အတင်းအကျပ် စစ်သားစုဆောင်းမှုကြောင့် မန္တလေးမြို့ရှိ စက်ရုံ၊ အလုပ်ရုံနှင့် စားသောက်ဆိုင်များ အလုပ်လုပ်သည့် လူငယ်အများစု စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်ကုန်သဖြင့် လုပ်သားရှားပါးမှုပြဿနာနှင့် ကြုံနေရကြောင်း မြို့ခံစီးပွားရေး လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။
မန္တလေးမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တဦးက “ဆိုင်ကဝန်ထမ်းတွေထိ ဆွဲမယ်ဘာညာဆိုပြီးကြားတော့ တချို့ ကိုယ့်ရပ်ကိုယ့် ရွာ ပြန်ကြတာတွေလည်းရှိတယ်။ ဆိုင်တွေမှာက လူငယ်ယောက်ျားလေးတွေကို အများဆုံး အသုံးပြုကြတာ ဆိုတော့ ကလေးတွေကလည်းမနေရဲ၊ အလုပ်ရှင်တွေကလည်း မထားရဲတွေ ဖြစ်ကုန်ကြပြီး လက်ရှိ မန္တလေးကဆိုင်တွေ တော် တော်များများမှာ လူငယ်ယောက်ျားလေးတွေ ရှားပါးတဲ့ပြဿနာ ဖြစ်နေတာပေါ့” ဟု ပြောသည်။
မန္တလေးမြို့ရှိ အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ အပါအဝင် ဝန်ဆောင်မှုကို အဓိကပေးရသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်များတွင် ယခင်က တဆိုင်လျှင် အနည်းဆုံး လုပ်သား ၃၀ ကျော်ထိ ရှိသော်လည်း ယခုအခါ ထက်ဝက်ခန့် လျော့နည်းသွားကြောင်း၊ မိန်းကလေး လုပ်သားများထက် ယောက်ျားလေးလုပ်သား ပိုလျော့နည်း သွားခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးစက်မှုဇုန်ရှိ သစ်အချောထည်စက်ရုံတခုမှ တာဝန်ရှိသူတဦးက “ကျနော့် စက်ရုံတခုတည်းမှာတောင် ယောက်ျား လေးအလုပ်သမား ၆၀ ကျော်လောက် ရှိတာမှာ အခု ၃၀ ကျော်က ရွာကို ပြန်ကြတဲ့သူနဲ့ အချို့က ထိုင်းဘက် အလုပ်သွား ကြတာနဲ့ဆိုတော့ တဝက်လောက်လျော့သွားတယ်။ အခုအချိန်က အလုပ်လှိုင်တဲ့အချိန်မဟုတ်လို့ လျော့သွားတာ ပြဿနာ မရှိပေမယ့် အလုပ်ပြန်လှိုင်လာရင် ထွက်သွားကြတဲ့ အလုပ်သမားတွေ အစားပြန်ရဖို့ အခုကတည်းက ချိတ်နေရပြီ။ ဒီလိုပုံစံ အတိုင်း ဆက်သွားနေမယ်ဆိုရင် လုပ်ငန်းတွေ၊ စက်ရုံတွေ နားရတဲ့အထိ ဖြစ်လာနိုင်တယ်” ဟု ရှင်းပြသည်။
၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီက အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေကို စစ်ကောင်စီ လက်အောက်ခံ စစ်တပ်၊ ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးနှင့် ပြည်သူ့စစ် ပါဝင်သည့် ပူးပေါင်းအဖွဲ့များက ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ကာ အသက်ပြည့်မီသူများ၏ နာမည်စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့ပြင် အဆိုပါပူးပေါင်းအဖွဲ့များသည် ဧည့်စာရင်းအကြောင်းပြချက်ဖြင့် လူငယ်များ အပါအဝင် နယ်မြို့များမှတဆင့် မန္တလေးမြို့သို့ လာရောက်အလုပ်လုပ်နေသူများနှင့် ခေတ္တခိုလှုံနေသူများကို ဖမ်းဆီးမှုများ ပြုလုပ်လာသလို တိုက်ပွဲဖြစ်ရာ ဒေသများမှ စစ်ဘေးရှောင်လာကြသူများကိုပါ ပစ်မှတ်ထား ဧည့်စာရင်းစစ်ကာ ဖမ်းဆီးငွေညှစ်ခြင်း၊ စစ်မှုမထမ်းလို၍ ထွက်ပြေးတိမ်းရှောင်ပါက ကျန်ရစ်သူမိသားစုဝင်များအား ဖမ်းဆီးထောင်ချမည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိ ကြောင်း မြို့ခံများက ဆိုသည်။
ဧရာဝတီက ပြုစုထားသည့် စာရင်းများအရ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက်မှစတင်ကာ လက်ရှိ အချိန်ထိ ဧည့်စာရင်းအကြောင်းပြချက်ဖြင့် လူငယ် ၁၈၀ ဦးခန့်ထိ ဖမ်းဆီးခံထားရကြောင်း သိရသည်။
ထို့အတူ စစ်ကောင်စီက လူငယ်များအား ပေါ်တာဆွဲပြီး စစ်တပ်အတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်ခိုင်းစေခြင်းများ ရှိနေ သည်ဆိုသော သတင်းများကြောင့် လုပ်ငန်းရှင်များက လုပ်သားများအပေါ် တာဝန်ယူပေးနိုင်မှုမရှိသဖြင့် လုပ်သားများ နေရပ်ပြန်ကြရသလို မိဘဆွေမျိုးများကလည်း ပြန်လည်ခေါ်ယူနေခြင်းများ ရှိလာကြောင်း သိရသည်။
မန္တလေးစက်မှုဇုန်တွင် အလုပ်လုပ်နေရာမှ နေရပ်ရွှေဘိုနယ်သို့ ပြန်ခဲ့သူ လူငယ်တဦးက “စစ်ကောင်စီက စစ်မှုမထမ်း မနေရ ဆိုပြီး ပေါ်တာတွေ လိုက်ဆွဲနေတယ်ဆိုလို့ အိမ်ကစိတ်မချလို့ အတင်းပြန်ခေါ်နေတာကြောင့် ပြီးခဲ့တဲ့ ၂၅ ရက်နေ့က ပြန်ခဲ့တာ။ အလုပ်လုပ်နေရင်းနဲ့ ကွန်ပျူတာသင်တန်းလည်းတက်နေတာ။ သင်တန်းကြေးတွေလည်း အကုန်သွင်းထားပြီး သား။ သင်တန်းမပြီးခင်ပြန်ခဲ့ရတော့ အများကြီးနစ်နာရတာပေါ့။ ကိုယ့်ဘဝ တိုးတက်ရာတိုးတက်ကြောင်း ကြိုးစားနေတာ တောင် စစ်ကောင်စီရဲ့ စစ်မှုထမ်းဆိုတာကြီးကြောင့် အိပ်မက်တွေပါ ပျောက်ကုန်ရတယ်” ဟု ပြောသည်။
ထိုသို့သော အခြေအနေများကြောင့် လုပ်ငန်းခွင်များတွင် ဝန်ထမ်းလိုအပ်ချက် များလာသဖြင့် ယခင်က သင်္ကြန် ရုံးပိတ် ရက်ရှည်ရှိသည့် ဧပြီလတွင် ဝန်ထမ်းအသစ် ခေါ်ယူခြင်းမျိုး မရှိခဲ့သော်လည်း ယခုအခါ ဧပြီလအတွင်း၌ပင် ဝန်ထမ်း အသစ်ခေါ်ယူခြင်းများ ရှိလာကြောင်း ပြည်တွင်းအလုပ်သမားအရေးဆောင်ရွက်နေသူ ကိုသူရိန်အောင်က ဆိုသည်။
၎င်းက “အခု အလုပ်ထွက်သွားတဲ့သူတွေက ကျွမ်းကျင်လုပ်သားတွေ ဖြစ်နေမယ်ဆိုရင် အလုပ်ရှင်တွေအတွက် ပိုနစ်နာ တယ်။ ထုတ်လုပ်မှုအပိုင်းတွေမှာလည်း နစ်နာတာတွေ ထပ်ဖြစ်ပြန်ရော။ ဒါတွေက ကျနော်တို့ မျက်မြင်တွေ ဖြစ်နေတာ။ စက်ရုံတွေ၊ ကုမ္ပဏီတွေတင် မဟုတ်ဘူး။ ဝန်ဆောင်မှုပေးရတဲ့ ဆိုင်မျိုးတွေမှာလည်း ယောက်ျားလေး အလုပ်သမားတွေ ထွက်ကြတယ်လို့ သိရတယ်။ အဓိကတော့ စစ်မှုထမ်းဥပဒေကြောင့်ပေါ့” ဟု ပြောသည်။
စစ်ကောင်စီအနေဖြင့် လုပ်ငန်းခွင်မှ စစ်မှုထမ်းရန် ပါရှိသွားသူများကို သက်တမ်းပြည့်လွန်ပြီးနောက် ပြန်ခန့်ရမည်ဟု ထုတ်ပြန်ထားသလို အလုပ်သမားဝန်ကြီးဌာနကလည်း လုပ်ငန်းရှင်များအား ခေါ်ယူကာ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုမှုများ လုပ်ထားကြောင်း စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်စီးပွားရေး တဖြည်းဖြည်းကျဆင်းလာပြီး ပြည်သူလူထု စားဝတ်နေရေး ကျပ်တည်း နေသလို ယခု စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးမှု ပြဿနာပါ ပိုတိုးလာဖွယ်ရှိကြောင်း အလုပ်သမားအရေးဆောင် ရွက်သူများက သုံးသပ်ပြောဆိုသည်။
ကိုသူရိန်အောင်က “စစ်မှုထမ်းဥပဒေကြောင့် လူငယ်တော်တော်များများ တိုင်းပြည်ကနေ ထွက်ခွာနေကြတယ်။ တရုတ်နဲ့ ထိုင်းကတော့ အရေအတွက်များများနဲ့ သွားနေကြတာပေါ့။ အရင်က လုပ်ငန်းခွင်တခုတည်းကနေ သွားတယ်ဆိုတာက တယောက်နှစ်ယောက်ပေါ့။ အခုကျ အဲဒီလိုမဟုတ်ဘဲ လှိုင်းလုံးကျွတ် ထွက်နေတာမျိုး၊ လှိုင်းလုံးကျွတ်ဆိုတာက အရေအတွက်အားဖြင့် ၇/၈/၁၀ ယောက်။ လုပ်ငန်းခွင်တခုတည်းက အဆိုင်းလိုက် ထွက်တာမျိုးပေါ့။ အချို့ဆိုရင် ၁၀ ယောက်အထက်မှာ ရှိတယ်” ဟု ပြောသည်။
၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ လူဦးရေ ၅၅ သန်းတွင် လုပ်သားအင်အား ၃၃ ဒသမ ၉၃၄ သန်းရှိပြီး အမျိုးသားဦးရေ ၁၅ ဒသမ ၅၅၃ သန်း၊ အမျိုးသမီး ၁၈ ဒသမ ၃၈၃ သန်းအနက် လက်ရှိ လုပ်ငန်းခွင်များအတွင်း ဝင်ရောက် လုပ်ကိုင်နေမှုမှာ ၂၁ ဒသမ ၇၉ သန်းရှိကြောင်း၊ လုပ်ငန်းခွင်အတွင်း ဝင်ရောက်လုပ်ကိုင်နေသည့် လုပ်သားအင်အားများထဲ စစ်မှုထမ်းဥပဒေအရ အကျုံးဝင်နေသူ အမျိုးသား ၄ ဒသမ ၂ သန်းကျော်၊ လူငယ်အမျိုးသမီး ၃ ဒသမ ၅ သန်းကျော် စုစုပေါင်း ၈ သန်းခန့်ရှိကြောင်း သိရသည်။
စီးပွားရေးပညာရှင် ဦးစိန်ဌေးက “စစ်မှုထမ်းဥပဒေကြောင့် အဲဒီလူတွေ လျော့သွားနိုင်တယ်။ ဒါကြောင့် လုပ်သားအင်အား ထုကိုလည်း ဆုံးရှုံးစေနိုင်တယ်။ တိုင်းပြည်အတွက် လူသားအရင်းအမြစ် ဆုံးရှုံးမှုတွေ ဖြစ်တယ်။ လုပ်ငန်းတွေ လည်ပတ် နိုင်ဖို့အတွက်လည်း လုပ်သားရှားပါးမှုတွေ ရင်ဆိုင်ရနိုင်တယ်” ဟု ဆိုထားသည်။
လုပ်သားရှားပါးလာမှုကြောင့် နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန် တန်ဖိုးစုစုပေါင်း (GDP) လည်း ယခုထက် ပိုကျဆင်းလာနိုင်ဖွယ်ရှိနေသလို ဖိနပ်စက်ရုံ၊ အထည်ချုပ်စက်ရုံကဲ့သို့သော လုပ်သားအင်အား အများဆုံးအသုံးပြုရသည့် လုပ်ငန်းများ ထပ်မံတိုးချဲ့ခြင်းမျိုး မရှိနိုင်တော့ကြောင်း၊ ယခုအခါ အမျိုးသားလုပ်သား ရှားပါးနေပြီး အမျိုးသမီးလုပ်သား လျော့ကျခြင်းမျိုး မရှိသေးသော်လည်း အမျိုးသမီးများပါ စစ်မှုထမ်းဆောင်လာရမည်ဆိုပါက လုပ်သားရှားပါးမှုဂယက်မှာ ပိုမိုဆိုးရွာလာနိုင်ဖွယ်ရှိကြောင်းလည်း အလုပ်သမားအရေးဆောင်ရွက်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုထားသည်။
စစ်မှုထမ်းဥပဒေအရ ပထမဆုံး သင်တန်းအပတ်စဉ်ကို မေလဆန်းတွင် ဖွင့်လှစ်သွားမည်ဟု စစ်ကောင်စီက ထုတ်ပြန် အသိပေးထားသော်လည်း မတ်လကုန်ပိုင်း၌ပင် ပထမဆုံး စစ်သင်တန်း ဖွင့်လှစ်နေပြီဖြစ်ကြောင်း၊ စစ်မှုထမ်းဥပဒေအရ ၁ နှစ်လျှင် အင်အား ၅ သောင်းနှုန်း ခေါ်ယူပြီး သင်တန်းတပတ်စဉ်တွင် လူဦးရေ ၅ ထောင်နှုန်းသာ ခေါ်ယူသွားမည်ဆိုသော် လည်း လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေမှုများအရ ၁ နှစ်လျှင် အင်အား ၁ သိန်းကျော်ထိ ရှိနိုင်ကြောင်း လေ့လာစောင့်ကြည့် သူများက ဆိုသည်။
You may also like these stories:
“လက်ပ်တော့ကိုင်နေတဲ့ လူတွေကို သေနတ်ကိုင်စေချင်နေတယ်”
ထိုင်းဗီဇာလျှောက်ထားမှု ကန့်သတ်ချက် ပြည်ပအမြန်ထွက်လိုသူများ အခက်တွေ့
မြန်မာလုပ်သားတွေ တရုတ်နိုင်ငံကို အစုလိုက်အပြုံလိုက်ထွက်ခွာနေ