ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက ပိတ်ဆို့ထိန်းချုပ်ထားပြီး နောက် တဖက် ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်သို့ လေယာဉ်စေလွှတ်ကာ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ခေါ်ယူမည့် အစီအစဉ်အား စစ်ကောင်စီဘက်က ဖျက်သိမ်းလိုက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရှိသူ Thanawat Sirikul က ယနေ့ပြောဆိုကြောင်း Khaosod သတင်းဌာနက ဖော်ပြသည်။
စစ်ကောင်စီအနေဖြင့် ယခင်က ဧပြီ ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် မဲဆောက်လေဆိပ်သို့ လေယာဉ်ခရီးစဉ်များစေလွှတ်ကာ တပ်ဖွဲ့ဝင်များ ပြန်ခေါ်နိုင်ရေး ထိုင်းနိုင်ငံထံ တောင်းဆိုထားခြင်းဖြစ်သည်။
ထိုတောင်းဆိုမှုအရ ယမန်နေ့ညပိုင်းတွင် မဲဆောက်သို့ စစ်ကောင်စီလေယာဉ်တစင်းရောက်ရှိလာခဲ့ပြီး ငွေကြေးအမြောက်အမြားနှင့်အတူ လူပုဂ္ဂိုလ်အချို့အား တင်ဆောင်ကာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြကြသည်။
ထိုလေယာဉ်ခရီးစဉ်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ် ဆတ်သာ သာဗီဆင်က စစ်သားများပါဝင်ခြင်း မရှိဘဲ လက်နက်မဲ့ အရပ်သားအချို့သာ မဲဆောက်လေဆိပ်မှ ထွက်ခွာသွားခြင်းဖြစ်ကြောင်း ယနေ့ ထုတ်ဖော် ပြောဆိုခဲ့သည်။
စစ်ကောင်စီ၏ လေယာဉ်ခရီးနှင့် ပတ်သက်ပြီး နောက်ထပ် နှစ်ခေါက်အား မဲဆောက်လေဆိပ်တွင် ဆင်းသက်ရန် ထိုင်းဘက်က ခွင့်ပြုပေးထားသော်လည်း ယနေ့တွင် စစ်ကောင်စီဘက်က အကြောင်းပြချက်မရှိဘဲ ထပ်မံခေါ်ယူမည့်အစီအစဉ်များအား ဖျက်သိမ်းသွားခြင်းဖြစ်ကြောင်းလည်း Thanawat Sirikul က ပြောထားသည်။
KNLA ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ယခုရက်ပိုင်းအတွင်း မြဝတီမြို့အနောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ သင်္ဃန်းညီနောင်မှ တပ်ရင်းဌာနချုပ်များအား ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီတပ် အရာရှိ၊ စစ်သည်နှင့် မိသားစုဝင် စုစုပေါင်း ၆၀၀ ဦးကျော်က လက်နက်ချအညံ့ခဲ့သည်။ သို့သော် မြို့စောင့်တပ် ခလရ-၂၇၅ ကမူ လက်နက်ချရန် ငြင်းဆန်နေသည်။
သင်္ဃန်းညီနောင်အား သိမ်းပိုက်ပြီးနောက် မြဝတီမြို့ရှိ တပ်ရင်းစခန်းအား လက်နက်ချအညံ့ခံရန် ညှိနှိုင်းလျက်ရှိနေချိန်တွင် မြဝတီအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းအချို့ ဗိုလ်မှူးကြီး စောချစ်သူ၏ နယ်မြေ ရွှေကုက္ကိုလ်သို့ ထွက်ပြေးကြသလို တချို့က ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ခိုလှုံရန် ကြိုးပမ်းမှုများရှိနေကြောင်း Khaosod သတင်းက ယမန်နေ့က ဖော်ပြသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီကမူ လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ပြီး ကာယကံရှင်များ၏ သဘောဆန္ဒမပါဝင်ဘဲ မည်သူကိုမျှ စစ်ကောင်စီထံ ပြန်လည်ပေးပို့မည် မဟုတ်ကြောင်း ယနေ့တွင် မီဒီယာများထံ ထုတ်ဖော်ပြောဆိုထားသည်။
မဲဆောက်လေဆိပ်သို့ စစ်ကောင်စီလေယာဉ်ဆင်းသက်မှုနှင့်ပတ်သက်ပြီး Move Forward ပါတီ၏ အတိုင်ပင်ခံဖြစ်သူ ဖိထာကလည်း စစ်ကောင်စီလေယာဉ် ခရီးစဉ်နှင့် ပတ်သက်ပြီး ယနေ့တွင် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် ထိုင်းအစိုးရအား မေးခွန်းထုတ်ခဲ့ပြီး စစ်ကောင်စီလေယာဉ်များ မဲဆောက်လေဆိပ်သို့ ဆင်းသက်ခွင့်ပြုခဲ့သည့် အခြေအနေအား ပြည်သူများထံ အသေးစိတ်ဖွင့်ချ အသိပေးသင့်ကြောင်း ပြောထားသည်။
လူသားချင်းစာနာထောက်ထားမှုအရ စစ်သုံ့ပန်းများအား အကူအညီပေးရမည်ဖြစ်သော်လည်း ဒုက္ခသည်များ ထိုင်းနိုင်ငံဘက် ပိုမိုခိုလှုံလာစေသည့် စစ်ကောင်စီအား အကူအညီပေးနေခြင်းနှင့် လူသားချင်းစာနာမှုအရ အကူအညီပေးမှုမျိုးတို့အား ကွဲပြားစေရန် အချက်အလက် အသေးစိတ်နှင့် မူဝါဒအကုန် ချပြသင့်ကြောင်းလည်း ဖိထာက ပြောထားသည်။
ယခုအခါ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကမြို့ဖြစ်သော မြဝတီရှိ အစိုးရရုံးများ ပိတ်ထားပြီး မြို့ခံလူထုအနေဖြင့် တိုက်ပွဲများ မြို့တွင်းထိ ကျယ်ပြန့်ရောက်ရှိလာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
You may also like these stories:
မြဝတီကို KNLA ပူးပေါင်းတပ်များ ထိန်းချုပ်
ဖာပွန်ကို အလုံးစုံ ထိန်းချုပ်နိုင်ရေး KNU ဆက်လက်စစ်ဆင်
ကော့ကရိတ်ထိုးစစ်နှင့် နေရပ်မပြန်နိုင်သေးသော စစ်ရှောင်များ
နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာလေတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
မြန်မာ့ငြိမ်းချမ်းရေးအတွက် “လူဖြူကယ်တင်ရှင်များ” မလိုအပ်