အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron သည် မြန်မာမှ အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြစ်တင်ရှုတ်ချကာ မြန်မာမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကြေညာပြီး နှစ်နှစ်ကျော် အကြာတွင် ရတနာ ဓာတ်ငွေ့လုပ်ကွက်မှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ပြောခွင့်ရသူတဦးက ဧပြီလ ၈ နေ့တွင် ပြောသည်။
ထိုဓာတ်ငွေ့လုပ်ကွက်မှ Chevron ၏ ရှယ်ယာပိုင်ဆိုင်မှု (၄၁ ဒသမ ၁ ရာခိုင်နှုန်း) ကို ရောင်းချခြင်း မပြုဘဲ ကျန်ရှယ်ယာရှင်များဖြစ်သည့် ထိုင်းနိုင်ငံမှ PTT Exploration and Production နှင့် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သို့ ခွဲဝေပေးသည်။
ထိုဓာတ်ငွေ့လုပ်ကွက်ကို စီမံသူ PTTEP က ရတနာလုပ်ကွက်တွင် ၎င်း၏ရှယ်ယာ ပိုင်ဆိုင်မှုသည် (၆၂ ဒသမ ၉၆ ရာခိုင်နှုန်း) သို့ တိုးသွားကြောင်း ဧပြီလ ၅ ရက်နေ့တွင် ပြောသည်။
“ယခုကဲ့သို့ ဆုတ်ခွာခြင်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် ဆက်လက် ဖြစ်ပေါ်နေသည့် လူသားချင်းစာနာမှု အကျပ်အတည်း နောက်ပိုင်း မြန်မာမှ ထွက်ခွာရန် မိမိတို့၏ ရည်ရွယ်ချက်ကို စနစ်တကျ ထိန်းချုပ်ထားသော ပုံစံဖြင့် အလုပ်ဖြစ်စေသည်” ဟု Chevron ပြောခွင့်ရသူတဦးက ပြောသည်။
ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ်တွင် စစ်တပ်က ဖြုတ်ချပြီးနောက် မြန်မာနိုင်ငံအခြေအနေ ဖရိုဖရဲဖြစ်နေသည်။ ထိုအချိန်မှ စတင်ပြီး အတိုက်အခံများကို ဖြိုခွဲခြင်းသည် တိုင်းရင်းသား လက်နက်ကိုင် တပ်မတော် များစွာက ထောက်ခံသည့် နိုင်ငံတဝန်း တော်လှန်မှုကို ဖြစ်စေသည်။
မုတ္တမပင်လယ်ကွေ့တွင် တည်ရှိသော ရတနာဓာတ်ငွေ့လုပ်ကွက်သည် တနှစ်လျှင် ဓာတ်ငွေ့ ၆ ဘီလီယံ ကုဗမီတာ (၂၁၂ ဘီလီယံ ကုဗပေ) ထုတ်လုပ်ပြီး ထိုဓာတ်ငွေ့၏ ၇၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ တင်ပို့ကာ (၃၀ ရာခိုင်နှုန်းခန့်) ကို ပြည်တွင်းအသုံးပြုရန် MOGE သို့ ပေးသည်။
၂၀၂၁ ခုနှစ် ကတည်းက MOGE ကို စစ်ကောင်စီက သိမ်းပိုက်ခြယ်လှယ်နေသည်။
မြန်မာမှ ထွက်ခွာမည်ဖြစ်ကြောင်း Chevron က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ကြေညာပြီး ရတနာ ဓာတ်ငွေ့လုပ်ကွက်မှ ၎င်း၏ ပိုင်ဆိုင်မှုများကို ရောင်းချမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကြေညာခဲ့သော်လည်း ထိုသို့လုပ်မည့်အစား နိုင်ငံမှ ထွက်ခွာသွားသည်။
တော်လှန်ရေး အင်အားစုများကို နှိမ်နင်းရာတွင် စစ်တပ်သည် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်သည်ဟု လူ့အခွင့်အရေးအဖွဲ့များနှင့် ကုလသမဂ္ဂကျွမ်းကျင်သူများက စွဲချက်တင်ထားသည်။
စစ်ကောင်စီက ၎င်းတို့သည် အကြမ်းဖက်သမားများကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟုဆိုကာ တိုက်ခိုက်မှုရပ်ရန် နိုင်ငံတကာ တောင်းဆိုမှုကို လျစ်လျူရှုသည်။
၂၀၂၁ ခုနှစ်တွင် ပြင်သစ် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းအုပ်စု TotalEnergies နှင့် Chevron တို့သည် ရတနာလုပ်ကွက်မှ မြန်မာစစ်ကောင်စီသို့ပေးမည့် ပေးချေမှုအချို့ကို ဆိုင်းငံ့ခဲ့သောကြောင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ၏ ချီးကျူးဂုဏ်ပြုခံရသည်။ TotalEnergies သည် ၂၀၂၂ ခုနှစ်တွင် မြန်မာမှ ထွက်ခွာသွားသည်။
ထိုဓာတ်ငွေ့စီမံကိန်းမှ မြန်မာစစ်ကောင်စီသို့ ငွေပေးချေမှုများအတွက် လူမှုအခြေပြု အဖွဲ့အစည်းများ၏ ရေရှည်ဖိအားပေးမှုကြောင့် Chevron သည် မြန်မာမှ ထွက်ခွာသွားကြောင်း အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း Justice for Myanmar က ပြောသည်။
Chevron က ၎င်းတို့သည် နိုင်ငံတကာဥပဒေနှင့် ကုန်သွယ်ရေး ပိတ်ဆို့မှုများနှင့်အညီ မြန်မာမှ ထွက်ခွာခြင်းကို တာဝန်သိသိ၊ စနစ်တကျ၊ ဘေးကင်းလုံခြုံသောပုံစံဖြင့် ပြုလုပ်ခဲ့ကြောင်း ပြောသည်။
အမေရိကန် နိုင်ငံသားများက MOGE သို့ ပေးနေသည့် ဘဏ္ဍာရေးဝန်ဆောင်မှုအချို့ကို သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက လွန်ခဲ့သော နိုဝင်ဘာလတွင် ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့ပြီး စစ်ကောင်စီ ထိန်းချုပ်ထားသည့်လုပ်ငန်းတခု အားနည်းသွားစေရန် ပထမဆုံး တိုက်ရိုက်အရေးယူမှု ဖြစ်လာသည်။
ကုမ္ပဏီတခုချင်းစီ၏ အခြေအနေများနှင့် ပတ်သက်ပြီး မှတ်ချက်ပေးမည် မဟုတ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနက ပြောသည်။
ကိုးကား ။ ။ Reuters သတင်း Chevron hands Myanmar gas field stake to junta, Thailand’s PTTEP
You may also like these stories:
Chevron ထွက်ပြီးနောက် MOGE ကိုအရေးယူရန် တောင်းဆိုမှု အားကောင်းလာ
ဓာတ်ငွေ့ပိုက်လိုင်း အကျိုးအမြတ် MOGE ကို ထုတ်မပေးရန် Total နှင့် Chevron သဘောတူ
MOGE ကို အကျိုးအမြတ် ခွဲဝေမပေးရန် PTTEP ကို NUG သတိပေး
ပြည်ပလုပ်ငန်းများ ထွက်ခွာသောကြောင့် သဘာဝဓာတ်ငွေ့ဝင်ငွေ ကျပ်တည်းလာ