ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်မျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများမှာ စိုးရိမ်နေကြသည်။
မြဝတီမြို့ရှိ ခလရ ၂၇၅ တပ်ရင်းအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ် မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များ ယနေ့ ညနေ ၃ နာရီခန့်မှ စ၍ တိုက်ခိုက်နေကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံက သိရသည်။
KNLA/PDF တပ်ပေါင်းစုအနေဖြင့် သင်္ဃန်းညီနောင်ဗျူဟာကုန်းသိမ်းပိုက်ပြီးနောက် မြဝတီမြို့တွင် တခုတည်းကျန်ရှိသော ခလရ ၂၇၅ တပ်ရင်းအား လက်နက်ချရန် ပြောဆိုထားသော်လည်း ယနေ့မနက်ပိုင်းထိ လက်နက်မချဘဲ ပြန်လည် ခုခံနေသည်။ ခလရ ၂၇၅ တပ်ရင်းတွင် တပ်မ ၄၄ တပ်မမှူးလည်း ရှိနေကြောင်း သိရသည်။
သင်္ဃန်းညီနောင်ဗျူဟာနှင့် တပ်ရင်းများအားလုံးကို KNLA ပူးပေါင်းတပ်များက ဧပြီ ၅ ရက်တွင် အပြီးသတ် ထိုးစစ်ဆင် သိမ်းပိုက်ရရှိပြီးနောက် မြဝတီမြို့ရှိ ခလရ ၂၇၅ တပ်များနှင့် ၄ ရက်ကြာ နှစ်ဖက်ညှိနှိုင်းမှုများပြုလုပ်ခဲ့ရာ အဆင်ပြေမှု မရှိဘဲ ပြန်လည်တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။
ယနေ့ ညနေပိုင်းတွင် ခလရ ၂၇၅ အား KNLA ပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့ကြသဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်က လေကြောင်းဖြင့် ခလရ-၂၇၅ အနီး စိမ်းလဲ့မြိုင်ကားဝင်းဘက် ဗုံးကြဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အမှတ် (၁) အနီးတွင် ယနေ့ နေ့လယ် ၃ နာရီခန့်မှစပြီး ကရင်ပူးပေါင်းတပ်အင်အား ဆယ်ဂဏန်းဖြင့် နေရာယူထားသည်ကို တွေ့ရသည်။
လက်ရှိ မြို့ပေါ်၌ ကျန်နေသေးသည့်သူများမှာလည်း စစ်ရေးအခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ်သည်။
မြဝတီမြို့ခံ အမျိုးသမီးတဦးက “ပြောင်းတာတော့ ပိုက်ဆံ တတ်နိုင်တဲ့သူတွေတော့ ပြောင်းကုန်ကြပြီ။ လက်လုပ်လက် စားသမားတွေ၊ ဈေးသည်တွေနဲ့ ကျမတို့လို ပိုက်ဆံမတတ်နိုင်သူတွေ အများကြီး ကျန်နေတယ်” ဟု ပြောသည်။
မြဝတီ ဝါးတောဘက်၌ နေထိုင်သူအမျိုးသားတဦးက “အခုမနက်ကတည်းက အထုပ်တွေပြင်ပြီး အခြေအနေ စောင့်ကြည့်နေတာ။ ပြောင်းတော့ မပြောင်းရသေးဘူး” ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးဆိုင်ရာ ရုံးများလည်း ပိတ်သွားခဲ့သည့်အပြင် ဘဏ်များလည်း ယနေ့၌ ပိတ်သွားကြောင်း ဒေသခံများက ဆိုသည်။
မြဝတီမြို့ ဈေးအနီး၌ နေထိုင်သူဒေသခံအမျိုးသမီးတဦးက “မနေ့က ဘဏ်က အချိန်ပိုင်းဖွင့်သေးတယ်။ ၅ သိန်းပဲ အများဆုံး ထုတ်လို့ရတယ်။ ဒီနေ့တော့ ပိတ်သွားပြီ” ဟု ပြောသည်။
မြဝတီမြို့အနီး သင်္ဃန်းညီနောင်တွင် ပြီးခဲ့သည့် မတ်လ ပတမအပတ်ကတည်းက တိုက်ပွဲများဖြစ်ခဲ့သောကြောင့် သင်္ဃန်းညီနောင်နှင့် ဝှေ့ရှမ်းတို့မှ အပါအဝင် အနီးအနားဝန်းကျင်ရှိ ရွာများမှ စစ်ရှောင်များသည် မြဝတီမြို့ပေါ် ဘုန်းကြီးကျောင်းများ၌ ခိုလှုံနေဆဲ ဖြစ်သလို တချို့မှာမူ ထိုင်းဘက်ခြမ်း မဲဆောက်ဘက်သို့ ကူးလာကြကြောင်း သိရသည်။
စစ်ရှောင်များကို ကူညီပေးနေသူ မြဝတီမြို့ခံ တဦးက “ရှောင်ကြတာက ဘုန်းကြီးကျောင်းတွေမှာ များတယ်။ အမှတ် ၅ ရေပူတောင်ပေါ်ကျောင်းနဲ့ ချောင်းဆုံကျောင်းတွေမှာပဲ ၃၀၀၀ လောက် ရှိတယ်။ အခြားနေရာတွေရောဆို စစ်ရှောင်က ၅၀၀၀ လောက်ရှိတယ်” ဟု ပြောသည်။
မြဝတီမြို့ပေါ်နှင့် အနီးနားကျေးရွာများရှိ ကြိုတင်ရှောင်ရှားသူများမှာ ငွေကြေးတတ်နိုင်သူများ၊ အခြားနေရာ၌ ဆွေမျိုး လူခံနှင့် မိသားစုဝင် ရှိနေသူများ ပိုများသည်ဟု ဒေသခံများကပြောသည်။
မြဝတီ အမှတ် ၅ ရပ်ကွက်မှ ထိုင်းနိုင်ငံမဲဆောက်ဘက်ကို ယနေ့၌ ရှောင်လာသူ အမျိုးသမီးတဦးက “ကျမတို့က ဒီဘက် မှာ အစ်မတွေရှိလို့ ကြိုရှောင်လာခဲ့တာ။ နှစ်ပတ်လောက် အခြေအနေတွေ ကြည့်ပြီးပြန်ဝင်ဖို့ စဉ်းစားထားတယ်” ဟု ပြောသည်။
မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားပေါ်တွင် မဲဆောက်ဘက်သို့ ဝင်ရောက်လာသူများမှာ ယခင်နေ့များထက် ယနေ့တွင် ပိုမိုများလာပြီး နံနက်အစောပိုင်း၌ တံတားကူးလက်မှတ် သက်တမ်းသွားသူများပင်လျှင် အချိန် နာရီနှင့်ချီ၍ တန်းစီစောင့်ဆိုင်းနေခဲ့ကြရသည်။
You may also like these stories:
မြဝတီကို KNLA ပူးပေါင်းတပ်များ ထိန်းချုပ်
ထိုင်းအကူအညီဖြင့် မြဝတီမှ ဆုတ်ခွာရေး စစ်ကောင်စီ ဖျက်သိမ်း
ဖာပွန်ကို အလုံးစုံ ထိန်းချုပ်နိုင်ရေး KNU ဆက်လက်စစ်ဆင်
ကော့ကရိတ်ထိုးစစ်နှင့် နေရပ်မပြန်နိုင်သေးသော စစ်ရှောင်များ
ကြားဝင်ဖြန်ဖြေပေးရန် စစ်ကောင်စီကို ဆက်ထာနှင့် ဟွန်ဆန် ကမ်းလှမ်း