ထိုင်း-မြန်မာ အဓိကနယ်စပ်မြို့ မြဝတီကို စစ်ကောင်စီဆန့်ကျင်ရေး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်လာအပြီး နှစ်ဘက်ညှိနှိုင်းပေးရန် ထိုင်းဝန်ကြီးချုပ် ဆက်ထာထဝီဆင်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့က ကြားဝင်ဖြန်ဖြေပေးချင်ကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြကြသည်။
၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့သော မြန်မာစစ်တပ်သည် အင်အားချိနဲ့လာသောကြောင် ယခုအချိန်သည် မြန်မာနှင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် အချိန်ကောင်းဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆက်ထာ ထာဝီဆင်က Reuters သတင်းဌာနသို့ပြောကြားလိုက်သည်။
မြဝတီမြို့အပါအဝင် စစ်စခန်းနှင့် မြို့အများအပြားကို စစ်ကောင်စီဆန့်ကျင်ရေး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လာနေသောကြောင့် မြန်မာစစ်တပ်သည် စစ်မျက်နှာများစွာတွင် ပုန်ကန်မှုများကို အသေအလဲ ခုခံနေရသည်။
“လက်ရှိ စစ်ကောင်စီဟာ ခွန်အားတချို့ စတင်ဆုံးရှုံးနေပြီ” ဟု ဆက်ထာက ဆမွီ အပမ်းဖြေစခန်းကျွန်းတွင် တနင်္ဂနွေနေ့က ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုတွင်ပြောပြီး “သူတို့ ရှုံးနေပေမယ့် သူတို့မှာ အာဏာရှိတယ်။ လက်နက်ရှိသေးတယ်” ဟု သူ ဆက်လက်ပြောကြားသည်။
“အခုအချိန်က ဆက်သွယ်ပြီးသဘောတူညီချက်ရယူရမယ့် အချိန်ဖြစ်နိုင်တယ်” ဟု သူပြောသည်။
တချိန်တည်းတွင်ပင် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကလည်း ဖနွမ်းပင်မြို့၌ မြန်မာသံအမတ် ဦးကျော်စိုးမင်းနှင့် တွေ့ဆုံရာတွင် မြန်မာ့အကျပ်အတည်း ဖြေရှင်းရန် ရည်ရွယ်ပြီး စကားပြောကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဗီဒီယိုအစည်းအဝေးခေါ်ယူချင်ကြောင်း ပြောဆိုသည်။
ယင်းတို့သည် မြဝတီမြို့အနီး သင်္ကန်းညီနောင်ရှိ စစ်ဗျူဟာစခန်းကုန်းများအား ကရင် ပူးပေါင်းတပ်ဖွဲ့များက သိမ်းယူအပြီး ဖြစ်သည်။
လူသားချင်းစာနာမှု ထိုင်း အစီအစဉ်
လွန်ခဲ့သော သြဂုတ်လတွင် ဆက်ထာ အာဏာရလာပြီးနောက် ထိုင်းနိုင်ငံသည် ပဋိပက္ခဖြစ်နေသည့် အုပ်စုများအကြား တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ပေးရန် ရည်ရွယ်သည့် လူသားချင်းစာနာမှု အစီအစဉ်အရ မြန်မာသို့ အကူအညီများပေးခြင်း အပါအဝင် မြန်မာနှင့် ထိတွေ့ဆက်ဆံမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။
ထိုင်းပါလီမန်သည်လည်း မြန်မာနိုင်ငံရေးအခြေအနေနှင်ပတ်သက်သည့် ဆွေးနွေးပွဲတခုကို လွန်ခဲ့သောလက လက်ခံကျင်းပသည်။ ထိုဆွေးနွေးပွဲကို စစ်ကောင်စီက ကန့်ကွက်သော်လည်း စစ်တပ်ဆန့်ကျင်သည့် အတိုက်အခံများ တက်ရောက်ခဲ့သည်။
မြန်မာသည် ထိုင်းနိုင်ငံအတွက် လွန်စွာအရေးကြီးပြီး သူနှင့် အခြားထိုင်းအရာရှိများသည် မြန်မာမှ သက်ဆိုင်သူ အမျိုးမျိုးနှင့် တရုတ်နှင့်အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံတကာမိတ်ဘက်များနှင့် ဆွေးနွေးနေကြောင်း ဆက်ထာ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ လုံခြုံရေးဌာနများ ပါဝင်သည့် အရေးပေါ်အစည်းအဝေးတခုကို ထိုင်းဝန်ကြီးချုပ်က ယနေ့ နံနက်ပိုင်းတွင် ခေါ်ယူခဲ့သည်။
စစ်ကောင်စီအနေဖြင့် ယခင်က ဧပြီ ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် မဲဆောက်လေဆိပ်သို့ လေယာဉ်ခရီးစဉ်များစေလွှတ်ကာ တပ်ဖွဲ့ဝင်များ ပြန်ခေါ်နိုင်ရေး ကနဦး ထိုင်းနိုင်ငံထံ တောင်းဆိုခဲ့သည်။ သို့သော် ဧပြီ ၇ ရက် ညပိုင်းတွင် အရပ်ဘက် လေယာဉ်တစီးသာ ရောက်လာခဲ့ပြီး နောက်ထပ် လေယာဉ်များ ရောက်မလာခဲ့ပေ။
ထိုသို့ ထိုင်းအစိုးရအနေဖြင့် လက်ခံခဲ့ခြင်းအား ထိုင်းအတိုက်အခံ ရှေ့သို့ချီပါတီ အကြံပေး ဖိထာလင်မ်ဂျာရွန်ရွတ်က မေးခွန်းထုတ်ခြင်းအပါအဝင် ထိုင်းသတင်းမီဒီယာများ၏ အာရုံစိုက် ရေးသားမှုကို ကြုံကြရသည်။
ထိုင်းနိုင်ငံသည် နိုင်ငံတကာ ပဋိပက္ခများတွင် ဘက်လိုက်မည်မဟုတ်ဘဲ ထိုင်းနိုင်ငံ၏ မူဝါဒမှာ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးဖြစ်ကြောင်း အစိုးရပြောခွင့်ရသူ ချိုင် ဝက်ချာရွန်က မြန်မာနိုင်ငံအခြေအနေအပေါ် မီဒီယာ မေးမြန်းမှုများနောက်ပိုင်း တနင်္လာနေ့က ကြေညာချက် တစောင်တွင်ပြောသည်။
You may also like these stories:
ထိုင်းအကူအညီဖြင့် မြဝတီမှ ဆုတ်ခွာရေး စစ်ကောင်စီ ဖျက်သိမ်း
ကချင်နှင့် ရခိုင်ဒေသထိုးစစ် တရုတ်ကြားဝင်မလား
ရခိုင်ကို တည်စဉ်းစားလာသော တရုတ်တို့၏ ခြေလှမ်းများ
စစ်ကောင်စီ၏ အကျပ်အတည်း တဖြည်းဖြည်း ကြီးထွားလာ