၄ ခုနှစ်တွင် မြန်မာဈေးကွက်သို့ ဝင်ရောက်ခဲ့သည်။ ထိုလုပ်ငန်း၏ ကျန်ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို Yoma က ရယူသည်။ Yoma သည် MTC တွင် ယခင်ကပင် ရင်းနှီးမြှုပ်နှံထားသူ ဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် Yoma သည် ၎င်း၏ရှယ်ယာ ၁၂ ဒသမ ၅ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၂၅ သန်းဖြင့် Edotco သို့ရောင်းချပြီး ကျန် ၁၂ ဒသမ ၅ ရာခိုင်နှုန်းကို ဂျပန်မှ Sojitz Corporation သို့ အမေရိကန် ဒေါ်လာ ၅၇ ဒသမ ၅ သန်းဖြင့် ၂၀၁၉ ခုနှစ်တွင် ရောင်းသည်။
Edotco က ၂၀၁၅ ခုနှစ်တွင် ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ဝယ်ယူစဉ် MTC ၏ လုပ်ငန်းတန်ဖိုး အမေရိကန် ဒေါ်လာ ၂၂၁ သန်းတန်သည်ဟု တန်ဖိုးဖြတ်သည်။
“မြန်မာမှ ပျက်စီးယိုယွင်းနေသော မက်ခရိုစီးပွားရေးနှင့် လုပ်ငန်းလည်ပတ်ရေး ပတ်ဝန်းကျင်ကြောင့် မြန်မာမှ ထွက်ခွာရန် ဆုံးဖြတ်ချက်ချခြင်း ဖြစ်သည်” ဟု Axiata က ကြေညာချက်တစောင်တွင် ဖော်ပြသည်။
“ခိုင်မာသော ငွေးပေးငွေယူရှင်းတမ်းကို ထိန်းသိမ်းထားရန်၊ ရှယ်ယာရှင်များအတွက် တန်ဖိုးမြှင့်တင်ရန် Axiata ၏ ကတိကဝတ်နှင့် ကိုက်ညီသော မြန်မာမှ ထိုအဆိုပြု ရင်းနှီးမြှုပ်နှံမှုမှငွေကို အကြွေးလျှော့ချရန်အတွက် အသုံးပြုမည်ဖြစ်သည်” ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
တချိန်က မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဆွဲဆောင်မှုအရှိဆုံး ကျေးလက် ဆက်သွယ်ရေး ဈေးကွက်များအနက် တခုဖြစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်များနှင့် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံခြားငွေရင်းနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများ အလုံးအရင်း ဝင်ရောက်လာခဲ့သည်။
သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုသည် အခြေအနေကို ပြောင်းပြန်ဖြစ်စေပြီး Ooredoo နှင့် Telenor တို့သည် ၎င်းတို့ လည်ပတ်နေသည့် ကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံထားသည့် ငွေပမာဏအောက် ဈေးလျှော့ရောင်းချခဲ့ကြသည်။
Edotco သည် ပုဂ္ဂလိက ရောင်းချမှုလုပ်ရန် သို့မဟုတ် မိခင် ကုမ္ပဏီ Axiata နှင့်အတူ သီးခြား စတော့အိတ်ချိန်း မှတ်ပုံတင်ရန် စဉ်းစားနေသည်ဆိုသည့် သတင်းများ မကြာသေးမီနှစ်များတွင် ထွက်ပေါ်လာသည်။
ထို နှစ်ခုအနက် မည်သည်ကို လုပ်ဆောင်သည်ဖြစ်စေ စိန်ခေါ်မှုများသည့် စီးပွားရေးနှင့် ပထဝီနိုင်ငံရေး အခြေအနေကြောင့် မြန်မာမှ လုပ်ငန်းသည် တန်ဖိုးများ ကျဆင်းနိုင်၊ ဆုံးရှုံးနိုင်ခြေများလွန်းသည်ဟု ဝေဖန်သုံးသပ်သူများက ပြောသည်။
Axiata ၏ ၂၀၂၃ ခုနှစ် စတုတ္ထ သုံးလပတ် စာရင်းများအရ Edotco သည် မြန်မာတာဝါတိုင်လုပ်ငန်းကို ရောင်းချရန် မျှော်လင့်နေကြောင်း ဖော်ပြထားပြီး မြန်မာမှ ၎င်းတို့ပိုင် တာဝါ ၂,၁၂၈ ခုတွင် ငှားရန်းအသုံးပြုမှု ၄,၂၉၁ ခုရှိကာ ငှားရန်းအသုံးပြုမှု အချိုးအစား ၂ ဒသမ ၂ ဆ ရှိသောကြောင့် မိခင်နိုင်ငံ မလေးရှားပြီးလျှင် ငှားရန်းအသုံးပြုမှု အများဆုံးဖြစ်သည်။
Edotco Myanmar သည် လုပ်ငန်းနေရာပေါင်း ၉၄၅ ခု ရှိကြောင်းလည်း ထိုစာရင်းတွင် ဖော်ပြထားသည်။
ထိုအရောင်းအဝယ်သည် ၁၂ လအတွင်း ပြီးစီးမည်ဟု မျှော်လင့်ရသည်။
ကိုးကား ။ ။ Capacity Media သတင်း Exclusive: Edotco selling Myanmar towers to former investor, sources say
You may also like these stories:
မိုဘိုင်းဖုန်း ဝန်ဆောင်မှုလုပ်ငန်းများ စစ်ကောင်စီထိန်းချုပ်မှုကြောင့် မရေရာ
စစ်တပ်နှင့် ပတ်သက်နေကြောင်း ဖော်ထုတ်ခံရပြီး ရိုးမဘဏ်ကို IFC လမ်းခွဲ
ကမ္ဘာ့ဘဏ် အထောက်အပံ့ရ ရိုးမဘဏ်နှင့် စစ်တပ်ပိုင် Mytel တို့ ပူးပေါင်းဆောင်ရွက်နေ
တယ်လီနောပိုင် Wave money ရှယ်ယာများ ရိုးမအုပ်စုသို့ ရောင်းမည်
မြန်မာက ရိုးမအုပ်စုနှင့် ဖိလစ်ပိုင်က Ayala Corp ပူးပေါင်း